ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စွပ်စွဲပြစ်တင်ခံရတဲ့ ရခိုင်ဝန်ကြီးကို စစ်ဆေးနေ
စီးပွားရေးဇုံအတွက် ဘတ်ဂျက်ကို ကောင်းစွာ စီမံခန့်ခွဲမှု မလုပ်နိုင်တဲ့စွပ်စွဲချက်အပါအဝင် အချက် ၇ ချက်နဲ့ စွဲချက်တင်ခံထားရတဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီး ဦးကျော်အေးသိန်းကို သက်ဆိုင်ရာအာဏာပိုင်တွေက စစ်ဆေးနေတယ်လို့ သိရပါတယ်
စွပ်စွဲချက်အတွက် သက်သေတွေကိုလည်း စစ်ဆေးပြီးနေပြီး မေလ ၂၆ ရက်နေ့မှာ အပြီးသတ်စစ်ဆေးမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ်လွှတ်တော်ကနေ ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ဦးနိုင်ကြွယ်အေးက ဘီဘီစီကို ပြောပါတယ်။ ဝန်ကြီး ဦးကျော်အေးသိန်း ကလည်း ဥပဒေအကြံပေးအကူအညီနဲ့ ပြန်လည်ထုချေသွားမယ်လို့ သူကပြောပါတယ်။
ဝန်ကြီး ဦးကျော်အေးသိန်းဟာ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်မှု မရှိလို့ ပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်းတွေ နစ်နာရတယ် ဆိုပြီး ရခိုင်ပါတီ အေအန်ပီကြီးစိုးတဲ့ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးက လွှတ်တော်ဥက္ကဌ ဆီ တိုင်ကြားခဲ့တဲ့အတွက် အခုလို စစ်ဆေးခံနေရတာဖြစ်ပါတယ်။
စွပ်စွဲသူတွေကိုလည်း ဝန်ကြီးရှေ့မှာပဲ စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်ခဲ့တာဖြစ်တယ်။
ဝန်ကြီးအနေနဲ့ စွပ်စွဲချက်တွေကို ပြန်လည်ထုချေဖို့ ကျန်ရှိနေပြီး လက်ရှိ စစ်ဆေးပြီးတဲ့ကာလအထိ တိုင်ကြားသူတွေဘက်က အထောက်အထားအပြည့်အစုံနဲ့ တိုင်ကြားထားတာတွေ့ရကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်တဲ့ ဦးနိုင်ကြွယ်အေးက ဘီဘီစီကို ပြောပါတယ်။
ကွင်းဆင်းစစ်ဆေးမှုကိုလည်း လုပ်ခဲ့ပြီး မောင်တော စီးပွားရေးဇုံ ဘာကြောင့်အကောင်ထည်ဖော်နိုင်မှု မရှိသလဲ ၊ ဝန်ကြီးတာဝန်ယူနေစဉ် တင်ဒါကိစ္စတွေကို ဘယ်လို စီမံဆောင်ရွက်သလဲဆိုတာ စိစစ်မေးမြန်းမှုတွေ လုပ်ခဲ့ရတယ်လို့ဆိုပြီး စစ်ဆေးရေးအဖွဲ့ရဲ့ အပြီးသတ်ဆုံးဖြတ်ချက်ကိုတော့ နောက်ဆုံးစစ်ဆေးမှုပြီးမှ ထုတ်ပြန်နိုင်မယ်လို့ ဦးနိုင်ကြွယ်အေးက ပြောပါတယ်။