ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပြည်တွင်းစီးပွားရေးတိုးတက်နေတယ်လို့ စစ်ခေါင်းဆောင်ပြော-နိုဝင်ဘာ ၅ ရက်ထိပ်တန်းသတင်းများစုစည်းမှု
အတိုးပြန်ဆပ်ထားတဲ့ ကိုဗစ်ချေးငွေယူထားသူတွေကို ပြန်ဆပ်ကာလ စစ်ကောင်စီ နောက်ထပ်တစ်နှစ်သက်တမ်းတိုး
ကိုဗစ် ၁၉ ကြောင့် စီးပွားရေးထိခိုက်တာတွေကိုပြန်ပြီးကုစားဖို့အတွက် အထိအခိုက်များတဲ့လုပ်ငန်းတွေကို ထုတ်ပေးထားတဲ့ ချေးငွေတွေပြန်ဆပ်ဖို့ သက်တမ်းတစ်နှစ် ထပ်တိုးပေးတယ်လို့ စစ်ကောင်စီက နိုဝင်ဘာ ၄ ရက်စွဲနဲ့ထုတ်ပြန်ထားပါတယ်။
တစ်နှစ်သက်တမ်းတိုးမြှင့်တဲ့အထဲမှာ အတိုးနှစ်ကြိမ်ဆပ်ထားတဲ့ကုမ္ပဏီတွေဖြစ်ပြီး ချေးငွေရည်ရွယ်ချက်အတိုင်း ထိရောက်အောင် ဆောင်ရွက်နေတဲ့လုပ်ငန်းဖြစ်ရမယ်လို့လည်း ဆိုပါတယ်။ ကိုဗစ်ချေးငွေတွေကို ကိုဗစ်ကပ်ရောဂါ ကြောင့် ထိခိုက်အများဖြစ်တဲ့ လုပ်ငန်းတွေကို ဦးစားပေးကဏ္ဍအလိုက် ရန်ပုံငွေကျပ် ၂၀၀ ဘီလီယံထဲကနေ လုပ်ငန်းပေါင်း ၅၉၉၀ ခုအတွက် ချေးငွေပေါင်း ၁၅၈ ဘီလီယံကျော်ကို ၂၀၂၀ ပြည့်နှစ် ဧပြီ ၉ ရက်မှာ ထုတ်ချေးခဲ့တာပါ။
ချေးငွေသက်တမ်းတစ်နှစ်ကို အတိုးနှုန်း ၁ ၇ာခိုင်နှုန်းနဲ့ သတ်မှတ်ထားပါတယ်။ ချေးငွေထုတ်ချေးခဲ့တဲ့လုပ်ငန်းတွေထဲမှာ CMP လုပ်ငန်းတွေ၊ အသေးစား အလတ်စားစီးပွားရေးလုပ်ငန်းတွေ၊ စိုက်ပျိုးရေး မွေးမြူရေးနဲ့ ရေထွက်ပစ္စည်းထုတ်လုပ်ငန်းတွေ၊ ပြည်ပပို့ကုန်ထုတ်လုပ်ငန်းတွေ၊ သွင်းကုန်အစားထိုးပစ္စည်းထုတ်လုပ်တဲ့လုပ်ငန်းတွေ အပါဝင် လုပ်ငန်းပေါင်း ၁၀ ခု ပါပါတယ်။
အဲဒီလုပ်ငန်းတွေကို ထုတ်ပေးခဲ့တဲ့ ချေးငွေးကို ၂၀၂၁ ခုနှစ် မတ် မှာ သက်တမ်း ၆ လ တစ်ခါတိုးမြှင့်ပြီး ၂၀၂၁ ခုနှစ် စက်တင်ဘာမှာ သက်တမ်း ၁ နှစ်နဲ့၆ လ တစ်ကြိမ် တိုးမြှင့်ခဲ့ပြီး အခုလည်း နောက်ထပ်တစ်နှစ် ထပ်တိုးပေးတာဖြစ်ပါတယ်။
ချေးငွေတွေ ထုတ်ယူထားတဲ့ လုပ်ငန်းတွေအနေနဲ့ ချေးငွေအရင်း၊ အတိုး ပြန်ပေးဖို့ ပျက်ကွက်မယ်ဆိုရင် ချေးငွေသဘောတူစာချုပ်အတိုင်း အရေးယူဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် သက်တမ်းတိုးမြှင့်တဲ့ကာလအတွင်း အပြီးသတ် ပြန်ဆပ်ကြဖို့ ထုတ်ပြန်ထားပါတယ်။
ရေစကြိုမှာ ပီဒီအက်ဖ်ဂိတ်စခန်းကို လာရောက်ရှင်းလင်းချိန် ပျုစောထီးအဖွဲ့ဝင်တစ်ဦး မိုင်းထိမှန်သေဆုံးတယ်လို့ ဒေသကာကွယ်ရေးဘက်ကပြော
ဒေါ်အောင်ဆန်းစုကြည်ပုံချိတ်ဆွဲထားတဲ့ဗီနိုင်းကို လက်နက်ကိုင်ထားတဲ့ ထိုလူက ကန်လိုက်တဲ့နောက် ပေါက်ကွဲသံကြား လဲကျသွားတာကိုတွေ့ရတဲ့ဗီဒီယိုဖိုင်လည်း ထွက်ပေါ်နေ
မကွေးတိုင်း၊ ရေစကြိုမြို့နယ် ကျောက်လှေခါးရွာလမ်းဆုံမှာ ရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ဂိတ်စခန်းတစ်ခုကို လာရောက်ရှင်းလင်းတဲ့ အထဲ ပျူစောထီးအဖွဲ့ဝင်တစ်ဦး မိုင်းထိသေဆုံးပြီးနောက် ပခုက္ကူ GTI တက္ကသိုလ်နဲ့ ရေစကြိုအကြား စစ်ကောင်စီက ကင်းပုန်းတွေချထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
“အရင်က ကင်းပုန်းဝပ်တာ တစ်ယောက်နှစ်ယောက်ပဲ၊ အခုက ကင်းပုန်းဝပ်တာ ၁၀ ယောက်ကျော်လောက်ရှိတယ်ဗျ၊ GTC နဲ့ ရေစကြိုတောက်လျှောက်ပဲ၊ လမ်းသွားလမ်းလာတွေကိုတော့ စစ်ဆေးတာတော့ မရှိဘူး။ စစ်ဆေးရေးဂိတ်တွေကတော့ စစ်တာပေါ့၊ ကင်းပုန်းကတော့ သက်သက်ပေါ့”လို့ Yesagyo Revolution Group က တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။ ကျောက်လှေခါးကျေးရွာလမ်းဆုံမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်တုန်းက စစ်ကောင်စီထုတ်ကုန်ပစ္စည်းတွေကိုသုံးစွဲတာရှိမရှိကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ဂိတ်ဖွင့်စစ်ဆေးခဲ့ကြတယ်လို့ပြောပါတယ်။
စစ်မှန်တဲ့ဒီမိုကရေစီကို လိုချင်တဲ့အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံကို စစ်ဆေးရေးဂိတ်မှာ ချိတ်ဆွဲခဲ့တဲ့အကြောင်း၊ အဲ့ဒီအချိန်မှာ ပျူစောထီးအဖွဲ့တွေ ရောက်လာမယ်လို့ သတင်းကြားရတဲ့အတွက် ထွက်ခွာလာကြပြီးနောက် ပျူစောထီးအဖွဲ့ထဲက တစ်ယောက်က ဒေါ်အောင်ဆန်းစုကြည်ပုံကို ခြေထောက်နဲ့ကန် ဖျက်ဆီးခဲ့တဲ့အကြောင်း၊ အဲ့ဒီပျူစောထီးအဖွဲ့ဝင်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ထောင်ထားခဲ့တဲ့မိုင်း နင်းမိပြီး နေရာမှာတင်ပွဲချင်းပြီးသေဆုံးတာဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
လူမှုကွန်ရက်မှာပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်မှာလည်း လူတစ်ဦးက ဗီနိုင်းစကို ခြေထောက်နဲ့ ကန်လိုက်တဲ့ ပုံရိပ်ပါရှိပြီး မကြာခင်မှာပဲ ပေါက်ကွဲသံတစ်ချက်ကိုကြားရသလို ခြေထောက်နဲ့ကန်လိုက်တဲ့သူလည်း လဲကျသွားတာကိုတွေ့ရပါတယ်။
အဲဒီနောက်အနီးမှာရှိသူတချို့က ဖုန်းဆက်ခေါ်ယူဖို့ ပြောနေသံတွေကိုလည်း ဗီဒီယိုဖိုင်မှာမြင်တွေ့ရပါတယ်။
အခုဗီဒီယိုဖိုင်ပါထိခိုက်လဲကျသွားသူဟာ ပျူစောထီးအဖွဲ့ဝင်ဖြစ်တယ်လို့ ပြောကြားချက်နဲ့ပတ်သက်ပြီးဘီဘီစီက သီးခြားအတည်မပြုနိုင်သလို ဒီဖြစ်စဥ်အပြီး လုံခြုံရေးတင်းကျပ်ထားတဲ့အခြေအနေကိုသိရဖို့ စစ်ကောင်စီထံ ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။
စစ်ကောင်စီကတော့ ပျူစောထီးအဖွဲ့ရယ်လို့ ဖွဲ့စည်းထားတာမရှိကြောင်း၊ သက်ဆိုင်ရာရပ်ကွက်ကျေးရွာဒေသတွေမှာ ပြည်သူလူထုက သူတို့လုံခြုံရေးအရ တောင်းဆိုလာရင် ပြည်သူ့စစ်အနေနဲ့ လိုအပ်တဲ့ စစ်ဥပဒေတွေကို သင်တန်းပေးတာရှိတယ်လို့ ပြောကြားထားပါတယ်။
ကန့်ဘလူမြို့နယ်မှာ ကျေးရွာလေးရွာ လက်နက်ကြီးနဲ့ပစ်ခတ်ခံရ၊ စာသင်ကျောင်းတစ်ကျောင်း ထိမှန်ပျက်စီး
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကိုးထောင်ဘို့ကနေ ထွက်လာတဲ့ အင်အား ၆၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်တွေက ဒီနေ့ နိုဝင်ဘာ ၅ ရက် မနက်ပိုင်းမှာ မိဿလင်ကုန်းကျေးရွာကို ရောက်လာပြီး အဲဒီကနေ အလယ်ခုံ၊ လွင်ကြီး၊ သင်တော၊ ဇော်ချောင်း စတဲ့ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနက် ၁၀ နာရီကျော်ကနေ ၁၁ နာရီကျော်အထိ တစ်နာရီနီးပါး ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၄၅၀၀ ဝန်းကျင်လည်း ထွက်ပြေးတိမ်းရှောင်ကြရတယ်လို့ ပြောပါတယ်။ လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် အလယ်ခုံကျေးရွာက စာသင်ကျောင်းပျက်စီးသွားပြီး အရပ်သားတွေ ထိခိုက်သေဆုံးတာရှိ၊ မရှိကိုတော့ မသိကြရသေးပါဘူးလို့ ပြောကြပါတယ်။
“မနက်စောကတည်းက ဆိုင်ကယ်နဲ့ လက်နက်ကြီး အစိတ်အပိုင်းတွေ သယ်လာတယ်။ ပြီးတော့ ဆက်တိုက်ကိုပစ်တာ၊ တိုက်ပွဲဖြစ်တာမရှိဘူး။ မိုင်းဆွဲခံရတယ်လို့လည်း မကြားပါဘူး။ PDF တွေရှိတယ်ထင်ပြီးပစ်နေတာလို့ပဲ ထင်ပါတယ်”လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။ ကိုးထောင်ဘို့မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နဲ့ ၂ ရက်မှာ နှောကုန်းကျေးရွာမှာ တပ်စွဲခဲ့ပြီး နိုဝင်ဘာ ၃ ရက်နေ့မှာ နှောကုန်းကျေးရွာကနေ ပြန်ထွက်လာတဲ့အကြောင်း၊ အဲ့ဒီစစ်ကြောင်းက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးပေါက်ကွဲတာကြောင့် ဇီးကနားကျေးရွာက ဒေသခံ ၄ ယောက် ကျည်စထိမှန်ပြီး အသက် ၆၈ နှစ်အရွယ် သက်ကြီးရွယ်အို အမျိုးသမီးနဲ့ အသက် ၁၃ နှစ်အရွယ် ကလေးတစ်ယောက် သေဆုံးသလို၊ ကျေးရွာသား ၁၆ ယောက်လည်း ဓားစားခံအဖြစ် အဖမ်းခံထားရတာ မလွတ်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အခုလို စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ကျေးရွာတွေထဲပစ်ခတ်တယ်လို့ဒေသခံတွေရဲ့ပြောကြားချက်အပေါ် ဘီဘီစီကသီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကိုလည်း ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။
ရခိုင်မှာ တစ်ပတ်အတွင်း လက်နက်ကြီးထိမှန်လို့ ၇ ဦးသေဆုံး၊ ဒဏ်ရာရသူ အနည်းဆုံး ၁၀ဦး ရှိ
ရခိုင်ပြည်နယ်မှာ အခု နိုဝင်ဘာ ပထမအပတ်အတွင်း စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျည်တွေ ကျေးရွာအတွင်းကျရောက်ပေါက်ကွဲပြီး သေဆုံးသူ ၇ ဦးနဲ့ ထိခိုက်ဒဏ်ရရှိသူ အနည်းဆုံး ၁၀ ဦးခန့်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။
သေဆုံးသူတွေထဲမှာ အသက် ၁၀ နှစ်အောက် ကျောင်းနေအရွယ် ကလေးငယ်တွေလည်းပါဝင်ပြီး သက်ကြီးပိုင်းအမျိုးသားနဲ့အမျိုးသမီးတွေလည်းပါဝင်ပါတယ်။
နိုဝင်ဘာ ၅ ရက် ဒီနေ့မှာလည်း ဘူးသီးတောင်မြို့နယ်အတွင်းက သရက်ကင်းမနူး မွတ်ဆလင်ကျေးရွာကို စစ်ကောင်စီရဲ့ ဘူးသီးတောင်အခြေစိုက် စစ်ဗျူဟာတပ်ကနေ ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် မွတ်ဆလင် ၃ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
အဲ့ဒီတပ်ကနေ လက်နက်ကြီးကျည်တွေကို မနေ့ညကတည်းကပစ်ခတ်နေတာဖြစ်ပြီး အခုနေ့လယ်ပိုင်းအထိလည်း ပစ်ခတ်နေဆဲဖြစ်ကာ နောက်ထပ် ဘယ်နေရာတွေမှာ ကျရောက်ပါက်ကွဲပြီး ထိခိုက်မှုတွေဘယ်လောက်ရှိနေလဲဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် နိုဝင်ဘာ ၄ ရက် မနေ့မမနက်ပိုင်း ၁၀ နာရီလောက်မှာလည်း ကျောက်တော်မြို့နယ်အတွင်းက ရွှေပြည်ရွာသစ် ကျေးရွာကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့လို့ အသက် ၈ နှစ်အရွယ် ကျောင်းသားလေးတစ်ဦးနဲ့ အသက် ၈၆ နှစ်အရွယ် သက်ကြီးရွယ်အို အမျိုးသားတစ်ဦးသေဆုံးခဲ့ရတယ်လို့ ရွာသားတွေက ပြောပါတယ်။
သေဆုံးသူနှစ်ဦးတို့မှာ ဦးမောင်တူငယ်နဲ့ သူ့ရဲ့မြစ်ဖြစ်သူ မောင်အောင်မင်းနိုင်တို့ဖြစ်ကြပြီး ဒဏ်ရာရသူ ၈ ဦးအနက် ၆ ဦးကိုတော့ ကျောက်တော်ဆေးရုံကိုပို့ဆောင်ထားရတယ်လို့ သိရပါတယ်။
ကျောက်တော်ဆေးရုံမှာ ဆေးကုသမှုခံယူနေရတဲ့ ၆ ဦးအနက် ခါးဆစ်ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တဲ့ ဒဏ်ရာပြင်းထန်သူတစ်ဦးကိုတော့ ဒီကနေ့မှာ စစ်တွေဆေးရုံကို ပို့ဆောင်ပေးသွားမှာဖြစ်တယ်လို့ ရွှေပြည်ရွာသစ်ကျေးရွာ ရာအိမ်မှူး ဦးထွန်းထွန်းမြင့်က ပြောပါတယ်။
“လက်နက်ကြီးကျည်က တပ်မနားမှာရှိတဲ့ နေဗီကနေပစ်တာပါ။ ကျွန်တော်တို့ရွာနားမှာ တိုက်ပွဲမဖြစ်ဘူး။ ရွာထဲကို ကျည် ၆ လုံးလောက်ကျတယ်။ ထိခိုက်တာ ၁၀ ယောက်မှာ ၂ ယောက်သေတယ်။ ရွာသားတွေလည်း ကြောက်ပြီး ထွက်ပြေးနေကြတယ်။”လို့ ရွာသားတစ်ဦးက ပြောပါတယ်။
မနေ့ကဖြစ်ပွားခဲ့တဲ့ပစ်ခတ်မှုဟာ ကျောက်တော်မြို့ရဲ့အထက်ပိုင်း ရုပ်သကျေးရွာအနီးမှာ စစ်ကောင်စီဇက်ရေယာဉ်ကို ရက္ခိုင့်တပ်တော် အေအေကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ရေတပ်ကနေ အနီးဝန်းကျင်နေရာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုဖြစ်ပွားတဲ့နေရာနဲ့ မသက်ဆိုင်တဲ့ကျေးရွာတွေမှာ အခုလိုကျရောက် ပေါက်ကွဲခဲ့တာလို့ ရွာသားတွေက ပြောပါတယ်။
နိုဝင်ဘာ ၁ ရက်နေ့ ညသန်းခေါင်းကျော်အချိန် ကျောက်တော်တပ်မကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တဲ့အတွက် ကျောက်တော်မြို့နယ် ပီစိကျေးရွာကို လက်နက်ကြီးကျည်တွေကျရောက်ပေါက်ကွဲပြီး တစ်အိမ်တည်းအတူအိပ်နေကြတဲ့ မိသားစုဝင် သုံးဦးသေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။
သေဆုံးသူတွေကတော့ အသက် ၄၅ နှစ်အရွယ် ဦးကိုစိုးဝင်း၊ အသက် ၄၂ နှစ်အရွယ် ၄င်းရဲ့ဇနီးဖြစ်သူ ဒေါ်သန်းသန်းဝေနဲ့ အသက် ၁၃ နှစ်အရွယ် သမီးဖြစ်သူ မဖြိုးစုဝေတို့ဖြစ်ကြပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ တကျော့ပြန်တိုက်ပွဲတွေအတွင်း ရခိုင်ပြည်နယ်အတွင်း ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေရှိနေသလို ဒရုန်းတွေနဲ့လည်း လာရောက်ဗုံးချတာတွေရှိနေတာကြောင့် ဒေသခံကျေးရွာသားတွေအတွက် စိုးရိမ်ကြောင့်ကြစိတ်တွေနဲ့နေထိုင်နေကြရသလို အများစုကတော့ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးနေကြရတာဖြစ်ပါတယ်။
အခုလိုရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီက ပစ်ခတ်တဲ့လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲလို့ လူသေဆုံးမှုတွေနဲ့ထိခိုက်ဒဏ်ရာရမှုတွေနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံ ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမဲ့အဆက်အသွယ်မရခဲ့ပါဘူး။
ရန်ကုန်ကိုပေးပို့တဲ့ ဇောတိကကမ်းလွန် ဓာတ်အားလိုင်း ဓာတ်ငွေ့ယိုစိမ့်လို့ ပြုပြင်နေတာကြောင့် မီးပြတ်ချိန်တိုးလာ
ရန်ကုန်ကို လျှပ်စစ်ဓာတ်အား အဓိကပေးပို့နေတဲ့ ဇောတိက ကမ်းလွန် ဓာတ်အားလိုင်းမှာ ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်လို့ ပြုပြင်နေတာကြောင့် ရန်ကုန်မှာ ပြီးခဲ့တဲ့သီတင်းပတ်ကစလို့ လျှပ်စစ်မီး ပြတ်တောက်ချိန် များနေတယ်လို့ ရန်ကုန်တိုင်းလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းထံက သိရပါတယ်။
ရန်ကုန်ကိုအဓိက ဓာတ်အားပေးပို့တဲ့လိုင်းမှာ အခုလိုဖြစ်တဲ့အတွက် ဓာတ်အားလျော့နည်းပေးပို့နေရတာကြောင့် အရေးပေါ် ဝန်အားလျှော့ချတာတွေပြုလုပ်နေရပြီး ဒီရက်တွေထဲမီးပြတ်ချိန် ပိုများနေဦးမယ်လို့ အထက်ပါအဖွဲ့ထံက သိရပါတယ်။
ပြန်လည်ပြုပြင်နေဆဲဖြစ်ပြီး ဘယ်တော့လောက်မှာ ပုံမှန်အတိုင်း မီးပြန်ပေးနိုင်မယ်ဆိုတာတော့မပြောနိုင်သေးဘူးလို့လည်း သိရပါတယ်။
ရန်ကုန်က မြို့နယ်အများစုမှာ ပြီးခဲ့တဲ့အောက်တိုဘာလနောက်ဆုံးပတ်ကစပြီး မီးပြတ်ချိန်တွေ ပိုများလာတာဖြစ်ပြီးတစ်ကြိမ်ပြတ်ရင်အနည်းဆုံး လေးနာရီကြာမြင့်နေတာဖြစ်ပါတယ်။
ကျိုက်ထီးရိုးဘုရားဖူးတွေအတွက် တည်းခိုခ၊ တောင်တက်မော်တော်ယာဉ်ခတွေ အခမဲ့စီစဉ်ပေးပေမဲ့ လာရောက်သူနည်း
မြန်မာနိုင်ငံရဲ့ ခရီးသွားဒေသတစ်ခုဖြစ်တဲ့ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့က ကျိုက်ထီးရိုးစေတီကိုလာရောက်တဲ့ ဘုရားဖူးတွေအတွက် နိုဝင်ဘာ ၃ ရက်နဲ့ ၄ ရက်မှာ တည်းခိုခ ၊ တောင်တက်ကားခတွေကို အခမဲ့စီစဉ်ပေးထားပေမဲ့ လာရောက်တဲ့ဘုရားဖူး ၂၆၀၀ ဝန်းကျင်သာရှိတယ်လို့ ကျိုက်ထီးရိုးဂေါပကအဖွဲ့ကနေ သိရပါတယ်။
“တည်းခိုခ၊ တောင်တက်ခတွေ အခမဲ့အပြင် တောင်တက်ယာဉ်အသင်း၊ ဂေါပက ဈေးသူဈေးသားတွေ စုပေါင်းပြီး ကင်ပွန်းစခန်းဧရိယာ၊ ဘုရားရင်ပြင်မှာ စတုဒိသာတွေ ကျွေးပါတယ်။ လာတဲ့သူကတော့ အရင်နှစ်တွေထက်စာရင် နည်းတာပေါ့။ ရှေ့ဆက်ပြီးတော့လည်း သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ဒီလိုအစီအစဉ်တွေ ဆက်လုပ်မှာဖြစ်လို့ ဘုရားလည်းဖူး အပန်းလည်းဖြေဖို့ လာသင့်ပါတယ်။ လုံခြုံရေးပိုင်းမှာလည်း လုံခြုံရေးတပ်ဖွဲ့တွေက ဆောင်ရွက်တာတွေ ရှိပါတယ်။ အဲ့ဒါကိုတော့ ကျွန်နော်တို့က ဝင်ပြီးတော့ ဝေဖန်လို့မရဘူးလေ”လို့ ဂေါပကအဖွဲ့ဥက္ကဋ္ဌဦးစိုးလှက ပြောပါတယ်။
အရင်က သီတင်းကျွတ်လပြည့်နေ့ ဘုရားစဖွင့်တဲ့အချိန်ကစပြီး အခုလို ပွင့်လင်းရာသီတောက်လျှောက်မှာ လာရောက်တဲ့ဘုရားဖူးတွေဟာ သိန်းချီပြီးလာရောက်ကြပေမဲ့ ကိုဗစ်ဖြစ်တဲ့ကာလ ၂၀၂၀ ပြည့်နှစ်မှာ ဘုရားတစ်နှစ်ပိတ်ခဲ့ရတဲ့အကြောင်း၊ ပြီးခဲ့တဲ့နှစ်မှာလည်း ကိုဗစ်ရောဂါနဲ့ သွားလာရခက်ခဲတာတွေကြောင့် ဘုရားဖူးလျော့နည်းသွားပေမဲ့ ၄ သိန်းဝန်းကျင်တော့ လာရောက်ခဲ့ကြတဲ့အကြောင်း၊ ဒီနှစ်မှာတော့ အရင်နှစ်တွေကထက်စာရင် ဘုရားဖူးအရေအတွက် တော်တော်များများ လျော့နည်းသွားတယ်လို့ သူက ပြောပါတယ်။
ဘုရားဖူးတွေ လျော့နည်းတာကြောင့် ဘုရားဖူးတွေကို အမှီပြုကြရတဲ့ ကျိုက်ထိုမြို့ခံတွေ၊ ကျိုက်ထီးရိုး နားနေစခန်းတွေက စားသောက်ဆိုင်၊ ဈေးဆိုင်၊ နိဗ္ဗာန်ကုန်ဆိုင်၊ တောင်တက်ကား ၊ တည်းခိုဆောင် စတဲ့ လုပ်ငန်းတွေကြပ်တည်းကြရတယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာ ၁၂ ရက်က ကျိုက်ထီးရိုးတောင်တက်ကားဂိတ်အနီး မှာ ရှိတဲ့ စစ်ကောင်စီရဲ့လုံခြုံရေးစခန်းကို ဒေသကာကွယ်ရေးတပ်တွေက လာရောက်ပစ်ခတ်ခဲ့တဲ့နောက် ထိတွေ့ပစ်ခတ်မှုတွေရှိခဲ့ပြီး ခရီးသည် လေးဦး သေဆုံးကာ ၁၉ ဦးဒဏ်ရာရခဲ့ပါတယ်။
အဲဒီဖြစ်စဉ်နောက်ပိုင်း ကျိုက်ထီးရိုးဘုရားကို လာရောက်သူ နည်းပါးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။
မန္တလေးလမ်းက သက်ကြီးရွယ်အို ဇနီးမောင်နှံနှစ်ဦးအား သတ်ဖြတ်သူ သုံးဦးကို ဖမ်းမိပြီလို့ မင်္ဂလာတောင်ညွန့်ရဲစခန်းအတည်ပြု
အောက်တိုဘာ ၃၀ ရက်နေ့ညပိုင်းက မင်္ဂလာတောင်ညွန့်မြို့နယ်မန္တလေးလမ်းက တတိယထပ်တိုက်ခန်းတစ်ခုမှာနေထိုင်တဲ့ အသက် ၇၀ ကျော်အရွယ် အငြိမ်းစားတက္ကသိုလ် ကထိက၊ စာရေးဆရာ တက္ကသိုလ် ကြယ်ပွင့် (ခ) ဦးမြင့်ဝေနဲ့ ဇနီးဒေါ်ခင်ခင်စန်းတို့ကို သတ်ဖြတ်သွားတဲ့သူ ၃ ဦးကို နိုဝင်ဘာ ၃ ရက်က ဖမ်းမိခဲ့တယ်လို့ မင်္ဂလာတောင်ညွန့်ရဲစခန်းက ဘီဘီစီကို ပြောပါတယ်။
တရားခံ ၃ ဦးကို ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှာဖမ်းမိခဲ့တာဖြစ်ပြီး ဒီ လူတွေဟာ စာရေးဆရာကြီးတို့ဇနီးမောင်နှံနေအိမ်ကို ရေသန့်ပုံမှန်ပို့တဲ့သူတွေဖြစ်ကြောင်း၊ လက်ရှိမှာ တရားခံတွေကို ရဲစခန်းမှာချုပ်ထားပြီး ချုပ်ရမန် ၁၅ ရက်ယူထားကြောင်း လည်း သိရပါတယ်။
စာရေးဆရာကြီးတို့ဇနီးမောင်နှံနှစ်ဦးဟာ သားထောက်သမီးခံလည်းမရှိဘဲ နေအိမ်မှာနှစ်ဦးတည်းနေထိုင်တာဖြစ်ပါတယ်။ စာရေးဆရာကြီး တက္ကသိုလ်ကြယ်ပွင့်ဟာ စာပေဗိမာန်ဆု၊ အမျိုးသားစာပေဆုတွေရရှိထားတဲ့ ရူပဗေဒပညာရပ်ဆိုင်ရာစာပေရေးသားသူ ဖြစ်ပြီး ဇနီးဖြစ်သူကလည်း အငြိမ်းစားကျောင်းဆရာမကြီးလို့သိရပါတယ်။
အခင်းဖြစ်ပွားတဲ့နေ့ ညပိုင်းက ပတ်ဝန်းကျင်ကနေ အနံ့ဆိုးတွေရတယ်ဆိုပြီး ရဲထံအကြောင်းကြားရာကမှတစ်ဆင့်နှစ်ဦးလုံးနေအိမ်တိုက်ခန်းအတွင်း သတ်ဖြတ်ခံထားရတာကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။
သတ်ဖြတ်ခံခဲ့တဲ့အကြောင်းရင်းနဲ့ အမှုဆက်လက်စစ်ဆေးပေါ်ပေါက်ချက်တွေနဲ့ပတ်သက်ပြီး အသေးစိတ် ထပ်မံသိရှိရတဲ့အချက်တွေကို ဆက်လက်ဖော်ပြသွားဖို့ရှိပါတယ်။
NUG ကိုအသိအမှတ်ပြုရေး၊ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲကိုပယ်ချဖို့အပါအဝင် အချက်ငါးချက်ကို NUG လူ့အခွင့်အရေးဝန်ကြီး အာဆီယံကို တောင်းဆို
အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက နိုဝင်ဘာ ၄ ရက်၊ ကမ္ဘောဒီးယားနိုင်ငံ ၊ ဖနွမ်းပင်မှာကျင်းပတဲ့ အာဆီယံအရပ်ဘက်အဖွဲ့အစည်းများ ညီလာခံမှာ အွန်လိုင်းကနေ ပါဝင်ဆွေးနွေးခဲ့တာပါ။
မြန်မာနိုင်ငံ အကျပ်အတည်းနဲ့ပတ်သက်ပြီး ရပ်တန့်နေတဲ့ အာဆီယံ သံတမန်ရေးရာကိစ္စရပ်တွေကို အခြေခံကျကျ ပြောင်းလဲဖို့နဲ့ ဖြေရှင်းရေးကို ဦးတည်ပြီး အချက် ငါးချက် တောင်းဆိုခဲ့တာလို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။
သူတောင်းဆိုခဲ့တဲ့ အချက်တွေထဲမှာ မြန်မာလူထုက တရားဝင်ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရကို အသိအမှတ်ပြုပြီး တရားမဝင်စစ်အာဏာရှင်တွေကို သံတမန်ရေးရာ အဆင့်အတန်းမပေးဖို့၊ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ကျော်လွန်ပြီး သံတမန်ဆက်ဆံရေးစာမျက်နှာသစ်တစ်ခု စတင်ဖို့၊ အာဏာသိမ်းစစ်ကောင်စီရဲ့ ညှင်းပန်းနှိပ်စက်တာတွေကို ခံစားနေကြရပြီး လျစ်လျူရှုခံနေရတဲ့ မြန်မာနိုင်ငံသားတွေကို ဖိတ်ခေါ်ပြီးဆွေးနွေးပွဲအသစ်တစ်ခု လုပ်ပေးဖို့၊ တရုတ်၊ အမေရိကန်၊ အင်ဒိုနီးရှား၊ ထိုင်း၊ အိန္ဒိယ၊ ဗြိတိန်နိုင်ငံတို့အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်တွေ ပူးပေါင်းပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုန့်ပြန်ချက်တွေကို ဆောင်ရွက်ဖို့၊ စစ်အာဏာရှင်က ကြေညာထားတဲ့ ရွေးကောက်ပွဲက တရားမဝင်တဲ့အကြောင်းကို အာဆီယံအနေနဲ့ လူသိရှင်ကြား ပယ်ချပေးဖို့၊ မြန်မာနိုင်ငံ ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေကို ဖော်ဆောင်မယ့် လုပ်ငန်းစဉ်ကိုမြှင့်တင်ဖို့ စတဲ့အချက်တွေဖြစ်ပါတယ်။
အာဆီယံအရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ညီလာခံမှာ ဆွေးနွေးတင်ပြချက်တွေဟာ လာမယ့် အာဆီယံထိပ်သီးညီလာခံမှာ ဘယ်လောက်လွှမ်းမိုးမှုရှိနိုင်မလဲဆိုတဲ့ ဘီဘီစီရဲ့ မေးခွန်းကိုတော့ ဦးအောင်မျိုးမင်းက
“အခုတင်ပြချက်တွေကို အာဆီယံအစိုးရတွေ တွေ့ဆုံတဲ့အစည်းအဝေးမှာ ဆွေးနွေးတာတွေ ရှိပါတယ်။ တချိန်တည်းမှာပဲ တချို့သောအကြောင်းအရာတွေကို အလေးထားပြီး လုပ်ဆောင်နေတာရှိတယ်။ ဒါပေမဲ့ နိုင်ငံတိုင်းတော့ မဟုတ်ပါဘူး။ သူ့အလှည့်ကျ တာဝန်ထမ်းဆောင်တဲ့ နိုင်ငံက ကောင်းရင် ကောင်းသလို သူတို့လုပ်ဆောင်မှုတွေ ပိုပြီးတော့ ထိရောက်တယ်။ ဒီလိုမျိုးတင်ပြချက်တွေကို နိုင်ငံတွေတိုင်းမှာ တကယ့်ကို လေးစားလိုက်နာပြီး အာဆီယံခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲစားပွဲပေါ်မှာ ဆွေးနွေးတာတွေရှိပါတယ်” လို့ ပြောပါတယ်။
အဲ့ဒီဆွေးနွေးပွဲမှာ ASEAN Intergovernmental Commission on Human Rights (AICHR) ရဲ့ အင်ဒိုနီးရှားသမ္မတနိုင်ငံ ကိုယ်စားလှယ်ဖြစ်သူ H.E. Yuyun Wahyuningrum နဲ့ မလေးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးမူဝါဒဆိုင်ရာအကြံပေးကောင်စီဟောင်းတစ်ယောက်ဖြစ်တဲ့ Jerald Joseph တို့လည်း ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာစစ်တပ်ကိုပိတ်ဆို့အရေးယူဖို့ သြစတြေးလျကို ဖိအားပေး
နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI အဖွဲ့ရဲ့အရပ်ဘက်လေယာဥ်ဆီတွေ မြန်မာစစ်တပ်ရရှိနေတယ်ဆိုတဲ့ အစီရင်ခံစာ ထွက်ပေါ်လာပြီးတဲ့နောက် မြန်မာစစ်တပ်ကို ပိတ်ဆို့အရေးယူဖို့ သြစတြေးလျအစိုးရကို ဖိအားပေးမှုတွေရှိလာတယ်လို့ ABC news သတင်းက ဖော်ပြပါတယ်။
ဒါ့အပြင် အခုလို လေယာဥ်ဆီထောက်ပံ့မှုတွေနဲ့ ငွေကြေးလွှဲပြောင်းမှုတွေ ပေါက်ကြားလာတဲ့နောက် တက်ကြွလှုပ်ရှားသူတွေကလည်း သြစတြေးလျ အခြေစိုက် ANZ ဘဏ်ကို အရှေ့တောင်အာရှ နိုင်ငံတွေနဲ့ ဆက်သွယ်ဆောင်ရွက်မှုတွေကို ပြန်စဥ်းစားဖို့ တိုက်တွန်းတောင်းဆိုနေတာပါ။
နိုဝင်ဘာ ၃ ရက်နေ့မှာထုတ်ပြန်ခဲ့တဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အစီရင်ခံစာမှာ လေယာဥ်ဆီတွေ မြန်မာစစ်တပ်ထံ တင်ပို့မှု မရောက်ရှိစေဖို့ အရေးပေါ် တားဆီးကြဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကိုတောင်းဆိုထားပါတယ်။
လေယာဥ်လောင်စာဆီ ထောက်ပံ့ပေးတဲ့ ကုမ္ပဏီတွေဟာ စစ်ရာဇ၀တ်မှုတွေနဲ့ သေစေနိုင်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ဆက်စပ်နေတယ်လို့ အစီရင်ခံစာမှာ တွေ့ရှိခဲ့ပါတယ်။သြစတြေးလျအခြေစိုက် Myanmar Campaign Network က မစ္စ တက်စ်နင်းရော့ ကတော့ သြစတြေးလျအစိုးရအနေနဲ့ ဒါကိုအရေးယူဆောင်ရွက်ဖို့ တောင်းဆိုထားပါတယ်။
"ပြင်းထန်တဲ့ကြေညာချက်တွေကလူ့အသက်တွေကိုမကယ်နိုင်ပါဘူး။ ပိတ်ဆို့အရေးယူမှုတွေကပဲ လူ့အသက်တွေကို ကယ်နိုင်မှာပါ"လို့ မစ္စ ရော့ က ပြောပါတယ်။
မြန်မာစစ်တပ်ရဲ့စီးပွားရေးလုပ်ငန်းတွေကို ပစ်မှတ်ထားပြီး ပိတ်ဆို့အရေးယူခြင်းဟာ လက်နက်ဝယ်ယူဖို့အတွက်မြန်မာစစ်တပ် မှီခိုနေရတဲ့နိုင်ငံခြားဝင်ငွေရလမ်းကို ဖြတ်တောက်နိုင်လိမ့်မယ်လို့်လည်း သူက ဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလနဲ့အောက်တိုဘာလအတွင်းလူအများအပြားကိုသေစေခဲ့တဲ့ ဒီပဲယင်းလက်ယက်ကုန်းရွာ စာသင်ကျောင်း တိုက်ခိုက်ခံရမှုနဲ့ ကေအိုင်အေထိန်းချုပ်နယ်မြေအနန့်ပါ ဒေသကို လေကြာင်းက တိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့ မြန်မာစစ်ကောင်စီကို နိုင်ငံတကာ က ပြင်းပြင်းထန်ထန်ကန့်ကွက်ထားပါတယ်။
သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးပန်နီဝမ်ကတော့ မြန်မာကိုအရေးယူဖို့ စဥ်းစားနေတာတွေရှိပေမဲ့ လူသိရှင်ကြားထုတ်ဖော်ပြောဆိုတာမျိုး လုပ်မှာမဟုတ်ဘူးလို့ နိုဝင်ဘာ ၃ ရက်က ထိုင်းနိုင်ငံမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောကြားထားပါတယ်။
လက်ရှိမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား မစ္စတာရှောင်တာနယ်ကို စစ်ကောင်စီက နိုင်ငံတော်လျှို့ဝှက်အက် ၊ လူဝင်မှုကြီးကြပ်ရေးဥပဒေတို့နဲ့ ထောင် ၃ နှစ်ချမှတ်ထားပြီး အင်းစိန်အကျဥ်းထောင်မှာ ထိန်းသိမ်းထားပါတယ်။
ပြည်တွင်းစီးပွားရေးတိုးတက်နေတယ်လို့ စစ်ခေါင်းဆောင်ပြော
လက်ရှိအချိန်မှာ ပြည်တွင်းစီးပွားရေးတိုးတက်နေပြီး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမယ်ဆိုရင် ထပ်မံတိုးတက်လာမှာဖြစ်တယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တနင်္သာရီတိုင်းခရီးစဥ်အတွင်း နိုဝင်ဘာ ၄ ရက်က စီးပွားရေးလုပ်ငန်းရှင်တွေနဲ့တွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။
သူ့အနေနဲ့နိုင်ငံ့တာဝန်ကို စတင်ဆောင်ရွက်ချိန်မှာ အခက်အခဲတွေအများကြီးရှိခဲ့ပေမဲ့ ဒါတွေကိုကျော်လွှားပြီး ပြည်တွင်းစီးပွားရေးကိုမြှင့်တင်ဆောင်ရွက်နိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။သူ့ခရီးစဥ်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့တွေ့ဆုံပွဲအားလုံးလိုလိုမှာ ထည့်သွင်းပြောကြားလေ့ရှိတဲ့ အစိုးရဆီက ချေးငွေတွေကိုပြန်ဆပ်ကြဖို့၊ စက်သုံးဆီကိုပြည်ပကတင်သွင်းရတာကြောင့် နိုင်ငံခြားသုံးငွေလိုအပ်ချက်မြင့်မားလို့ စက်သုံးဆီလျှော့ချသုံးစွဲပြီး လျှပ်စစ်စွမ်းအားသုံး သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကိုဆောင်ရွက်ဖို့ တွေကိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။တိုင်းပြည်စီးပွားရေးတိုးတက်မှုအတွက် အဓိကအရေးပါတဲ့အချက်ဖြစ်တဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီးတွေဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် ပြန်လည်ထွက်ခွာသွားတာတွေရှိနေပါတယ်။
အာဏာသိမ်းမှုအလွန် ဝင်ရောက်ခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေမှာ ၂၀၂၁ ခုနှစ် မေလမှာ အမေရိကန်ဒေါ်လာ သန်း ၂,၅၀၀ ကျော်နဲ့ အများဆုံးဝင်ရောက်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် မတ်လမှာ အမေရိကန်ဒေါ်လာ သန်း ၁,၂၀၀ ကျော်၊ ဇူလိုင်လမှာ အမေရိကန်ဒေါ်လာ သန်း ၁,၁၀၀ ကျော် ဝင်ရောက်ခဲ့သလို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနဲ့ ဧပြီလတွေမှာ ရင်းနှီးမြှုပ်နှံမှု လုံးဝမဝင်ရောက်ခဲ့တာကို တွေ့ရကြောင်း ISP Mynanmar ရဲ့စာရင်းဇယားတွေအရ သိရပါတယ်။
ကျန်လတွေမှာတော့အမေရိကန်ဒေါ်လာ ၂ သန်းကျော်ကနေ အများဆုံး သန်း၂၆၀ ကျော်အထိဝင်ရောက်ခဲ့တယ်လို့ ISP ကဆိုပါတယ်။ အာဏာသိမ်းမှုအလွန်မှာ ဝင်ရောက်လာတဲ့ရင်းနှီးမြှုပ်နှံမှုအသစ် ၉၈ ခုရှိခဲ့ပြီး ၂၀၂၁ ခုနှစ် စက်တင်ဘာလကစပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်တွေ လစဥ် ဝင်ရောက်လျက်ရှိသလို ၂၀၂၂ ခုနှစ် ဇူလိုင်လမှာတော့ လုပ်ငန်းသစ် ၁၉ ခုအထိ ဝင်ရောက်ခဲ့ပြီး အများဆုံး လ ဖြစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ခုလိုရင်းနှီးမြှုပ်နှံမှုတွေတိုးလာတက်လာတယ်ဆိုပေမဲ့ တစ်ဖက်မှာလည်း လူထုကြား ကုန်စျေးနှုန်းကြီးမြင့်မှု၊ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုအကျပ်အတည်းကို ကြီးကြီးမားမားကြုံတွေ့နေရပြီး ကျပ်တည်းမှုနဲ့ ဥပဒေစိုးမိုးမှုအားနည်းတဲ့အချိန် အောက်ခြေမှာ အနုကြမ်းစီးမှုတွေ၊ လုယက်မှုတွေက ဆက်တိုက်ဆိုသလိုလို မြို့လယ်ခေါင်လို လူစည်ကားတဲ့နေရာတွေမှာ ဖြစ်ပေါ်နေပါတယ်။