ရန်ကုန်ဝန်ကြီးတွေ ကားသစ်ဝယ်ဖို့ လိုလား

ရေးသားခဲ့သည်။

ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်မှာ ကန့်ကွက် မှုတွေ ရှိခဲ့တဲ့ တိုင်းအစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေ အတွက် ကားသစ် ၁၀ စီး ဝယ်စီးမယ့် ဘတ်ဂျက်ငွေ စာရင်းကို အခုတော့ ပြည်ထောင်စု အစိုးရ ဘဏ္ဍာရေး ကော်မရှင် အထိ တင်ပြဖို့ ပြင်ဆင် နေကြ ပါတယ်။

၂၀၁၈-၁၉ ရန်ကုန်တိုင်း အစိုးရ ဘဏ္ဍာငွေ ရသုံး စရိတ် ဆိုင်ရာ လျာထားချက် စာရင်းမှာ ဝန်ကြီးတွေ စီးဖို့ ကားသစ် ၁၀ စီး အတွက် ငွေကျပ် သန်းပေါင်း တထောင် ချပေးဖို့ တိုင်း အစိုးရက တင်ပြ ခဲ့တာ ဖြစ်ပါတယ်။

တိုင်းအစိုးရ ဘတ်ဂျက်ထဲက ဝယ်ယူ သုံးစွဲမယ့် အသုံး စရိတ်နဲ့ ပတ်သက်လို့ ရန်ကုန်တိုင်း လွှတ်တော်မှာ အခြေ အတင် ဆွေးနွေးခဲ့ကြပြီး နောက်မှာ တော့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ကို ပြန်လည် တင်ပြမယ် ဆိုပြီးတော့ တိုင်း အစိုးရက ဘတ်ဂျက် စာရင်းကို ပြန်ယူ သွားခဲ့ ပါတယ်။

အခုတော့ ဒါကို သမ္မတ ဦးဝင်းမြင့် ဥက္ကဋ္ဌ နေရာ ယူထားတဲ့ ပြည်ထောင်စု အစိုးရ ဘဏ္ဍာရေး ကော်မရှင်ကို ဆက် တင်ပြမယ်လို့ ရန်ကုန်တိုင်း အစိုးရ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီး ဦးမြင့်သောင်းက ပြောပါတယ်။

ရန်ကုန်တိုင်း ဝန်ကြီးတွေ လက်ရှိ စီးနေတဲ့ ကားတွေထဲမှာ ၃ စီး လောက်ပဲ ပြင်စီးလို့ ရတဲ့ အနေအထားမျိုး ဖြစ်နေပြီး တစ်နှစ် ကားပြင်စရိတ်က ငွေကျပ် ၁၈ သိန်း အထိ ရှိတယ်လို့ တိုင်းအစိုးရ အဖွဲ့က ပြောပါတယ်။

ဒါ့ကြောင့် ဝန်ကြီးတွေ စီးဖို့ Toyota Fortuner ဒါမှမဟုတ် Ford Everest အမျိုးအစား ကားသစ် တစ်စီးကို ငွေကျပ် သိန်းတထောင်နဲ့ ဝယ်ဖို့ တိုင်းအစိုးရက အဆိုပြုရတာ ဖြစ်တယ်လို့လည်း စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောပါတယ်။

ဒီအဆိုပြုတဲ့ ဘတ်ဂျက်ကို ကန့်ကွက်ခဲ့တဲ့ တိုင်း လွှတ်တော် စီမံကိန်း ကော်မတီက ဒီ ဘတ်ဂျက်ကို ပြည်ထောင်စု ဆက်တင်မယ် ဆိုလည်း ကန့်ကွက် သွားမယ်လို့ လွှတ်တော် စီမံကိန်း ကော်မတီ ဒုဥက္ကဌ ဦးကျော်ဇေယျက ပြောပါတယ်။

ပြည်ထောင်စု အစိုးရ ဘဏ္ဍာရေး ကော်မရှင် ကတော့ ဒီဘတ်ဂျက် အပါအဝင် တတိုင်းလုံးရဲ့ ဘဏ္ဍာငွေ ရသုံး ဘတ်ဂျက် လျာထား ချက်ကို စိစစ်မှာ ဖြစ်ပါတယ်။

ဒီကမှ ကော်မရှင်က ပြန်လည် ချပေးတဲ့ ဘတ်ဂျက်ငွေ ခွဲဝေ အသုံး စရိတ်ကို လွှတ်တော်ထဲမှာ ပြန်လည် ဆွေးနွေးမှုတွေ လုပ်ရမှာလည်း ဖြစ်ပါတယ်။