ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဟိုတယ်မီးလောင်မှု သေဆုံးသူ နှစ်ဦး ရှိသွားပြီ
အောက်တိုဘာ ၁၉ ရက်နေ့ မနက်လင်းအားကြီးအချိန်က ဖြစ်ပွားခဲ့တဲ့ ကန်တော်ကြီး ပဲလေ့စ် ဟိုတယ် မီးလောင်မှုအတွင်း မီးလောင်ကျွမ်း နေတဲ့ နောက်ထပ် အလောင်းတလောင်းကို က ထပ်မံ တွေ့ရှိခဲ့ပါတယ်။
ဘယ်သူဘယ်ဝါလဲ ဆိုတာကိုတော့ အသေအချာ မသိရသေးပါဘူး။
အစောပိုင်းတုန်းက တွေ့ခဲ့တဲ့ ပထမအလောင်းကတော့ ဂျပန်နိုင်ငံသား ဖြစ်ကြောင်း ဂျပန်သံရုံး တာဝန်ရှိသူ တဦးက ဘီဘီစီကို အတည်ပြု ပြောပါတယ်။
သေဆုံးခဲ့သူ အမျိုးသားဟာ အသက် ၅ဝ ကျော် အရွယ် စီးပွားရေး လုပ်ငန်းရှင် တဦး ဖြစ်ပြီး မြန်မာနိုင်ငံကို အလုပ်ကိစ္စနဲ့ ခေတ္တ ရောက်နေသူ ဖြစ်တယ်လို့လည်း ဂျပန်သံရုံးက ဆိုပါတယ်။
သေဆုံးသူရဲ့ အမည်ကိုတော့ မိသားစု ဆန္ဒ အရ ထုတ်ပြောလို့ မရဘူးလို့ သံရုံးက ဆိုပါတယ်။
အောက်တိုဘာလ ၁၉ရက် မနက်ပိုင်း ၃ နာရီ ဝန်းကျင်လောက်မှာ လောင်ကျွမ်းခဲ့တဲ့ မီးဟာ အဆင့် ၄ ရှိတဲ့ အကြီးစား မီးလောင်ကျွမ်းမှု ဖြစ်ပြီး ဟိုတယ်ရဲ့ ပင်မ အဆောက်အအုံ တခုလုံး နီးပါး လောင်ကျွမ်းခဲ့ကာ ရန်ကုန်မြို့က မီးသတ်ကား အားလုံးနီးပါး ပါဝင် ငြှိမ်းသတ်ခဲ့ရပါတယ်။
ဒါဟာ အခု နှစ်ဆန်းပိုင်းက ဖြစ်ပွားခဲ့တဲ့ ရန်ကုန်က မင်္ဂလာဈေး ဒုတိယအကြိမ် မီးလောင်မှု ပြီးရင် အကြီးဆုံးလို့ မီးငြှိမ်းသတ်မှုမှာ ပါဝင်တဲ့ မီးသတ် ဝန်ထမ်းတွေက ပြောပါတယ်။
အခု လောလောဆယ် အတည်ပြုနိုင်တဲ့ သတင်းတွေ အရ မီးလောင်မှုကြောင့် မကာအိုသူ တဦး ထိခိုက် ဒဏ်ရာ ရခဲ့ပါတယ်။ မီးငြှိမ်းသတ်မှု အတွင်း မီးသတ် အရာရှိ တဦးလည်း ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဆုံးရှုံးမှု တန်ဖိုး ပမာဏ အတိအကျကိုတော့ သက်ဆိုင်ရာက ထုတ်ပြန်တာ မရှိသေးပါဘူး။