ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဇူလိုင် ၂၀ အထိ လယ်ဧက ၂ သိန်းခွဲ နစ်မြုပ်
တပတ်နီးပါးကြာရေကြီးနစ်မြုပ်နေတဲ့ ပြည်နယ် နဲ့ တိုင်းဒေသကြီးတွေမှာ ဆန်စပါးအဓိကစိုက်ပျိုးတဲ့ ဒေသတွေပါဝင်ပါတယ်။
လတ်တလောရေကြီးနေတဲ့ ပဲခူး ၊ စစ်တောင်းနဲ့ သံလွင်မြစ် တွေဟာ နှစ်ပေါင်း ၅၀ အတွင်း အမြင့် ဆုံးရေ မှတ်ကိုရောက်နေတာပါ။
အဲဒီအတွက်ကြောင့်လည်း ပဲခူးတိုင်းဒေသကြီးအရှေ့ဖက်ခြမ်း၊ မွန်ပြည်နယ် ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးမှာ ရေကြီးနေပြီး ပျက်ဆီးဆုံး ရှုံးမှုတွေ များနေသလို လယ်မြေတွေလည်း နစ်မြုပ် နေပါတယ်။
စိုက်ပျိုးရေးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်း က ဇူလိုင်လ ၂၀ ရက်နေ့အထိ စာရင်းတွေအရ လယ်မြေဧက ၂ သိန်းခွဲ နစ်မြှပ်နေတယ်လို့ ပြောပါတယ်။
ဇူလိုင်လ ၂၀ ရက်နေ့ နောက်ပိုင်း ရေကြီးနစ်မြုပ်နေတဲ့ စာရင်းတွေထပ်ရောက်လာတဲ့အတွက် ရေကြီးနစ်မြုပ်တဲ့ လယ်မြေဧရိယာဟာ အခုရထားတဲ့စာရင်းထက်ပိုနိုင်တယ်လို့လည်း ဦးမျိုးတင့်ထွန်း ပါတယ်။
လတ်လော ရေကြီးနစ်မြုပ်နေတဲ့ ဒေသတွေကတော့ ပဲခူးတိုင်းဒေသကြီးအရှေ့ခြမ်း ကရင်ပြည်နယ် မွန်ပြည်နယ် တနင်္သာရီတိုင်းဒေသကြီး ဖြစ်ပါတယ်။
စစ်တောင်းနဲ့ သံလွင်မြစ် တွေရဲ့ ဒီနှစ်ရေကြီးမှုဟာ အရင်ကထက်များတဲ့အတွက် သနပ်ပင်မြို့နယ် တခုတည်းမှာပဲ ရေကြီးလို့ ပျက်ဆီးတဲ့လယ်မြေဧက ဟာ အရင်နှစ်ကထက်များမှာတော့ သေချာတယ် လို့သနပ်ပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမြင့်ဦး က ပြောပါတယ်။
ရေကြီးနစ်မြုပ်သွားတဲ့ လယ်တွေဟာ ပြန်စိုက်ဖို့ မှီနိုင်သေးတဲ့အတွက် လတ်တလောအနေအထားမှာတော့ အခြေအနေသိပ်မဆိုးသေးဘူးလို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့အလုပ် အမှုဆောင် ဦးမော်မြင့်အောင် က ပြောပါတယ်။
လက်ရှိမှာတော့ရေကြီးတဲ့ဒေသတွေမှာ ရေပြန်မကျသေးတဲ့အတွက်ဘယ်လောက်ဆုံးရှုံးမှု ရှိတယ်ဆိုတာကို ပြောဖို့ ခက်နေပါသေးတယ်။ ဒါပေမဲ့လည်း ဒီနှစ်ရေကြီးတဲ့နေရာတွေမှာ အရင်က မကြီးဖူးတဲ့ဒေသတွေပါ ပါနေတဲ့အတွက် ပျက်စီးဆုံးရှုံးမှုတွေရှိမှာ သေချာတယ်လို့ လည်း ဒေသခံလွှတ်တော်ကိုယ်စားလှယ်အချို့ က ပြောပါတယ်။
NLD အစိုးရ တက်လာပြီးတဲ့နောက်ပိုင်း ဧမထအုပ်စုဝင် မိုးစပါးတင် ၁၀ဝ ကို ကျပ် ၅ သိန်း အနိမ့်ဆုံး ထားဝယ်ယူမယ်လို့ သတ်မှတ်နိုင်တဲ့အတွက် တောင်သူတွေအနေနဲ့ ဒီနှစ်မိုးစပါးကို အားထည့်ပြီး စိုက်ပျိုးထားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ မိုးတွင်းကာလမှာ တစ်နှစ်ကို ၃ ကြိမ်လောက်ရေကြီးတတ်တဲ့ အတွက် ကျန်တဲ့မိုးတွင်း ကာလတွေမှာ အခုလိုရေထပ်ကြီးမယ်ဆိုရင်တော့ ပျက်ဆီးမှု များလာနိုင်သလို ဆန်စပါးတင်ပို့မှုကလည်း ထိခိုက်လာနိုင်တယ်လို့ စိုက်ပျိုးရေးပညာရှင်အချို့က ပြောဆိုပါတယ်။