ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ခရစ္စမတ်ပွဲလုပ်ပေမဲ့ ဆိုရှယ်လစ်နိုင်ငံဖြစ်ကြောင်းမမေ့ဖို့ တရုတ်သတိပေး - ဒီဇင်ဘာ ၂၅ ရက် နိုင်ငံတကာထိပ်တန်းသတင်းများ
တရုတ်နိုင်ငံမှာ ခရစ္စမတ်စ်နေ့ ပွဲတော်ကို ဆင်နွှဲကြတဲ့ တရုတ်ခရစ်ယာန်တွေ အနေနဲ့ မိမိတို့ဟာ ကိုယ်ပိုင် ယဉ်ကျေးမှု အစဉ်အလာတွေ ကြီးမားတဲ့ ဆိုရှယ်လစ် တိုင်းပြည်မှာ နေထိုင်ကြသူတွေ ဖြစ်ကြောင်း မမေ့ကြဖို့ လိုတယ် ဆိုပြီး တရုတ် ကွန်မြူနစ်ပါတီက သတိပေး တိုက်တွန်းစကား ပြောဆိုပါတယ်။
အဲဒီသတင်းစကားကို တရုတ် ကွန်မြူနစ်ပါတီရဲ့ နိုင်ငံရေး သဘောတရား ဆိုင်ရာ ဌာနကြီးမှူး ဝမ်ဟူနင်က တရုတ် ပရိုတက်စတင့် ခရစ်ယာန် အသိုင်းအဝိုင်းနဲ့ ပွဲတော်ကာလ တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဘာသာတရားတွေကို ကိုးကွယ် ယုံကြည်နိုင်ကြပေမယ့် ပိုပြီး တရုတ်ဆန်အောင် လုပ်ရမယ်၊ နိုင်ငံရပ်ခြား ဩဇာခံ မဖြစ်ရဘူး ဆိုပြီး တရုတ်သမ္မတ ရှီကျင်းပင် ကလည်း ဆော်ဩ ပြောဆိုနေတာ နှစ်အတန်ကြာ ရှိနေပြီ ဖြစ်ပါတယ်။
တရုတ်နိုင်ငံထဲမှာ ခရစ်ယာန် ဦးရေ ဘယ်လောက် ရှိသလဲ ဆိုတာ အတိတကျ မသိပေမယ့် ဆယ်သန်း အထက် သန်းပေါင်းများစွာ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
ရုရှားကနေ ဖဲကြဉ်ပြီး ဥရောပ ပိုဆန်အောင် ဒီဇင်ဘာ ၂၅ မှာ ခရစ္စမတ် လိုက်လုပ်လာတဲ့ ယူကရိန်း အော်သိုဒေါ့စ်
ယူကရိန်းနိုင်ငံထဲက အော်သိုဒေါ့စ် ခရစ်ယာန် အများအပြားဟာ ဒီကနေ့ ဒီဇင်ဘာ ၂၅ ရက်ကို ခရစ္စမတ်စ်နေ့ အခါသမယ အဖြစ် ပထမဆုံး အကြိမ် ဆင်နွှဲလာကြပါတယ်။
တကယ်တော့ ယူကရိန်းလည်းပဲ ရုရှားလိုပဲ အော်သိုဒေါ့စ် ခရစ်ယာန် အစဉ်အလာ ဂျူလီယန် ပြက္ခဒိန်ကိုပဲ သုံးစွဲတဲ့ နိုင်ငံဖြစ်ပြီး၊ ပုံမှန်အားဖြင့် ခရစ္စမတ်စ်နေ့ကို ဇန်နဝါရီ ၇ ရက်မှာ ဆင်နွှဲကြပါတယ်။
အခုလို အနောက်ဥရောပ နိုင်ငံတွေနည်းတူ ဂျော်ဂျီယံ ပြက္ခဒိန် အတိုင်း ဒီဇင်ဘာ ၂၅ ရက်မှာ ခရစ္စမတ်စ်နေ့ ပြုလုပ်လာတာဟာ ရုရှားနဲ့ နီးစပ်မှုတွေကနေ ပိုပြီး ဖယ်ခွာ ပြလာတဲ့ အပြုအမူ အဖြစ် မှတ်ယူနိုင်ပါတယ်။
ကိယက်ဗ်မြို့တော် စိန့်မိုက်ကယ် ကက်သီဒရယ် ဘုရားကျောင်းကြီးထဲမှာ ခရစ္စမတ်စ်နေ့ ဝတ်ပြု ဆုတောင်းပွဲ အခမ်းအနား ပြုလုပ်ပါတယ်။
အခုလို ဇန်နဝါရီထဲ ခရစ္စမတ်စ်ပွဲ လုပ်တဲ့ ရုရှား အမွေအနှစ် အစဉ်အလာကို စွန့်ခွာခွင့် ရှိတယ် ဆိုပြီး ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်စကီးက ပြီးခဲ့တဲ့ ဇူလိုင်လ ကတည်းက ဥပဒေ ပြင်ဆင် ပြောင်းလဲမှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။
ယူကရိန်း ပါလီမန် အမတ် တစ်ယောက် ဖြစ်တဲ့ အိုလက်ဇင်ဒါ မာရက်ရှ်ကို ဘီဘီစီကို ပြောတာက ….
“ကျွန်တော်တို့ အတွက်တော့ ဒီကနေ့မှာ ခရစ္စမတ်စ်ပွဲလုပ်တယ် ဆိုတာဟာ အတော် အရေးကြီးတဲ့ သင်္ကေတ သဘောဆောင် ပြုမူမှု ဖြစ်ပါတယ်။ ကျွန်တော်တို့ ယူကရိန်းပြည်သူတွေနဲ့ ယူကရိန်း အော်သိုဒေါ့စ် ကျောင်းတော်ဟာ ဥရောပနဲ့ သက်ဆိုင်တယ်၊ ဥရောပရဲ့ အစိတ်အပိုင်း ဖြစ်တယ် ဆိုတာကို မီးမောင်းထိုး ပြသတာ ဖြစ်တယ်” ဆိုပြီး ပြောသွားပါတယ်။
ယူကရိန်းထဲက တိုက်ပွဲ အခြေအနေတွေကို ကြည့်ရင်တော့ …. ယူကရိန်းရဲ့ လေကြောင်းရန်ကာ အဖွဲ့က ရုရှားရဲ့ ဆုခွိုင်း အမျိုးအစား ဗုံးကြဲ တိုက်လေယာဉ် တစ်စင်းကို ပင်လယ်နက် ကမ်းရိုးတန်းပေါ်မှာ ပစ်ချ နိုင်ခဲ့တယ် ဆိုပြီး ယူကရိန်း လေတပ်ရဲ့ တပ်မှူးတစ်ယောက် ဖြစ်တဲ့ မီကိုလာ အိုလေရှပ်ခ်က ပြောပါတယ်။
ရုရှားရဲ့ တိုက်လေယာဉ် နောက်တစ်စင်းလည်း ရုရှား အခြေစိုက် လေတပ်စခန်းကို ပြန်ရောက်မလာဘူးလို့ သိရတာကြောင့် စုစုပေါင်း ၂ စင်းထိအောင် ပစ်ချနိုင်ခဲ့တာ ဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။
တခါ …. ရုရှား ကာကွယ်ရေး ဝန်ကြီး ဌာနကလည်း ပြီးခဲ့တဲ့ ၂၄ နာရီ အတွင်း သူတို့ဘက်က ပစ်ချနိုင်ခဲ့တဲ့ ယူကရိန်း ဂျက်တိုက်လေယာဉ် ၄ စင်းထိအောင် ရှိတယ် ဆိုပြီး ကြေညာပါတယ်။ လွတ်လပ်တဲ့ သီးခြား အတည်ပြုမှုတော့ မရှိသေးပါဘူး။
ရွေးကောက်ပွဲ ပြန်လုပ်ပေးဖို့ ဘဲလ်ဂရိတ်လမ်းတွေကို ပိတ်ပြီးဆန္ဒပြ
ဆားဘီးယား နိုင်ငံမှာ ရွေးကောက်ပွဲ အသစ် ပြန်လုပ်ပေးဖို့ တောင်းဆိုနေကြတဲ့ ဆန္ဒပြပွဲတွေ အကြီးအကျယ် ပေါ်ပေါက်နေပါတယ်။ မြို့တော် ဘဲလ်ဂရိတ်ရဲ့ လမ်းတွေကို ဆက်ပြီး ပိတ်ဆို့ ထားဦးမယ်လို့ ဆန္ဒပြသမားတွေက ပြောကြပါတယ်။ ပြီးခဲ့တဲ့ ည ကဆိုရင် မြို့တော်ခန်းမထဲကို ဆန္ဒပြလူအုပ် ဝင်ရောက်ဖို့ ကြိုးစားခဲ့ကြပြီး၊ ရဲက မျက်ရည်ယိုဗုံးသုံးလို့ ဖြိုခွဲခဲ့ပါတယ်။
ဆားဘီးယား ပြည်ထဲရေးရုံးရဲ့ ရဲဌာန အကြီးအကဲ အိုင်ဗီကာ အီဗာကိုဗစ်ချ် ပြောတာက ….
“တနင်္ဂနွေည အဖြစ်အပျက်အတွင်း မြို့တော်ခန်းမ ပရိဝုဏ်ထဲ ဇွတ်အတင်း ဝင်ရောက်ဖို့ ကြိုးစားခဲ့တဲ့ ဆူပူသူတွေကို ဖမ်းဆီးထားတာမှာ စုစုပေါင်း ၃၈ ယောက် ရှိပါတယ်” ဆိုပြီး အတည်ပြု ပြောပါတယ်။
ဆားဘီးယားမှာ လတ်တလော ကျင်းပခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ၊ မဲလိမ် မဲခိုးမှုတွေ ရှိခဲ့တယ် ဆိုပြီး ဆန္ဒပြသမားတွေက ပြောဆိုကြပါတယ်။ နိုင်ငံတကာ စောင့်ကြည့်ရေး သမားတွေကလည်း ဆားဘီးယား ရွေးကောက်ပွဲအတွင်း “မူမမှန်တာတွေ ရှိတယ်” ဆိုပြီး သတိပေး ထောက်ပြ ခဲ့ကြပါတယ်။ လက်ရှိ ဆားဘီးယား သမ္မတ အလက်ဇန်ဒါ ဗူးချစ်ရှ်ကတော့ အဲဒီ ပြေဆိုမှုတွေ အားလုံးကို ပယ်ချ ထားပါတယ်။
ခန်းယူနစ်မှာ ဟားမတ်စ် ထိပ်တန်းခေါင်းဆောင် သေဆုံးကြောင်း အစ္စရေးပြော
ဂါဇာမှာတော့ အစ္စရေး စစ်တပ်ရဲ့ ကြည်း၊ရေ၊လေ ပူးပေါင်း စစ်ဆင်ရေး တစ်ခု အတွင်း ဟားမတ်စ်ရဲ့ ထိပ်တန်း ခေါင်းဆောင် တစ်ဦး ခန်းယူနစ်မြို့မှာ သေဆုံးသွားတယ် ဆိုပြီး အစ္စရေး ဘက်က ပြောပါတယ်။ ဘယ်သူဘယ်ဝါလဲ ဆိုတာကိုတော့ နာမည်တပ် ပြောတာမျိုး မလုပ်ပါဘူး။ ဂါဇာစစ်ဆင်ရေးတွေ အတွင်း အစ္စရေး စစ်သား ၂ ယောက်လည်း ထပ်မံ သေဆုံးကြောင်း အစ္စရေး စစ်တပ်က အတည်ပြုတဲ့ အတွက် ဂါဇာမှာ သေဆုံးတဲ့ အစ္စရေး စစ်သား ၁၅၆ ယောက် ရှိသွားပြီ ဖြစ်ပါတယ်။
အိန္ဒိယ လေယာဉ် နောက်ပြန်လှည့်ရပြီ
အိန္ဒိယ ခရီးသည် အယောက် ၃၀၀ ကျော် လိုက်ပါလာတဲ့ နီကာရာဂွါ ခရီးစဥ် လေယာဉ်ကို လူကုန်ကူးမှု သံသယနဲ့ ပြင်သစ် နိုင်ငံမှာ ဆက်လက် ပျံသန်းခွင့် မပေးတော့ပဲ ဆိုင်းငံ့ ထားတာကနေ အခုဆိုရင် အဲဒီလေယာဉ်ဟာ မွန်ဘိုင်းမြို့ကို လှည့်ပျံသွားရပြီ ဖြစ်ပါတယ်။ ပြင်သစ် အရှေ့မြောက်ပိုင်း ဗာထရီ လေဆိပ်မှာ ဆီဝင်ဖြည့်တဲ့ အဲဒီ လေယာဉ်ပေါ်မှာ လူကုန်ကူးခံရသူတချို့ လိုက်ပါလာတယ် ဆိုတဲ့ တိုင်တမ်းချက် ရှိလာတာကြောင့် လေယာဉ်ကို ဆက်လက် ထွက်ခွာခွင့် မပေးပဲ ပြင်သစ် တရားရေး အာဏာပိုင်တွေ ၂ ရက်ကြာ စုံစမ်း စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။