ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကချင်နိုင်ငံရေး အကြိုဆွေးနွေးပွဲက အခြေခံဥပဒေမူကြမ်း ရေးဆွဲ
ဇန်နဝါရီလ ၂၅ နဲ့ ၂၆ ရက်နေ့တွေတုန်း က မြစ်ကြီးနား မြို့မှာ ကချင် တိုင်းရင်းသား တွေရဲ့ လူမျိုး အလိုက် အမျိုးသား အဆင့် အကြို နိုင်ငံရေး ဆွေးနွေး ပွဲတွေကို ၂ ရက်ကြာ ကျင်းပ ခဲ့ပါတယ်။
အဲဒီ ဆွေးနွေး ပွဲတွေ အပြီးမှာတော့ ကချင်ပြည်နယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကြမ်း တစ်ခု ကို ရေးဆွဲ နိုင်ခဲ့တယ်လို့ သိရပါတယ်။
၂ ရက်ကြာ ကျင်းပ ခဲ့တဲ့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကို ကချင် နိုင်ငံရေး ပါတီ လေးခု ပေါင်းထားတဲ့ ကချင်နိုင်ငံရေး ပါတီများ ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ KPCC က ဦးစီးကျင်းပ ခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ကချင်ပြည်နယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ထဲမှာ ပြည်နယ် ဝန်ကြီးချုပ် ကို ပြည်နယ် ရွေးကောက်ပွဲမှာ အနိုင်ရရှိတဲ့ ပါတီက လွတ်လွတ်လပ်လပ် ရေးချယ် ခွင့် ရရှိဖို့ အကြံပြုထား တယ်လို့ KPCC ဥက္ကဋ္ဌ ဦးအောင်ခမ်း က ပြောပါတယ်။
ကချင်လွတ်မြောက်ရေး တပ်မတော် KIA အနေနဲ့ အပစ်အခတ် ရပ်စဲရေး NCA စာချုပ်မှာ လက်မှတ် မထိုးရသေးတဲ့ အတွက် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေး ပွဲတွေကိုတော့ တရားဝင် ကျင်းပခွင့် ရရှိသေးတာ မဟုတ်ပါဘူး။
အခု ဆွေးနွေး ပွဲ ကတော့ အမျိုးသား အဆင့် နိုင်ငံရေး ဆွေနွေးပွဲ တွေ အတွက် အကြို ဆွေးနွေး ကြတာ ဖြစ်ပါတယ်။
နိုင်ငံရေး ဆွေးနွေးပွဲမှာ အဓိက အင်အားစုကြီး ဖြစ်တဲ့ ကေအိုင်အို မပါဝင် ခဲ့ပေမယ့် သူတို့ ဆွေးနွေးပွဲမှာ ပါဝင်ပြီး သဘောထား အမြင်တွေကို ဆွေးနွေး နိုင်အောင် ဆက်လက် လုပ်ဆောင်မယ်လို့ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာ တူးဂျာ က ပြောပါတယ်။
အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ အကြို ဆွေးနွေး ပွဲ ကို ကိုယ်စားလှယ် ၃၀၀ ကျော် တက်ရောက် ခဲ့ပါတယ်။
ဆွေးနွေးပွဲ ရလဒ်တွေကို စုစည်းပြီး ဖေဖော်ဝါရီလမှာ ကျင်းပမဲ့ ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံမှာ တင်ပြသွားမှာ ဖြစ်ပါတယ်။