ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စည်ပင် ဥပဒေကြမ်းကို ဆွေးနွေး အကြံပြု
ရန်ကုန်မြို့တော် စည်ပင် သာယာရေး ဥပဒေကြမ်းပါ စည်ပင် သာယာရေး ကော်မတီများ ရွေးကောက်ပွဲ ဆိုင်ရာ ပုဒ်မများ အပေါ် အလွှာပေါင်းစုံ ပါ၀င်တဲ့ ဆွေးနွေးပွဲ တရပ်ကို ကျင်းပခဲ့ပြီး ကြေညာချက် တရပ် ထုတ်ပြန်လိုက်ပါတယ်။
တရက်တာ အစည်းအဝေးပွဲမှာ စည်ပင် သာယာရေး ဆိုင်ရာ စံနစ်များ ၊ ရွေးကောက်ပွဲများ အကြောင်းနဲ့ စည်ပင် သာယာရေး ကော်မတီ ဖွဲ့စည်းခြင်း ၊ အစားထိုး ခန့်အပ်ခြင်းနဲ့ တာဝန်က ရုပ်သိမ်းခြင်း အကြောင်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။
ဒါ့အပြင် လက်တွေ့ကျ ထိရောက်ပြီး စွမ်းရည်ပြည့်၀တဲ့ ကော်မတီ၀င်တွေ ပေါ်ပေါက်ရေး အချက် ၇ ချက်ကို အလေးထား ပြောဆိုခဲ့ကြပါတယ်။
အခုလို ဆွေးနွေးရတဲ့ အကြောင်းနဲ့ ပတ်သက်လို့ လက်ရှိ မြို့တော်၀န်ဟာ စည်ပင် ဝန်ကြီး လဲ ဖြစ်နေသလို အခု ဆွေးနွေး နေကြတဲ့ ဥပဒေကြမ်းသာ အတည်ဖြစ်သွားခဲ့ရင် သူဟာ စည်ပင်သာယာရေး ကော်မတီ ဥက္ကဌလည်း ဖြစ်လာမှာ ဖြစ်ပြီး လူတယောက်တည်းက ရာထူး သုံးခုတာ၀န် ယူရမှာ ဖြစ်နေသလို သူကိုယ်တိုင်က ရွေးကောက်ခံ မဟုတ်ဘဲ ပြည်သူ ရွေးကောက်လို့ တက်လာတဲ့ ကော်မတီ၀င်တွေကို အုပ်ချုပ်ရသလို ဖြစ်နေကြောင်း အရပ်ဘက်အဖွဲ့အစည်း တွေထဲက တခုဖြစ်တဲ့ Action Committee for Democracy Development က မ သဉ္ဇာရွှန်းလဲ့ရီ က ထောက်ပြခဲ့ပါတယ်။
ပြည်သူ ရွေးကောက်တင်မြှောက်ထားတဲ့ ကော်မတီ ၀င်တွေကို ခေါင်းဆောင်သူဟာ ရွေးကောက်ခံ ဖြစ်သင့်ပြီး တခြား ဒီမိုကရေစီ နိုင်ငံတွေမှာ ဆိုရင် မြို့တော်ဝန်ဟာ ရွေးကောက်ခံ တယောက် ဖြစ်တယ်လို့ သူက ဆိုပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲ အသုံးစရိတ်နဲ့ ပတ်သက်လို့ အခု ဥပဒေကြမ်းမှာ ပုဒ်မ တခုလောက် ၊ စာတကြောင်းလောက်သာ ပါပြီး ဘာမှ တိကျ ရှင်းလင်းစွာ ဖော်ပြမထားတဲ့ အတွက် ပိုက်ဆံသုံးနိုင်သူက ရွေးကောက်ပွဲမှာ အနိုင်ရတာမျိုး ဖြစ်ခဲ့ဖူးတဲ့ အတွက် ဒါမျိုး ထပ်မကြုံရအောင် အကြံပြုတာလို့ သူက ဆိုပါတယ်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေကြမ်း ကို ရန်ကုန်တိုင်းလွှတ်တော်မှာ ဆွေးနွေးကြတော့မှာ ဖြစ်ပြီး နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ က ကိုယ်စားလှယ်တွေ အရင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မီတီ YCDC ကော်မီတီ ဝင်ဟောင်းတွေအပါအဝင် အလွှာစုံ က လူ ၈၀ ကျော် ဒီဥပဒေကြမ်း ကို ဖေဖော်ဝါရီ လ ၂၂ ရက်နေ့မှာ ဆွေးနွေးကာ သူတို့အကြံပြုချက်တွေ ကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။