ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဆည် ၅ဝ ကျော် စိုးရိမ်ရေမှတ် ကျော်နေပေမယ့် စိုးရိမ်ဖွယ် မရှိလို့ဆို
မြန်မာနိုင်ငံတဝန်း ဆည်အများဆုံး ရှိတဲ့ ပဲခူးတိုင်း အပါအဝင် ပြည်နယ်နဲ့ တိုင်း ၁၁ ခုက ဆည်မြောင်း တမံ စုစုပေါင်း ၅၈ ခုမှာ ကန်ရေပြည့် သိုလှောင်နိုင်တဲ့ ပမာဏထက် ကျော်လွန်လာပြီး ရေပိုလွှဲက ရေကျော်နေတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန က သတင်းထုတ်ပြန်ထားပါတယ်။
ဒီထဲမှာ အဆိုးဆုံး အခြေအနေအဖြစ် ပဲခူးတိုင်း ဒေသကြီး ကျောက်တံခါးမြို့နယ်တွင်းက ရဲနွယ်ရေလှောင်တမံမှာ ၅.၃ ပေ မြင့်တက်နေသလို ဖြူးမြို့က ဖြူးချောင်းရေလှောင်တမံမှာလည်း ၄.၇ ပေ စိုးရိမ်ရေမှတ် ကျော်လွန်နေပါတယ်။
ဆည်အများအပြား အခုလို သတ်မှတ် ရေပြင်ထက် ကျော်လွန်နေပေမယ့် စိုးရိမ်ရတဲ့ အနေအထားမှာ မရှိဘူးလို့ ဆည်မြောင်းနဲ့ ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနက ဒုတိယ ညွှန်ကြားရေးမှူး ဦးကြည်ဝေက ဘီဘီစီကို ပြောပါတယ်။
ဒီဆည်တွေဟာ နှစ်တထောင်အတွင်း အမြင့်ဆုံး တက်နိုင်တဲ့ ရေပမာဏကို ခန့်မှန်းတွက်ချက်ပြီး တည်ဆောက်ထားတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒါပေမဲ့ ရာသီဥတု ပြောင်းလဲမှုတွေကြောင့် နဂို တွက်ချက်ထားတဲ့ အတိုင်းအတာထက် ကျော်လွန်ပြီး ရေကြီးမှုတွေ ဖြစ်တယ်ဆိုရင်တော့ စိုးရိမ်ရတဲ့ အနေအထားမှာ ရှိတယ်လို့ ဦးကြည်ဝေက ပြောပါတယ်။
ဒါကြောင့်လည်း စိုးရိမ်ရေမှတ် ကျော်လွန်နေတဲ့ ဆည်တမံတွေအနီး မြေနိမ့်ပိုင်းမှာ နေသူတွေ သတိထားကြဖို့ အစိုးရက ပြောဆိုထားပါတယ်။
အစိုးရဘက်က စိုးရိမ်စရာ မရှိဘူးလို့ နိုင်ငံပိုင် သတင်းစာကနေ သြဂုတ်လ ၂၇ ရက်နေ့က ပြည်သူကို အသိပေးခဲ့တဲ့ ဆွာချောင်းရေလှောင်တမံကတော့ ကြေညာပြီး နောက်နှစ်ရက်မှာပဲ ရေပိုလွှဲနံရံ ကျိုးပေါက် ပျက်ဆီးခဲ့လို့ ကျေးရွာပေါင်း ၈၀ ကျော် ရေနစ်မြုပ်ခဲ့ပြီး ဒေသခံ သောင်းနဲ့ချီလည်း ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရပါတယ်။
လက်ရှိမှာ တချို့နေရာတွေမှာ ရေပြန်ကျသွားတယ်ဆိုပေမယ့် ရေဘေး ကယ်ဆယ်ရေး စခန်းတွေမှာပဲ ဆက်လက်ရှိနေကြပါသေးတယ်။
အစိုးရဘက်တော့ ဒီအခြေအနေမှာ စိုးရိမ်စရာ မရှိသေးဘူးလို့ ပြောနေပေမယ့် ဒေသခံတွေကတော့ စိုးရိမ်မှုတွေ ရှိနေဆဲလို့ ဘီဘီစီကို ပြောပါတယ်။