လွှတ်တော်ရောက် အင်းလျားကန်ဘောင်ကြွက်

ရေးသားခဲ့သည်။

ရန်ကုန်မြို့ မြန်မာ ပလာဇာရှေ့က အင်းလျားကန်ဘောင်မှာ ကြွက်တွင်းတွေ ရာနဲ့ချီ ဖြစ်ပေါ်နေတဲ့အတွက် ကန်ဘောင်ဝန်းကျင်မှာ အစားအသောက်တွေ စည်းကမ်းမဲ့ရောင်းချခြင်းကို တားမြစ်သွားဖို့ အစီအစဉ် ရှိ၊မရှိ မေးခွန်းကို မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးရန်ရှင်းက လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၂၃)ရက်မြောက်နေ့မှာ မေးမြန်းခဲ့ပါတယ်။

အဲဒီမေးခွန်းကို ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက လာရောက်ဖြေကြားခဲ့ပြီး စည်ပင်အနေနဲ့ ကြွက်နှိမ်နင်းရေးနဲ့ သန့်ရှင်းရေးအတွက် ပုံမှန်ဆောင်ရွက်နေပြီး စွန့်ပစ်အစားအသောက်နဲ့ အမှိုက်တွေကို စည်းကမ်းတကျ စွန့်ပစ်မှုဟာ ကြွက်အရေအတွက် လျှော့ချနိုင်တဲ့ အဓိက နည်းလမ်းဖြစ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

မြေကြွက်တွေကို ရှင်းလင်းရာမှာ စားကြွင်းစားကျန်တွေ လွယ်ကူစွာ ရှာဖွေ စားသောက်နိုင်တဲ့ လူနေအိမ် ၊ ဈေးဆိုင်ဈေးဆိုင်၊ နောက်ဖေးလမ်းကြား၊ ဈေးနဲ့ ရုံးများ၊ ကျောင်းတွေနဲ့ ဆေးရုံတွေ ၊ အမှိုက်ပုံးတွေ စတဲ့ နေရာတွေအပြင် အင်းလျားကန်၊ ကန်တော်ကြီး တို့လို ရေကန်တွေရဲ့ ကန်ဘောင်တွေမှာ မြေကြွက် ရှင်းလင်းမှုကို လစဉ်စီမံချက် ချမှတ်ပြီး ရှင်းလင်းရေးလုပ်သား ၆၀ လောက်နဲ့ ဆောင်ရွက်နေတယ်လို့ ဦးမောင်မောင်စိုးက ပြောပါတယ်။

ကန်ဘောင် ဆက်စပ်ဧရိယာတွေမှာ ပြင်မှ အစားအသောက်တွေ ယူဆောင်လာခြင်း မပြုဖို့နဲ့ ရောင်းချခြင်းမပြုဖို့ သတိပေးဆိုင်းဘုတ်တွေနဲ့ တွေ့ရှိပါက ဒဏ်ငွေဆောင်ရမယ်ဆိုတဲ့အထိ လုပ်သွားရင် ကြွက်တွေ တားမြစ် နိုင်မှာ ဖြစ်တဲ့ အကြောင်းနဲ့ ကန်ပတ်ဝန်းကျင်က စားသောက်ဆိုင်တွေက ထွက်တဲ့ အနံ့အသက်တွေကလည်း ကြွက်တွေ ဖြစ်လာစေတဲ့ အကြောင်းရင်း ဖြစ်နေတဲ့အတွက် စားသောက်ဆိုင်တွေကို စနစ်တကျ စိစစ်ဖို့လိုပြီး ပိတ်သိမ်းသွားဖို့ ဆောင်ရွက်သင့်ကြောင်း ဆက်စပ်မေးခွန်းအနေနဲ့ မေးခွန်းမေးတဲ့ ကိုယ်စားလှယ် ဦးရန်ရှင်းက အကြံပြုပြောဆိုခဲ့ပါတယ်။

အစားသောက် မရောင်းချရကိစ္စနဲ့ ဒဏ်ငွေဆောင်ရမယ်ဆိုတာ ထိရောက်တဲ့ နည်းလမ်းဖြစ်ပေမယ့် တိုးတက်တဲ့ နည်းလမ်း မဟုတ်ဘဲ ကြွက်တွေကို ထိန်းချုပ်နိုင်ရေးက စည်းကမ်းသာ အဓိက ဖြစ်တယ်လို့ ရန်ကုန် မြို့တော်ဝန်က ပြောပါတယ်။

ကိုယ့်အမှိုက်ကိုယ် ပြန်သိမ်းဖို့ လိုအပ်ပြီး ကန်ရေ အရည်အသွေး ကျဆင်းမှုအတွက် ဆိုင်တွေကို ပေ ၃ဝ ကွာ တည်ဆောက်ဖို့ ပြန်ပြင်ထားခိုင်းကြောင်းနဲ့ မလိုက်နာတဲ့ ဆိုင်တွေကို ပြန်သိမ်းတဲ့အထိ ဆောင်ရွက်မယ်လို့ ဆိုပါတယ်။

အမှိုက်သိမ်းဖို့ ဝန်ထမ်းအရေအတွက်က မလုံလောက်တဲ့အတွက် နောင်နှစ်တွေမှာ ဝန်ထမ်းအင်အား ထပ်မံဖြည့်ပေးမယ်လို့လည်း မြို့တော်ဝန်က ပြောပါတယ်။

အမှိုက်ကားတွေကိုလည်း နောင်လာမယ့် ဘတ်ဂျက်မှာ လွှတ်တော်ရဲ့ သဘောထားရယူပြီး စီးရေတိုးချဲ့နိုင်ရေး လုပ်သွားမယ်လို့ ဆိုပါတယ်။