ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တာချီလိတ်မှာ စိတ်ကြွဆေးပြား လေးသန်းကျော်နဲ့ လက်နက်တွေ တွေ့
ရှမ်းပြည်နယ်ထဲမှာ အခုနှစ်ထဲမှာ ပမာဏ အများဆုံး ဖမ်းမိမှုအဖြစ် ပိုင်ရှင်မဲ့ပစ်ထားတဲ့ စိတ်ကြွမူးယစ်ဆေးပြား လေးသန်းကျော်နဲ့ လက်နက်၊ခဲယမ်းတွေကို တပ်မတော်စစ်ကြောင်းက တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
တာချီလိတ်မြို့နယ်၊ ပါးခါးကျေးရွာနားက ရေမြောင်းထဲမှာ စိတ်ကြွမူးယစ်ဆေးပါး ၄.၂သန်းကျော်ရယ်၊ စိတ်ကြွမူးယစ်ဆေးထုတ်တဲ့နေရာမှာအသုံးပြုတဲ့ မူးယစ်ဆေးဆက်စပ်ပစ္စည်းတွေ ဒါ့အပြင် သေနတ်မျိုးစုံ ၉လက်၊ ကျည်အိမ်နဲ့ ခဲယမ်းမျိုးစုံ နှစ်သောင်းလောက်ကို ဇွန်လ ၁၄ရက်နေ့က ပိုင်ရှင်မဲ့သိမ်းဆည်းရမိတာဖြစ်တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ရှမ်းပြည်နယ်ထဲမှာ ဒီနှစ်ထဲ စိတ်ကြွဆေးပြား အများဆုံး နှစ်သန်းကျော်သာဖမ်းမိ ထားတာကြောင့် အခုမ်းဆီးရမိမှုက ဖမ်းဆီးရမိတဲ့အထဲမှာ အများဆုံးဖြစ်တယ်လို့လည်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဇော်အောင်ခင်က ဘီဘီစီကိုပြောပါတယ်။
တပ်မတော်က ဇွန်လ ၁၄ ရက်နေ့က တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ပါခါးကျေးရွာ တစ်ဝိုက်မှာ နယ်မြေရှင်းလင်းရေး လုပ်ချိန် ပါခါးကျေးရွာရဲ့ မြောက်ဘက် ရွာအစွန်ဆုံး အိမ်ဝိုင်းအနောက် ဘက်က ရေးမြောင်းထဲမှာ သစ်ကိုင်းတွေနဲ့ တာလပတ်စတွေနဲ့ ဖုံးအုပ်ထားတဲ့ ပိုင်ရှင်မဲ့ မူးယစ်ဆေးတွေကို တွေ့ရှိခဲ့တာပါ။
အဲဒီ ဖမ်းမိမှုနဲ့ ပတ်သက်ပြီး တပ်မတော်ကလည်း စုံစမ်းဖော်ထုတ်နေပြီး ရဲတပ်ဖွဲ့က တရားခံ စုံစမ်းဖော်ထုတ်ဖို့ ဆက်လုပ်မယ်လို့ ရဲမှူးချုပ်ဇော်အောင်ခင်က ဘီဘီစီကို ပြောပါတယ်။
ရှမ်းပြည်နယ်မှာ ပမာဏများပြားတဲ့ မူးယစ်ဆေးဖမ်းမိမှုတွေ အဖြစ် အခုနှစ်ပိုင်းတွေမှာ ၂၀၁၆ ခုနှစ်က ကွတ်ခိုင်မှာ မက်သာဖက်တမင်းဆေးပြား ၂၁ သန်း ဖမ်းမိမှု၊ ၂၀၁၈ ခုနှစ်က ကွတ်ခိုင်မှာ စိတ်ကြွဆေးပြား သန်း ၃၀ ဖမ်းမိမှုတွေ ရှိခဲ့ပါတယ်။
ရှမ်းပြည်နယ်ဟာ မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး အများဆုံး ထုတ်လုပ်နေတယ်လို့ ကုလ သမဂ္ဂမူးယစ်ဆေးဝါးနဲ့ပြစ်မှုဆိုင်ရာရုံး စစ်တမ်းအရ သိရပါတယ်။