ဦးစံလင်း ပြောတဲ့ ခေါင်းလောင်း ဆယ်ပုံတော်

ရေးသားခဲ့သည်။

မြန်မာပြည်သူတွေ သာမက နိုင်ငံတကာကပါ စိတ်ဝင်စားခဲ့ကြတဲ့ ဓမ္မစေတီ ခေါင်းလောင်းကြီးရှိတဲ့နေရာကို တွေ့ထားသူဆိုသူ ဦးစံလင်းက ၂၀၁၄ ခုနှစ်နောက်ပိုင်း ခေါင်းလောင်း တစ်ကျော့ပြန်ဆယ်ဖို့ အတွက် ဒီနေ့ ရန်ကုန်မှာ သတင်းစာရှင်းပါတယ်။

ရန်ကုန်မြစ်ဝက ဓမ္မစေတီခေါင်းလောင်းကို ရှာဖို့ကို အစိုးရဘက်က အကြောင်းမပြန်ခဲ့တာကြောင့် အခုလို သတင်းစာရှင်းလင်းပွဲ လုပ်ရတာလို့ ဦးစံလင်းက ဘီဘီစီ ကို ပြောပါတယ်။

ရန်ကုန်တိုင်း အစိုးရကို နှစ်ကြိမ်၊ သမ္မတဦးထင်ကျော်လက်ထက်နှစ်ကြီမ်၊ သမ္မတဦးဝင်းမြင့်လက်ထက် သုံးကြိမ်ထိစာတင်ခဲ့ပြီး အကြောင်းမထူးလို့ အခုလိုရှင်းရတာလို့လည်းသူကပြောပါတယ်။

ဒီနေ့သူရဲ့ သတင်းစာရှင်းလင်းပွဲဟာ အရင် ၂၀၁၄ ခုနှစ်ကလောက် သတင်းထောက်တွေရဲ့စိတ်ဝင်စားမှု မရခဲ့ပါဘူး၊ သူ့ကို အစိုးရက ဓမ္မစေတီ ခေါင်းလောင်း ရှာဖို့ ခွင့်မပြုရင်တော့ ပြည်ဟည်းလိမ့်မယ်လို့ ဦးစံလင်းက ပြောပါတယ်။

၂၀၁၄ ခုနှစ်တုန်းက သူ ရှာတုန်းက ခေါင်းလောင်းကြီးနှင့် ပတ်သက်ပြီး ရှာတွေ့သွားပြီလို့ ခေါင်းလောင်းရှာဖွေရေး အဖွဲ့ခေါင်းဆောင် ဦးစံလင်းက ထုတ်ပြန်ခဲ့ပြီး ဓမ္မစေတီ ခေါင်းလောင်းကို မြစ်ထဲကနေ သြဂုတ်လ ၂၆ ရက်နေ့မှာ အပြီးဆယ်မယ်လို့ ပြောခဲ့ပေမယ့် တကယ်တမ်းတော့ ဖြစ်မလာခဲ့ပါဘူး။

အဲဒီတုန်းက ဦးစံလင်းရဲ့ ထုတ်ပြန်ချက်မှာတော့ ဒီခေါင်းလောင်းကို နဂါးတွေက ဆီမီးပူဇော်နေတဲ့အတွက် သတင်းထုတ်ပြန်ဖို့ နောက်ကျရတာ ဖြစ်ပြီး ခေါင်းလောင်းနဲ့ ပတ်သက်တာတွေမှာ မြန်မာ့နည်း မြန်မာ့ဟန် မြန်မာအဆင့် နည်းပညာလျှို့ဝှက်ချက်တွေ ရှိနေတဲ့အတွက် နှုတ်က ထုတ်မပြောနိုင်သေးတာ ဖြစ်တယ်လို့ လည်းသူက ပြောခဲ့ပါတယ်။

ဦးစံလင်းရဲ့ ခေါင်းလောင်းဆယ်ယူမှု သတင်း ထုတ်ပြန်မှုတွေကြောင့် ပြည်သူတွေကြားမှာ ဂမ္ဘီရ ဆန်ဆန် ပြောဆိုမှုတွေ တော်တော်ကျယ်ကျယ် ပြန့်ပြန့်ဖြစ်လာပြီး အများစု က ခေါင်းလောင်းကြီး ဆယ်ယူရေး ကိစ္စကိုသာ ပြောဆို ငြင်းခုန်ခဲ့ကြပါတယ်။ အဲဒီတုန်းက၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး၊ ရွေးကောက်ပွဲကိစ္စ အပါအဝင် နိုင်ငံရေး ကိစ္စတွေကို ခေါင်းလောင်းဆယ်ယူမှု သတင်းက လွှမ်းမိုးသွားခဲ့ပါတယ်။

နတ်တွေ၊နဂါးတွေပြောခဲ့ပေမယ့် နောက်ပိုင်းတော့ ရေငုပ်သမားတွေ ပြန်သွားခဲ့ပြီ ရှာဖွေရေးက ရပ်သွားခဲ့ပါတယ်။

အခုတစ်ခေါက် ဓမ္မစေတီ ခေါင်းလောင်းကို ဆယ်ဖို့က အလှူခံမှာ မဟုတ်ဘဲ အရင်ကကျန်တဲ့ လှူထားတဲ့ငွေတွေနဲ့ ဆယ်မှာလို့ သူက ဘီဘီစီ ကိုပြောပါတယ်။

၂၀၁၄ ခုနှစ်တုန်းက ဓမ္မစေတီ ခေါင်းလောင်းကို မဆယ်နိုင်ခဲ့ရတာဟာ အမည်မသိတဲ့ အဖွဲ့တစ်ဖွဲ့က လာနှောင့်ယှက်လို့လည်း သူကပြောပါတယ် ။

သူ့ကိုလည်း အောက်လမ်းကနေ မသေသေအောင် တိုက်ခဲ့ပြီးတော့ ရေငုပ်သမားတွေလည်း အဲဒီအဖွဲ့က ကျွေးတဲ့ မုန့်တွေကြောင့် ရူးကြောင်ကြောင် ဖြစ်သွားတာလို့လည်း သူကပြောပါတယ်။

ခေါင်းလောင်းဟာ အရင် နေရာမှာပဲ ရှိနေဆဲဖြစ်ပြီးတော့ သြဂုတ်လ တစ်လတည်းသာ ဆယ်လို့ရနိုင်တယ်လို့ ဦးစံလင်းက ဘီဘီစီကို ရှင်းပြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ကလည်း စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့ အနီး ချင်းတွင်းမြစ်အတွင်းကနေ ဓမ္မစေတီ ခေါင်းလောင်းပေါ် မယ်ဆိုပြီး မဟာမြိုင် သဲဖြူဆရာတော် ဦးပညာဇောတက ပြောလို့ လူတွေ အများအပြား လာကြည့်ကြပါတယ် ။

ဒါပေမဲ့ သတ်မှတ်ရက်မှာ ဘာခေါင်းလောင်းမှ ပေါ်မလာခဲ့ပါဘူး။

ဓမ္မစေတီခေါင်းလောင်းကြီးကို ဆယ်ဖို့အတွက် သောင်တူးသင်္ဘောပါ အစိုးရဆီက ခွင့်တောင်းထားပြီး အခု ခေါင်းလောင်းကြီးဟာ ရန်ကုန်မြစ် သုံးခွဆုံမှာပဲ ရှိတယ်လို့လည်းပြောပါတယ်။

ဦးစံလင်းက ဇွန် ၁၈ ရက်မှာ ရန်ကုန်မြို့ City Star ဟိုတယ်တွင်ကျင်းပ တဲ့တင်းစာရှင်းလင်းပွဲမှာ "ဒီခေါင်းလောင်းမပေါ်မချင်း ကျွန်တော် မသေဘူး။ ဒီခေါင်းလောင်းပေါ်မှ ကျွန်တော် သေမယ်။ မသေအောင်လည်း ကိုယ့်ကိုယ်ကို ဂရုစိုက်နေတယ်"လို့လည်းသတင်းထောက်တွေကိုပြောပါတယ် ။

သူ့ကို့ အစိုးရက ဓမ္မစေတီခေါင်းလောင်း ရှာဖို့ခွင့်မပြုရင်တော့ တိုင်းပြည်မှာ ပြည်ဟည်းလိမ့်မယ်လို့ ဦးစံလင်းကဘီဘီစီကို ပြောပါတယ်။