မူဆယ်နဲ့ ကျောက်မဲမှာ တစ်နေ့တည်း ပေါက်ကွဲမှု ၂ ခုဖြစ်၊ ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦးသေဆုံး

ရေးသားခဲ့သည်။

ရှမ်းပြည် မြောက်ပိုင်းက မူဆယ်မြို့နဲ့ကျောက်မဲမြို့နယ်အတွင်းမှာ နိုဝင်ဘာ ၁၁ရက်နေ့က မိုင်းပေါက်ကွဲမှု ၂ ခု ဖြစ်ပွား ခဲ့ရာ ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦးသေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေထံက စုံစမ်းသိရှိရပါတယ်။

ပေါက်ကွဲမှု ၂ ခုအနက် ကျောက်မဲမြို့နယ် ခုံငင်းတံတားအနီးမှာ ဖြစ်ပွားခဲ့တဲ့ မိုင်းပေါက်ကွဲမှုမှာ ဆိုင်ကယ် စီးလာတဲ့ ခုံငင်းကျေးရွာသူအမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရသွားခဲ့တာ ဆိုပါတယ်။ ဒဏ်ရာရသူ ၂ ဦးအနက် အသက် ၂၀ ဝန်းကျင်ရှိ မလွေးခမ်းယဉ်ဟာ ဦးခေါင်းနဲ့ လည်ပင်းကိုထိပြီးဒဏ်ရာပြင်းထန်တဲ့အတွက် ကျောက်မဲ ပြည်သူ့ဆေးရုံကို ပို့ဆောင်ပြီးနောက် နိုဝင်ဘာ ၁၁ရက်နေ့ ည ၁၁နာရီ ဝန်းကျင်ခန့်မှာပဲ သေဆုံး သွားခဲ့တယ်လို့ ကျောက်မဲမြို့ခံတစ်ဦး ဖြစ်တဲ့ ကိုသားဇော်က ဘီဘီစီကိုပြောပြပါတယ်။

' ' ဆိုင်ကယ်စီးလာရင်းနဲ့ပဲဖြစ်တာ၊ မြှုပ်ထားတဲ့ မိုင်းထိတာပေါ့၊ တစ်ယောက်ကတော့ မစိုးရိမ်ရဘူး၊ နည်းနည်းပါးပါးပဲ ထိတာ၊ ဒီလမ်းက TNLA (တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်) RCSS (ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ ရှမ်းပြည် တပ်မတော် တောင်ပိုင်း ) ရော နှစ်ဖက် ဥဒဟိုသွားလာလှုပ်ရှားနေတဲ့နေရာပဲ၊ နှစ်ဖက်တပ် တွေက သူယူလိုက်ငါယူလိုက်နဲ့ နေရာဆိုတော့ ဘယ်သူမိုင်းမှန်းတော့မသိနိုင်ဘူး၊ အဲဒီတံတားအနီးက မကြာခဏလည်း မိုင်းက ပေါက်နေတာပဲ၊ ဒေသခံတွေကတော့ ဝမ်းစာအတွက်သွား နေရတာပဲ၊ မိုင်းကို သတိထားမယ်ဆိုတဲ့စိတ်ကတော့ ရှိလာပြီ၊ ဒါပေမယ့်လည်း ဒါကိုပဲ ဦးစားတော့ မပေး နိုင်ဘူး၊ သွားနေရတာ ပဲ။'' လို့ ကျောက်မဲမြို့ခံ ကိုသားဇော်က ပြောပြပါတယ်။

အလားတူ နိုဝင်ဘာ ၁၁ရက်နေ့မှာပဲ မူဆယ်မြို့ စွမ်စော် ရပ်ကွက်အတွင်းက နေအိမ်တစ်လုံးအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ပေါက်ကွဲမှုကြောင့် အသက် ၁၀နှစ်အရွယ်ရှိ ကလေးငယ်တစ်ဦးမှာ နေရာမှာ ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

' 'မနေ့က နေ့လယ် ၁ နာရီလောက်မှာ ပလတ်စတစ်ဘူးခွံအဟောင်းရောင်းဝယ်တဲ့အိမ်က ညီအကို ၂ယောက်က အိမ်မှာဝယ်လာတဲ့ သတ္တုဘူးခွံလေးတစ်ခုကို ကလေး ၂ယောက်ကဆော့ကြတာ။ ဆော့ရင်း အဲဒီ ဘူးခွံကို ကျောက်ခဲနဲ့ထုလိုက်တာမှာ ပေါက်ကွဲပြီး ဆယ်နှစ်ကလေးငယ်က လက်၊ခြေရော တစ်ဘက်စီ ပြတ်တယ် ခေါင်းတခြမ်းပါထိပြီးပွဲချင်းပြီးသေဆုံးသွားတယ်။ နောက် သူ့ရဲ့အကိုကတော့ ခြေထောက်ရယ် ဗိုက်ရယ် လည်ပင်းရယ်ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့ကလေးကိုတော့ ည ၈နာရီလောက်က လားရှိုးဆေးရုံ ကို ခွဲစိတ်ခန်းဝင်ဖို့ ကျွန်တော်တို့အသင်းက ပို့ဆောင်ပေးခဲ့တာပါ။ သေဆုံးသွားတဲ့ကလေးကိုတော့ အခုပဲ မူဆယ်သုဿန်မှာ မီးသဂြိုလ်ဖို့ ပို့ဆောင်ပေးခဲ့တာပါ။ ပေါက်တာကတော့ လက်လုပ်မိုင်းအဟောင်း ဖြစ်ဖို့ များတယ်။ စစ်တပ်ကတော့ ဘူးခွံကိုတော့ စစ်ဖို့ယူသွားတယ်။ ပလတ်စတစ်ဘူးခွံအိတ်ခွံတွေ ရောင်းဝယ်တဲ့ အိမ်ဆိုတော့ သတ္တုအနေနဲ့ဝယ်လာတဲ့ထဲက ပါတာဖြစ်ဖို့များတယ်။ အဲထဲက ယူဆော့ရင်းဖြစ်တာဆို တော့လေ။'' လို့ ကရုဏာလူမှုကူညီရေးအသင်း မူဆယ်က ဦးသောင်းထွန်းက ဘီဘီစီကိုပြောပါတယ်။

ရှမ်းပြည်နယ်အတွင်းက ဒေသအတော်များများမှာ ပေါက်ကွဲမှုတွေမကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိပြီး မြေမြုပ်မိုင်း ၊ ဆွဲမိုင်းစတဲ့ မိုင်းပေါက်ကွဲမှုတွေကြောင့် သေဆုံးသူတွေလည်းမကြာခဏဆိုသလိုရှိနေတာဖြစ် ပါတယ်။ ကျောက်မဲမြို့တစ်ခုတည်းမှာပင် မိုင်းပေါက်ကွဲမှုကြောင့် ထောက်ပံ့ရသူတွေမှာ လစဉ် ၅ ဦးခန့် ရှိနေတယ်လို့ မိုင်းကြောင့်ထိခိုက်သူတွေကို ကူညီထောက်ပံ့ပေးနေတဲ့ ကျောက်မဲမြို့ စစ်ရှောင် ကော်မတီကနေ သိရပါတယ်။