ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရေမလာတာ၊ မြောင်းပုပ်တာ တာဝန်ယူ ဖြေရှင်း ပေးမယ့်သူမျိုးတော့ လိုချင်တယ်
"စည်ပင်နဲ့ ပတ်သက်ပြီးတော့ ဥပမာ ပြောပြမယ်။ ရေကိုပေးချင်တဲ့ အချိန်ပေးတယ်၊ လွှတ်ချင်တဲ့အချိန်ကျမှ လွှတ်တယ်၊ သူတို့လွှတ်တဲ့ရေကို ထိုင်ပြီးတင်ဖို့ လူတစ်ယောက် ငှားထားရမလို ဖြစ်နေတယ်။ အဲဒီလို ပြဿနာတွေ တအားတက်တာ၊ ရေပြတ်တာ၊ မြောင်းပုပ်တာတွေကို ဘယ်သူ့ကို သွားပြောရမလဲ။ ကိုယ်စားလှယ် တစ်ယောက်တော့ ရှိရမယ်။ ဒါပေမယ့် အဲဒီ ကိုယ်စားလှယ်က ပြည်သူကို ကိုယ်စားပြုမှ ရမယ်။"
ဗဟန်းမြို့နယ်မှာ နေထိုင်တဲ့ ဒေါ်ဝင်းဝင်းအေးက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲကြိုနေ့မှာ ဘီဘီစီကို ပြောခဲ့တာ ဖြစ်ပါတယ်။
ရပ်ကွက်နေပြည်သူတွေ လိုအပ်နေတဲ့ အရာတွေ၊ တွေ့ကြုံနေရတဲ့ အခက်အခဲတွေကို အမှန်တကယ် လုပ်ဆောင် ဖြေရှင်း ပေးနိုင်တဲ့ သူကို မဲပေး ရွေးချယ်မယ်လို့ သူက ဆိုပါတယ်။
၂ဝ၁၃ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေကို ဖျက်သိမ်းအပြီး အသစ် ပြန်လည် ရေးဆွဲထားတဲ့ ၂ဝ၁၈ စည်ပင်သာယာ ဥပဒေသစ်နဲ့ ပထမဆုံး အကြိမ် ပြုလုပ်တဲ့ ရွေးကောက်ပွဲ မတ်လ ၃၁၊ တနင်္ဂနွေနေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။
ဒီ ရွေးကောက်ပွဲမှာ ဝင် အရွေးခံကြမယ့် သူတွေကို ကြည့်ရင် နိုင်ငံရေးပါတီ ကိုယ်စားပြုသူတွေ သာမက၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း တွေလည်း ပါဝင်ပြီး အများအားဖြင့် စည်ပင်သာယာရေး လုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ ဆောက်လုပ်ရေး၊ ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်သူတွေပါ ပါဝင်ယှဉ်ပြိုင် ကြတယ်လို့ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့် သူတွေက ပြောပါတယ်။
ဥပဒေသစ် အရ မဲဆွယ်စည်းရုံးရေး ကာလမှာလည်း ကိုယ်စားလှယ်လောင်းတွေဟာ နိုင်ငံရေး ပါတီတွေရဲ့ အလံနဲ့ ကိုယ်စားပြု အမှတ်တံဆိပ်ကို သုံးစွဲပြီး မဲဆွယ်ခွင့်ပြုထားတဲ့ ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။
ရန်ကုန် မြို့တော် စည်ပင် ကော်မတီဝင် နေရာ ၆ နေရာ ၊ ရန်ကုန်မြို့တွင်း ၃၃ မြို့နယ် အတွက် မြို့နယ်အလိုက် ဥက္ကဌ နေရာ၊ မြို့နယ် အလိုက် အဖွဲ့ဝင် ( ၁) နေရာစီ၊ မြို့နယ် အဖွဲ့ဝင် (၂) နေရာစီ အတွက် ရန်ကုန်မြို့နေ ပြည်သူတွေ မဲပေး ရွေးချယ်ကြမှာ ဖြစ်ပါတယ်။
မြို့တော် ကော်မတီဝင် ၆ နေရာ၊ မြို့နယ် ၃၃ မြို့နယ်က ကိုယ်စားလှယ် ၉၉ နေရာ စုစုပေါင်း ကိုယ်စားလှယ် ၁ဝ၅ နေရာ အတွက် ဝင်ရောက် ယှဉ်ပြိုင်လ ရွေးချယ်ခံ ကြမယ့် ကိုယ်စားလှယ်လောင်းတွေ ၂၇၂ ယောက် ရှိတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
စည်ပင် ကိုယ်စားလှယ် ဖြစ်လာပြီ ဆိုရင် လမ်းတံတား၊ ရေမြောင်းစနစ်၊ မိလ္လာ စနစ်၊ လမ်းဘေးဈေးဆိုင်၊ အဆောက်အအုံ စတဲ့ မြို့နယ်လူထု လိုလားချက်တွေကို စီမံလုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။
အခု စည်ပင်ရွေးကောက်ပွဲ ဥပဒေ အသစ်အရ စည်ပင်နယ်နိမိတ် ၃၃ မြို့နယ် အတွင်းမှာရှိတဲ့ အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်းလည်း မဲပေးခွင့် ရရှိမှာ ဖြစ်ပါတယ်။
အခု စည်ပင်ရွေးကောက်ပွဲမှာ မဲရုံပေါင်း ၂၈ဝဝ ကျော် ဖွင့်လှစ်ထားပြီး ၊ မဲရုံတွင်း မဲပုံး ၄ ပုံး ထားရှိကာ နေရာ ၄ ခု အတွက် ကိုယ်စားလှယ် ၄ ယောက်ကို မဲပေးရမယ်လို့ ဆိုပါတယ်။
ရန်ကုန်မြို့အတွင်းမှာ မဲပေးခွင့် ရရှိသူ လူဦးရေ ၃. ၄ သန်း ရှိပြီး အများစုကတော့ မဲပညာပေး ရရှိမှု အားနည်းနေတာကို တွေ့ရတယ်လို့ လေ့လာ စောင့်ကြည့်သူတွေက ဝေဖန်ကြပါတယ်။
ရွေးကောက်ပွဲကို မတ်လ ၃၁ ရက် မှာ မနက် ၆ နာရီ ကနေ ညနေ ၄ နာရီ အထိ ကျင်းပမှာ ဖြစ်ပါတယ်။