အစ္စရေးတိုက်ခိုက်မှုအတွင်း ဟားမတ်စ်ခေါင်းဆောင်အများအပြား သေဆုံး-အောက်တိုဘာလ ၁၉ ရက် ညပိုင်း နောက်ဆုံးရသတင်းများ

ရေးသားခဲ့သည်။

ဂါဇာဒေသပေါ်ကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေစဉ်မှာပဲ ဟားမတ်စ် လုံခြုံရေးအဖွဲ့ အကြီးအကဲ သေဆုံးသွားပြီလို့ ပါလက်စတိုင်း သတင်းမီဒီယာတွေက ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း ဂျီဟက်ဒ် မေဆန်ရဲ့ မိသားစုဝင်တွေလည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဟားမတ်စ်အဖွဲ့ကို ပူးတွဲတည်ထောင်သူ အက်ဘ်ဒဲလ် အဇစ်ဇ် အယ်လ် ရန်တီဆီ လည်း မနေ့ညက တိုက်ခိုက်မှုတွေအတွင်း သေဆုံးခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။ သူတို့တွေဟာ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နက်တာညာဟုက ဟားမတ်စ်ကို ချေမှုန်းပစ်ဖို့ ဆင်နွှဲနေတယ်လို့ ဆိုတဲ့ စစ်ပွဲရှည်ကြီးအတွင်း အခုနောက်ဆုံး သေဆုံးခဲ့တဲ့ ဟားမတ်စ် ထိပ်တန်း အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။

လောလောဆယ် ပါလက်စတိုင်း ၃၈၀၀ ကျော် သေဆုံးခဲ့ပြီး အဲဒီထဲမှာ ကလေးငယ် ‌၁၅၀၀ ကျော် ပါတယ်လို့ ဂါဇာဒေသ ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။

သမ္မတဘိုင်ဒန် ကြေညာထားတာထက် ဂါဇာမှာ အကူအညီတွေ အရေးပေါ်ပိုလိုနေတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေပြော

ဗုဒ္ဓဟူးနေ့က အစ္စရေးခရီးစဉ်အတွင်း အမေရိကန်သမ္မတ ဘိုင်ဒန် ကနဦး ထုတ်ဖော်ကြေညာခဲ့တဲ့ လော်ရီကား အစင်း ၂၀ စာ ကယ်ဆယ်ရေး အထောက်အပံ့တွေထက် ဂါဇာဒေသမှာ ကယ်ဆယ်ရေးအထောက်အပံ့တွေ အများကြီး အရေးပေါ် ပိုလိုအပ်နေတယ်လို့ ကယ်ဆယ်ရေး အေဂျင်စီတွေက သတိပေးနေပါတယ်။

ဂါဇာမှာ လိုအပ်နေတဲ့ ကယ်ဆယ်ရေး အထောက်အပံ့တွေကို ဖြည့်ဆည်းနိုင်ဖို့ တစ်နေ့ကို ထရပ်ကား အစင်းတစ်ရာစာ လိုအပ်လိမ့်မယ်လို့ လူသားချင်း စာနာမှု ကယ်ဆယ်ရေး ကုလသမဂ္ဂအကြီးအကဲ မာတင် ဂရစ်ဖစ်သ် က ပြောထားပါတယ်။

အီဂျစ် လုံခြုံရေးတာဝန်ရှိပုဂ္ဂိုလ်တွေက ကယ်ဆယ်ရေး အကူအညီတွေ စတင်ပို့ဆောင်ပေးနိုင်အောင် ဂါဇာမှာရှိတဲ့ လမ်းတွေ ပြင်ဖို့ စက်ပစ္စည်းတွေကို သူတို့ထိန်းချုပ်ထားတဲ့ ရာဖါ ဖြတ်ကျော်လမ်းကနေ ပို့ဆောင်ပေးမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ဒီလိုလုပ်ဖို့က အချိန်ယူရမှာ ဖြစ်ပါတယ်။

အစ္စရေးကတော့ ကယ်ဆယ်ရေးအထောက်အပံ့တွေ ဟားမတ်စ်ဆီ မရောက်သွားသမျှတော့ ပို့ဆောင်မှုတွေကို တားဆီးပိတ်ပင်မှာ မဟုတ်ဘူးလို့ ကတိပြုထားပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ မြောက်ကိုရီးယားခေါင်းဆောင် တွေ့ဆုံခဲ့

ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ်ဟာ သူ့ရဲ့ ပြုံယမ်းမြို့ခရီးစဉ် ဒုတိယမြောက်နေ့မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုန်အွန်းနဲ့ တွေ့ဆုံခဲ့တယ်လို့ ရုရှားအစိုးရက ထုတ်ဖော်ပြောပါတယ်။ တွေ့ဆုံဆွေးနွေးမှုက တစ်နာရီလောက် ကြာခဲ့တယ်လို့ ရုရှားနိုင်ငံခြားရေးဌာနက ဆိုပါတယ်။ နောက်ထပ် အသေးစိတ်ကိုတော့ ထုတ်ဖော်မပြောခဲ့ပါဘူး။

အစောပိုင်းတုန်းက မစ္စတာ လက်ဗ်ရော့ဗ်က သူ့အဆိုအရ အမေရိကန်နဲ့ မိတ်ဖက်နိုင်ငံတွေဖြစ်တဲ့ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေက မြောက်ကိုရီးယားကို အန္တရာယ်ကြီးတဲ့ စစ်ရေးမူဝါဒတွေ ထားရှိနေတယ် ဆိုပြီး ဝေဖန်ပြောဆိုခဲ့ပါတယ်။

အမေရိကန်အစိုးရဟာ ဒေသတွင်းမှာ နျူကလီးယား အစိတ်အပိုင်းတွေ ပါတဲ့ နည်းဗျူဟာပိုင်း အခြေခံအဆောက်အအုံ ဖြန့်ကြက် တပ်စွဲထားတယ်လို့ သူက ဆိုပါတယ်။ အသေးစိတ်ကိုတော့ ပြောမသွားပါဘူး။

ရုရှားကို ကင်ဂျုန်အွန်း သွားရောက်ခဲ့အပြီးမှာ မြောက်ကိုရီးယားက ရုရှားကို လက်နက်ခဲယမ်းတွေ စ ထောက်ပံ့ပေးနေတယ်လို့ အမေရိကန်အစိုးရက ပြောပါတယ်။

တရုတ်အိမ်ခြံမြေလုပ်ငန်းကုမ္ပဏီ တည်ထောင်သူနဲ့ သမီးဖြစ်သူ နိုင်ငံထဲက ထွက်ပြေးသွားပြီဆိုတဲ့သတင်း ကုမ္ပဏီငြင်းဆို

တရုတ်နိုင်ငံရဲ့ အကြီးဆုံး အိမ်ခြံမြေလုပ်ငန်းကုမ္ပဏီကြီးတွေထဲက တစ်ခု ဖြစ်တဲ့ Country Garden ကုမ္ပဏီ တည်ထောင်သူ ယန် ဂေါင်ချီယန်းနဲ့ သူ့သမီးဖြစ်သူ ကုမ္ပဏီဥက္ကဋ္ဌ ယန် ခွေယန်း တို့ နိုင်ငံထဲကနေ ထွက်ပြေးသွားကြပြီ ဆိုတဲ့ သတင်းတွေ မဟုတ်မမှန်ဘူးလို့ ကုမ္ပဏီက ငြင်းဆိုလိုက်ပါတယ်။

သူတို့နှစ်ဦးဟာ တရုတ်နိုင်ငံတွင်းမှာပဲ ပုံမှန် အလုပ်လုပ်နေကြကြောင်းနဲ့ ဒီသတင်းတွေဟာ ယုတ်မာတဲ့ ကောလဟလတွေသာ ဖြစ်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။

စုစုပေါင်း အကြွေး ဒေါ်လာ ဘီလျံ ၂၀၀ လောက် တင်ရှိနေတဲ့ Country Garden ကုမ္ပဏီ ဟာ သီတင်းပတ်ပေါင်းများစွာ အကြွေးမဆပ်ပဲ ရှောင်နေခဲ့တာပါ။ အခုသီတင်းပတ်မှာ အတိုးငွေ ဒေါ်လာ ၁၅ သန်း ပေးရဖို့ ရှိနေပါတယ်။

တရုတ်နိုင်ငံရဲ့ စီးပွားရေးကဏ္ဍ စုစုပေါင်းမှာ ၄ ပုံ ၁ ပုံ ပါဝင်နေတဲ့ အိမ်ခြံမြေလုပ်ငန်းဟာ အကျပ်အတည်းကြုံနေရတာ ကြာနေပြီ ဖြစ်ပြီး Country Garden ကုမ္ပဏီ ဟာ ဒေဝါလီ ခံရလုနီးပါး အခြေအနေ ရောက်နေတာ ဖြစ်ပါတယ်။

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း နိုင်ငံထဲ ပြန်ဝင်လာရင် အကာအကွယ်ပေးမယ့် အာမခံ တရားရုံးခွင့်ပြု

ပြည်ပကို ကိုယ့်သဘောနဲ့ကိုယ် ထွက်ပြေးခိုလှုံနေရာကနေ ပါကစ္စတန်နိုင်ငံထဲ ပြန်လာဖို့ စီစဉ်နေတဲ့ ဝန်ကြီးချုပ်ဟောင်း နဝါ့ဇ် ရှာရစ်ဖ် ကို သူပြန်မလာခင် တင်ကြိုပြီး ပါကစ္စတန် တရားရုံးတစ်ခုက သူ့ကို အကာအကွယ်ပေးမယ့် အာမခံတစ်ခု ခွင့်ပြုလိုက်ပါတယ်။ အဲဒီ အာမခံအရ သူ့ကို လာမယ့်သီတင်းပတ်မှာ စီစဉ်ထားတဲ့ တရားရုံး ကြားနာစစ်ဆေးမှုမတိုင်ခင် ဖမ်းဆီးနိုင်မှာ မဟုတ်ပါဘူး။

မစ္စတာ ရှာရစ်ဖ်ဟာ အခုလအထိ လန်ဒန်မြို့မှာ နေထိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ်တုန်းက ပါကစ္စတန်တရားရုံးတစ်ခုရှေ့မှောက် လာရောက် စစ်ဆေးခံဖို့ ပျက်ကွက်ခဲ့တဲ့အတွက် တရားခံပြေး ဖြစ်လာခဲ့တာပါ။

သူဟာ အဂတိမှုနဲ့ ပြစ်မှုထင်ရှားခဲ့အပြီး ၂၀၁၇ ခုနှစ်မှာ ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။ အခုသီတင်းပတ်ကုန်ရက်မှာ မစ္စတာ ရှာရစ်ဖ် ပါကစ္စတန်ကို ပြန်လာမယ်လို့ ယူဆရပါတယ်။