ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တုပ်ကွေး အန္တရာယ် စိုးရိမ်မှုကြောင့် တောင်ပြုန်းပွဲ ရွှေ့ဆိုင်း
တုပ်ကွေးရောဂါ H1N1 ဗိုင်းရပ်စ်ပိုး ကူးစက် ပျံ့နှံ့မယ့် အန္တရာယ် စိုးရိမ်ချက်နဲ့ မတ္တရာနယ်ထဲ နှစ်စဉ် ရိုးရာမပျက် ကျင်းပကြမြဲ ဖြစ်တဲ့ တောင်ပြုန်း နတ်ပွဲကို ပွဲတော်ရက် ကာလဦးမှာပဲ မန္တလေးတိုင်း အစိုးရက ရက်အကန့်အသတ် မရှိ ရွှေ့ဆိုင်းလိုက် ပါတယ်။
အနယ်နယ် အရပ်ရပ်က လာလေ့ ရှိတဲ့ တောင်ပြုန်းပွဲတော်မှာ H1N1 ကူးစက်ပြီး တပြည်လုံး အနှံ့ ထပ်ဆင့် ပြန့်သွားမှာကို စိုးရိမ်လို့ ဖြစ်တယ်လို့ မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ဆိုပါတယ်။
လက်ရှိ တောင်ပြုန်းပွဲတော်မှာ ရောက်ရှိ နေကြသူတွေကိုလည်း ကျန်းမာရေး ဆိုင်ရာ စမ်းသပ် စစ်ဆေးမှုတွေ ပြလုပ်ပြီးမှ သက်ဆိုင်ရာ ဒေသ အသီးသီးကို ပြန်လွှတ်မှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
အခုလို အာဏာပိုင်တွေ ဘက်က ပွဲပိတ်လိုက်တဲ့ အတွက် ဒေသခံတွေနဲ့ ကန္နားခန်း ဖွင့်သူတွေ အတွက်တော့ ငွေကြေး ဆိုင်ရာ နစ်နာ ဆုံးရှုံးမှုတွေ ဖြစ်လာစေတယ်လို့ ဆုတောင်းပြည့် ဆုတောင်းရ ဂေါပက ဥက္ကဌ ဦးခင်မောင်ဆွေက ဆိုပါတယ်။
သက်တော်ရှည် ဗောင်းတော်ဆောင်း အမတ်ကြီး မာမီနိုးကတော့ ကျန်းမာရေးနဲ့ ပတ်သက်နေတဲ့ အစိုးရရဲ့ အမိန့်ကို လိုက်နာမယ်လို့ ဆိုပြီး ရိုးရာ ဓလေ့ လုပ်ရမြဲ အစဉ်အလာ တွေ ကိုလည်း ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဘီဘီစီကို ပြောပါတယ်။
ဇူလိုင် လကုန်ကနေ ဩဂုတ်လ ပထမပတ် အထိ ကျင်းပမြဲ တောင်ပြုန်းပွဲတော်ကို နေ့စဉ် လူတွေ သိန်းချီ လာရောက် ကြလေ့ ရှိပါတယ်။
အခုလို ပွဲပိတ်တဲ့ အတွက် ကျန်းမာရေး ဆိုင်ရာ ရှုထောင့်က သင့်မြတ်ကြောင်း ထောက်ခံ ပြောဆို နေကြသူတွေ ရှိသလို၊ တဘက်မှာလည်း နတ်ကန္နားခန်း ငှားရမ်းထားသူတွေ၊ ဇာတ်ပွဲနဲ့ ဆိုင်ခန်း ကန်ထရိုက် ယူထားကြသူတွေ အတွက်တော့ နစ်နာမှုတွေ မလွဲမသွေ ကြုံရမှာ ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။