ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လိုင်စင်မဲ့ကားတွေကို အရေးယူတော့မယ်
မြန်မာပြည်တဝှမ်းက သံဃာတော်တွေနဲ့ လူမှုရေးအသင်းအဖွဲ့တွေ အသုံးပြုနေတဲ့ တရားမဝင်လိုင်စင်မဲ့ကားတွေကို ပညာပေးကာလ ၁လသတ်မှတ်ပြီးနောက် ဥပဒေအတိုင်း အရေးယူဖို့ သက်ဆိုင်ရာက အမိန့်စာတွေ ထွက်လာတာကြောင့် လိုင်စင်မဲ့ကားသုံးနေတဲ့ လူမှုရေးအသင်းတချို့ ရပ်နားထားရပါတယ်။
မြန်မာနိုင်ငံကနေရာတချို့မှာ လူမှုရေးအသင်းတံဆိပ်ကပ်ထားတဲ့ကားတွေနဲ့ တရားမဝင်သစ်မှောင်ခိုသယ်တာ မူးယစ်ဆေးဝါးသယ်တာတွေရှိလာလို့ဆိုပြီး သက်ဆိုင်ရာက လူမှုရေးအသင်းတွေမှာ လိုင်စင်မဲ့ကားတွေ သုံးရင်ဖမ်းဖို့ အမိန့်ထွက်လာတာ ဖြစ်ပါတယ်။
မကွေးတိုင်းနဲ့ မန္တလေးတိုင်းအတွင်းမှာရှိတဲ့ လူမှုရေးအသင်းနာမည်နဲ့ အသုံးပြုနေတဲ့ လိုင်စင်မဲ့ကားတွေနဲ့ ဘုန်းကြီးကျောင်းတံဆိပ်ကပ်ပြီးမောင်းနှင်နေတဲ့ လိုင်စင်မဲ့ကားတွေကို တလအချိန်ပေးပြီးရင် ဖမ်းဆီးဖို့ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးရုံးတွေကတဆင့် သက်ဆိုင်ရာတွေကို ဒီတပတ်ထဲမှာပဲ အမိန့်ထုတ်ထားပါတယ်။
ဒီအမိန့်ကြောင့် နယ်မြို့တွေမှာရှိတဲ့ လူမှုရေးအသင်းကားတွေ နားနေကြလို့ မြို့ကြီးတွေကဆေးရုံကိုပို့ရမယ့် လူနာတွေအခက်ခဲဖြစ်နေတဲ့အကြောင်း ပခုက္ကူ အာယုသုခလူမှုရေးအသင်းရဲ့ ဆရာတော် ဦးပညာဇောကက မိန့်ပါတယ်။
မန္တလေးက အကြီးဆုံးလူမှုရေးအသင်းဖြစ်တဲ့ ဗြဟ္မစိုရ်အသင်းရဲ့ နာယက ဒေါက်တာဝင်းမြင့်က လူမှုရေးအသင်းကားတွေဟာ ခေတ်လိုအပ်ချက်ကြောင့် ပေါ်လာရတာမို့ ဥပဒေမဲ့လုပ်ရင် လူသူအားလုံးကို အရေးယူသင့်တယ်လို့ ဆိုပါတယ်။
အရင်အစိုးရလက်ထက်က လူမှုရေးကားတွေကို HSE နံပါတ်နဲ့ လိုင်စင်ထုတ်ပေးသလို သာသနာရေးအတွက်ကားတွေကို RLG နံပါတ်နဲ့ထုတ်ပေးခဲ့ပေမယ့် ရံပုံငွေတောင့်တဲ့ မြို့ပေါ်အသင်းတွေက အချိန်မှီလုပ်နိုင်ခဲ့ပြီး နယ်ကအသင်းတွေက နောက်မှလိုအပ်ချက်ကြောင့်ပေါ်လာတာမို့ လိုင်စင်မရှိတာဖြစ်တယ်လို့လည်း ဒေါက်တာဝင်းမြင့်ကဆိုပါတယ်။
လူမှုရေးအသင်းကားတွေက မြို့နယ်တခုခုမှာ အစီး ၅၀ကနေ ၁၀ဝကြားမှာ ရှိနေတယ်လို့လည်း လူမှုရေးအသင်းတွေရဲ့ပြောပြချက်အရ သိရပါတယ်။
နိုင်ငံတဝှမ်းက လူမှုရေးအသင်းတွေကတော့ နယ်တွေမှာ လူနာတင်ကားဟာ မရှိမဖြစ်လိုအပ်နေတာကြောင့် ဥပဒေမဲ့လုပ်တဲ့ လူမှုရေးအသင်းကားတွေကို ထိထိရောက်ရောက် အရေးယူပြစ်ဒဏ်ပေးဖို့လိုလားနေကြသလို တကယ်လုပ်နေရတဲ့ အသင်းအဖွဲ့တွေကို အစိုးရအသိမှတ်ပြုလိုင်စင် ထပ်ခွင့်ပြုပေးဖို့တင်ပြသွားမယ်လို့ ဆိုကြပါတယ်။
လွန်ခဲ့တဲ့ ငါးနှစ်တုန်းကဆိုရင် ကလေးမြို့မှာ လိုင်စင်မဲ့ကားတွေ သုံးပြီး ဒုစရိုက်မှု ကျူးလွန်တာတွေ ရှိခဲ့သလို အဲဒီအမှုတွေမှာ ရဲတွေလည်း ပါ၀င်ပတ်သက်ခဲ့လို့ ခုံရုံးဖွဲ့ အရေးယူတာတွေ လုပ်ခဲ့ရပါတယ်။
ကလေးမြို့က ရဲတချို့ တရားမဝင် လုပ်ငန်းတွေနဲ့ ဆက်နွယ်နေလို့ စစ်ဆေး အရေးယူနေချိန်မှာပဲ နောက်ထပ် ရဲ ၂ ဦးဟာ ကားပိုင်ရှင် တစ်ဦးကို ခြိမ်းခြောက် ငွေညှစ်နေတဲ့ အမှုနဲ့ ဖမ်းဆီး အရေးယူခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရဲ ၂ ဦးဟာ ကား ၂ စီးပိုင်တဲ့ ယာဉ်ပိုင်ရှင် တစ်ယောက်ကို ခြိမ်းခြောက် ငွေတောင်းနေတုန်း တာဝန်သိ လူငယ်တွေက ရဲတပ်ဖွဲ့ကို ဖုန်းဆက် အကြောင်းကြားခဲ့လို့ အဲဒီ ရဲ ၂ ယောက် အဖမ်းခံလိုက်ရတာလို့ ဖမ်းဆီးမိဖို့အရေး အကူအညီပေးခဲ့တဲ့ အထက်ချင်းတွင်းဒေသ လူငယ်ကွန်ယက် အဖွဲ့ဝင် ကိုကျော်သက်ဝင်းက ပြောပါတယ်။
ကလေးမြို့မရဲစခန်းကလည်း ရဲ ၂ ဦးကို ဖမ်းဆီး စစ်ဆေးနေတဲ့အကြောင်း ဘီဘီစီကို အတည်ပြု ပြောပါတယ်။
ကလေးမြို့ ပတ်ဝန်းကျင်မှာ လိုင်စင်မဲ့ကားတွေ အသုံးပြုပြီး လက်နက်မှောင်ခိုမှု မူးယစ်ဆေးရောင်းဝယ်မှုတွေ လုပ်တဲ့ သူတွေထဲမှာ နယ်မြေခံရဲအရာရှိတွေ ပါနေတယ်ဆိုပြီး နေပြည်တော်ရဲချုပ်က စေလွှတ်တဲ့ အထူးရဲတပ်ဖွဲ့တွေ စစ်ဆေးမှုတွေ လုပ်နေတဲ့အချိန်မှာ နောက်ထပ် ရဲ ၂ ဦး အရေးယူခံရတာလည်း ဖြစ်ပါတယ်။
ကလေးမြို့မှာ လိုင်စင်မဲ့ကား ၂၅ စီးကို သိမ်းဆည်းထားပြီး ရဲအရာရှိ ၁၀ ဦးထက်မနည်းကို အထူးခုံရုံးဖွဲ့ပြီး စစ်ဆေးမှုတွေ ရှိခဲ့ဖူးပါတယ်။