ရခိုင်ပြည်နယ် အခြေအနေအပေါ် အလွန်အမင်းစိုးရိမ်လို့ ဒုသမ္မတပြော

ရေးသားခဲ့သည်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ လက်ရှိအခြေအနေတွေအပေါ် မြန်မာအစိုးရ အနေနဲ့ အလွန်အမင်းစိုးရိမ်ကြောင်း ကုလသမဂ္ဂရဲ့ အထွေထွေညီလာခံကို တက်ရောက်နေတဲ့ ဒုတိယ သမ္မတ ဦးဗန်ထီးယူက ပြောပါတယ်။

လတ်တလော တိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့ အပြစ်မဲ့ ပြည်သူတွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေအတွက် အလွန်အမင်း ဝမ်းနည်းမိကြောင်းနဲ့ ဒါဟာ ကြီးမားတဲ့ ပြဿနာဖြစ်တယ်ဆိုတာ ငြင်းပယ်လို့ မရနိုင်ဘူးလို့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖြစ် ကုလသမဂ္ဂအစည်းအဝေးကို တက်ရောက်နေတဲ့ ဒုသမ္မတ ဦးဗန်ထီးယူက ပြောပါတယ်။

ဒါပေမဲ့ အခြေနေတွေက တိုးတက်လာနေပြီး စက်တင်ဘာလ ၅ ရက်နေ့ နောက်ပိုင်းမှာ တိုက်ခိုက်မှုနဲ့ နယ်မြေရှင်းလင်းမှုတွေ မရှိတော့ဘူးလို့လည်း မြန်မာ ဒုသမ္မတက ပြောပါတယ်။

သတင်းတွေမှာဖော်ပြနေကြတဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးနေတယ်ဆိုတဲ့ မွတ်ဆလင်အရေအတွက်အပေါ်လည်း စိုးရိမ်မိကြောင်းနဲ့ အစုလိုက်အပြုံလိုက်ထွက်ခွာနေမှုအပေါ် အဖြေရှာကြရမယ်လို့လည်း ဦးဗန်ထီးယူက ပြောပါတယ်။

ဒီလိုထွက်ခွာနေပေမဲ့ မွတ်ဆလင်အများစုဟာ သူတို့ရွာတွေမှာ ဆက်နေနေကြတယ်ဆိုတာ အများက သိရှိမှု နည်းပါးနေကြတယ်လို့လည်း သူက ဆိုပါတယ်။

မြန်မာဒုသမ္မတရဲ့ ကုလသမဂ္ဂမှာရှင်းပြချက် အတော်တော်များများမှာ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းက နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှင်းလင်းပြောဆိုမှုတွေကို အခြေခံခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းမှာ အစိုးရစစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေ ဆောင်ရွက်စဉ်က လူ့အခွင့်အရေးချိုးဖောက်မှုရှိတယ်ဆိုတဲ့ စွပ်စွဲမှုတွေကို ပြောဆိုခဲ့ခြင်း မရှိတဲ့အပေါ် နိုင်ငံတကာက ဝေဖန်မှုတွေ ရှိနေပါတယ်။ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ငန်းတွေ ဆောင်ရွက်စဉ်အတွင်း မွတ်ဆလင်တွေ အပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ အမြောက်အမြားလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ရှိနေပါတယ်။

မြန်မာဒုတိယ သမ္မတကတော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ ထိလွယ်ရှလွယ်တဲ့အတွက် ဝိုင်းဝန်းကူညီပေးကြဖို့လည်း မေတ္တာရပ်ခံခဲ့သလို အခြားနိုင်ငံတွေ နည်းတူပဲ အကြမ်းဖက်ဝါဒကိုတော့ မြန်မာနိုင်ငံမှာ လစ်လျူရှူခွင့်ပြုမှာ မဟုတ်ဘူးလို့ ပြောပါတယ်။