ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာအမျိုးသမီးလူငယ်ရဲ့ မှတ်တမ်းရုပ်ရှင် နိုင်ငံတကာမှာ အောင်မြင်နေ
အညာဒေသမှာ လူငယ်တွေ ရွှေ့ပြောင်း အလုပ်လုပ်ကိုင်တာကြောင့် ထန်းတောတွေမှာ အလုပ် လုပ်ကိုင်မယ့်သူ မရှိဘဲ ထန်းပင်တွေ ခုတ်လဲရတာတွေကို အခြေခံပြီး ဖြစ်ရပ်မှန် မှတ်တမ်း ရုပ်ရှင်(Documentary)ကို ဖန်တီးခဲ့တာလို့ ပြောလာသူကတော့ ဒါရိုက်တာ မမီမီလွင် ဖြစ်ပါတယ်။
သူရဲ့ လက်ရာ အညာကျေးလက်ဒေသက ထန်းချက်တဲ့ လုပ်ငန်းကို သရုပ်ဖော် ရိုက်ကူးထားတဲ့ 'SUGAR & SPICE' Documentary ဟာ နိုင်ငံတကာ ရုပ်ရှင် ပွဲတော်တွေမှာ ပြသခဲ့ပြီး အောင်မြင်မှုတွေ ရရှိနေပါတယ်။
မကြာခင်ရက်ပိုင်းက ၁၆ မိနစ်နီးပါးရှိတဲ့ Documentaryကို တောင်ကိုရီးယား ရုပ်ရှင်ပွဲမှာလည်း သွားရောက် ပြသခဲ့သလို အင်္ဂလန်နဲ့ ဂျပန်နိုင်ငံကလည်း ဒီမှတ်တမ်း ရုပ်ရှင်ကို ဆုတွေ ချီးမြှင့်ခဲ့ပါ တယ်။
တကယ်တော့ ဒီလို အောင်မြင်မှုတွေကို မမီမီလွင်က အလွယ်တကူနဲ့ ရခဲ့တာ မဟုတ်ပါဘူး။ မန္တလေးတိုင်း ညောင်ဦးမြို့နယ် ရွာတရွာမှာ နေထိုင်နေတဲ့ မမီမီလွင်ဟာ ရေဆင်းတက္ကသိုလ်မှာ ကျောင်းပြီးတဲ့နောက် ရန်ကုန်ဆင်းလာခဲ့ပါတယ်။
အရင်က ရွာမှာ Documentary လာရိုက်ကူးစဉ် ခင်မင်ရင်းနှီးသူတွေရှိတဲ့ Yangon Flim Schoolကို တက်ရောက်ခဲ့တယ်လို့ မမီမီလွင်က ပြောပါတယ်။
စိုက်ပျိုးရေးနဲ့ ကျောင်းပြီးခဲ့ပြီး ရုပ်ရှင်ရိုက်ကူးတဲ့လောကထဲရောက်လာရာမှာတော့ အားလုံးက အသစ်ဖြစ်နေသလို ကင်မရာ ရိုက်ဖို့ကအစ ရုန်းကန် ကြိုးစားခဲ့ရ တယ်လို့ သူက ပြောပါတယ်။
ဒီနောက် ၂၀၁၅ ခုနှစ်မှာ ကျောင်းက ဒုတိယနှစ် ကျောင်းသား လေ့ကျင့်ခန်းအနေနဲ့ မှတ်တမ်း ရုပ်ရှင်ကို ရိုက်ကူးခိုင်းခဲ့ရာမှာ အဖေနဲ့ အမေရဲ့ ထန်းလုပ်ငန်း အကြောင်းကို အခြေခံပြီး ရိုက်ကူးခဲ့တာလို့ မမီမီလွင်က ပြောပါတယ်။
မတူညီပေမယ့် အတူနေထိုင်ကြတဲ့ မိခင်ဖခင်ရဲ့အကြောင်းနဲ့ အသက်ကြီးပေမယ့် ဖခင်ဖြစ်သူက ထန်း လုပ်ငန်းကို ဒီကနေ့အထိ မြတ်မြတ်နိုးနိုး လုပ်ကိုင်နေသေး တယ်ဆိုတာကို Documentaryထဲမှာ ရိုက်ကူးထားတယ်လို့ ဆိုပါတယ်။
ဒီDocumentaryဟာ ၂၀၁၅ ခုနှစ် မေလက ကျောင်းသားတွေ သပိတ်မှောက် ချီတက်တဲ့ အချိန်မှာ ရိုက်ကူးထားတာကြောင့် နိုင်ငံရေး နောက်ခံက ရှိနေတယ်လို့ ဆိုပါတယ်။
ဒါအပြင် ထန်းချက်တဲ့ အလုပ်ကို ပင်ပင်ပန်းပန်းလုပ်ကိုင်ရပြီး ထန်းလျက် ရောင်းချရာမှာ ဝင်ငွေမရတဲ့ အကြောင်းတွေ၊ နိုင်ငံရဲ့ ငွေကြေး အခြေအနေတွေကို သရုပ်ဖော် ရိုက်ကူးထားတာကြောင့် အောင်မြင်တယ်လို့ ထင်တယ်လို့လည်း မမီမီလွင်က ပြောပါတယ်။