ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လွှတ်တော်အမတ် တွေ နောက် စရဖ လိုက်တာ ဥပဒေနဲ့ အညီပါလို့ ဒု၀န်ကြီး ရှင်း
လွှတ်တော် ကိုယ်စားလှယ်တွေနောက်ကို စစ်ဖက်ရေးရာလုံခြုံရေး တပ်ဖွဲ့ဝင်တွေက နောက်ယောင်ခံလိုက် သတင်းယူနေမူတွေဟာ ဥပဒေနဲ့အညီ ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက မေလ ၁၀ ရက်နေ့က ပြည်သူ့လွှတ်တော်မှာ ရှင်းလင်းသွားပါတယ်။
လွှတ်တော် ကိုယ်စားလှယ်များရဲ့ လှုပ်ရှားမူ့များအပေါ် စရဖလို့ခေါ်တဲ့ စစ်ဖက်ရေးရာလုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ဆောင်ရွက်ချက်တွေဟာ ဥပဒေနဲ့ညီမညီ ကော့သောင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်က ပြည်သူ့လွှတ်တော်မှာ မေးလိုက်တာပါ ။
လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ မဲဆန္ဒရှင်များတွေနဲ့ တွေ့ဆုံပြီး လွှတ်တော် အတွေ့အကြုံတွေ ရှင်းပြတဲ့အခါ၊ ဒေသဆိုင်ရာအာဏာပိုင်တွေက ဖိတ်ကြားတဲ့ အခမ်းအနားကို တက်ရောက်တဲ့ အခါ၊ စရဖ တပ်ဖွဲ့ဝင်တွေက စောင့်ကြည်တာ၊ သတင်းရယူတာနဲ့ ဓာတ်ပုံရိုက် အသံဖမ်းတာတွေ လုပ်ကြတယ်လို့ ဦးခင်ဇော်က ဆိုပါတယ်။
ဒါပေမဲ့ ဒီလိုလုပ်တာဟာ လူသိရှင်ကြား ပွင့်လင်း မြင်သာစွာ ဆောင်ရွက်တဲ့ကိစ္စ၊ အလွယ်တကူ သတင်းရယူနိုင်တဲ့ ကိစ္စတွေ ဖြစ်လို့ ဒီကိစ္စအပေါ် သတင်းရယူခြင်းဟာ ဥပဒေ ချိုးဖောက်ရာ မရောက်ဘူးလို့ ဒီမေးခွန်းနဲ့ ပတ်သက်လို့ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ဖြေခဲ့ပါတယ်။
ဒါပေမဲ့လည်း လွှတ်တော်ကိုယ်စားလှယ် အများစုကတော့ အခုလို သတင်းယူတာကို မနှစ်သက်ကြဘူးလို့ ဆိုပါတယ်။
စရဖလို့ခေါ်တဲ့ စစ်ဖက်ရေးရာလုံခြုံရေး တပ်ဖွဲ့ဝင်တွေအပေါ် လာတွေ့တဲ့ ပြည်သူတချို့က အမြင်တမျိုးရှိပြီး ပြည်သူတွေ တင်ပြမှု မဝံ့မရဲ ဖြစ်မှာစိုးလို့ တားရတာတွေလည်း ရှိတယ်လို့ အိမ်မဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မသန္တာကပြောပါတယ်။၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းက ပြဌာန်းလိုက်တဲ့ နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မူ့နဲ့ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမူ့ကာကွယ်ပေးရေး ဥပဒေမှာတော့ နိုင်ငံသားတစ်ဦးဟာ ဥပဒေနဲ့အညီ သွားလာခွင့်၊ ဆောင်ရွက်ခွင့်၊ ပြောဆိုခွင့် ရှိတယ်လို့ ပြဌာန်း ထားပါတယ်။
စရဖအပါအဝင် ထောက်လှမ်းရေးအဖွဲ့အစည်းတွေအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လှုပ်ရှားမူ့တွေသာမက အရပ်ဖက်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီအချို့ရဲ့ အခန်းအနားတွေ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာပါ လာရောက် သတင်းရယူလေ့ ရှိပါတယ်။