ဂါဇာထဲက ဘဝများ - ဝေဟင်ကလာတဲ့ သေမင်းကို ဘယ်လိုရှောင်ပုန်းနိုင်မှာလဲ။

ရေးသားခဲ့သည်။

“ပစ်လိုက်တဲ့ ဒုံးကျည်တွေ အဆောက်အအုံကို ထိလိုက်တဲ့ အချိန်ဟာ ငလျင် လှုပ်သွားသလိုပဲ။ ကျွန်မမှာ ကြောက်ပြီး တုန်တုန်ရင်ရင် ဖြစ်နေရတယ်” လို့ နာဒီယာ လို့ အမည်လွှဲထားတဲ့ အမျိုးသမီးက ပြောပြပါတယ်။

တနင်္လာနေ့ မနက်ခင်းမှာ ပြတင်းတံခါးနဲ့ တံခါးမကြီးတွေ ကျိုးပျက်သွားတဲ့ အသံတွေနဲ့ သူဟာ လန့်နိုးသွားခဲ့ပါတယ်။ “မနက် ၈ နာရီမှာ ပစ်ခတ်မှုတွေ စတင်ခဲ့ပြီး ညသန်းခေါင်ယံ အထိ ဆက်တိုက်ပဲ။ တစ်စက္ကန့်တောင် မနားဘူး။”

အသက် ၅နှစ်အရွယ် နဲ့ ၃ လသား အရွယ် ကလေးနှစ်ယောက်တို့ရဲ့ မိခင်ဟာ မကြာသေးခင်ကမှ ဂါဇာဒေသမှာ ဝယ်ယူထားတဲ့ တိုက်ခန်းကို ပြင်ဆင်မွမ်းမံပြီး နေထိုင်သူပါ။ ခင်ပွန်းဖြစ်သူက နိုင်ငံတကာ လူမှုကူညီရေး အဖွဲ့မှာ ဆရာဝန် အဖြစ် တာဝန်ထမ်းဆောင် နေသူပါ။ တိုက်ခိုက်မှုတွေ ဖြစ်ပွားချိန်မှာ ဒဏ်ရာရသူတွေကိုကူညီဖို့ အပြင်မှာရောက်နေခဲ့ပါတယ်။

“ဘာတွေဖြစ်နေတာလဲ အမေ။ ဒါတွေ ဘယ်တော့ ပြီးမှာလဲ” ဆိုပြီး သား အကြီးက မေးပါတယ်။ နာဒီယာဟာ သားဖြစ်သူ စိတ်တည်ငြိမ်ဖို့အတွက် ကြိုးစားခဲ့ရပါတယ်။ ပေါက်ကွဲသံတွေကို တကယ်တိုက်ခိုက်ချိန်ထက် အနည်းငယ် နောက်ကျပြီးမှ ကြားခဲ့ရတဲ့ အတွက် ဒါဟာ သူတို့ လောလောဆယ် ဘေးကင်းတယ်ဆိုတာကို သူ့ကို ပြောပြရပါတယ်။

၅ နှစ် အရွယ် ကလေးငယ်ကတော့ ဒါတွေကို နားလည်ဖို့ ခက်ခဲပါတယ်။ ဒါပေမဲ့လည်း အခြေအနေကို ရင်ဆိုင်ဖို့ နာဒီယာအတွက် အကောင်းဆုံး နည်းလမ်းပါပဲ။

ပေါက်ကွဲမှုတွေ ပြင်းပြင်းထန်ထန် ဆက်လက်ဖြစ်ပွားနေဆဲပါ။ ၃ လ အရွယ်သားငယ်ဟာ မူးဝေပြီး ခဏခဏ တက်နေတာကြောင့် အစာစားဖို့ ငြင်းဆန် နေခဲ့ပါတယ်။

လွန်ခဲ့တဲ့ ရက်တွေမှာ နာဒီယာအနေနဲ့ အမှတ်တရတွေ အများအပြားရှိတဲ့ တိုက်ခန်းလေး ကို မစွန့်ခွာသွားရက်ခဲ့ပါဘူး။ ဒါပေမဲ့ တနင်္လာနေ့ကစပြီး အောက်ထပ်လှေကား ကနေ ‘’ အမြန်ထွက်ကြ၊ အမြန်ထွက်ကြ” ဆိုတဲ့ အိမ်နီးချင်းတွေရဲ့ ဟစ်အော်သံကို ကြားလာရပါတယ်။

ဒီအသံတွေကြားရပြီးနောက်မှာ စက္ကန့်ပိုင်းလောက် နာဒီယာ တုံ့ဆိုင်းနေခဲ့ပါတယ်။ ဘာတွေယူသွားရမလဲ ဆိုတာလည်း မစဉ်းစားနိုင်ခဲ့ပါဘူး။ အကူအညီမဲ့ ခြောက်ခြားနေရတဲ့ ဘဝကို တွေးမိပြီး မျက်ရည်သွင်သွင်ကျခဲ့ရပါတယ်။

နောက်ဆုံးမှာတော့ ကလေး၂ယောက်ကို လက်ဆွဲပြီး တိုက်ခန်းလေးကို နာဒီယာ စွန့်ခွာ ခဲ့ပါတယ်။ အနီးအနားက အိမ်တွေဟာ ပြိုကျပျက်စီးနေပြီး မမှတ်မိနိုင်လောက်အောင် ဖြစ်နေပါတယ်။

လုံခြုံဘေးကင်းစွာနဲ့ မိဘအိမ်ကို ပြန်ရောက်ဖို့ သူ ကြိုးစားနေပါတယ်။ ဒါပေမဲ့လည်း “ဝေဟင်က ရောက်လာတဲ့ သေမင်းကို ရှောင်လွှဲဖို့ ပုန်းခိုစရာနေရာ ဘယ်မှာရှိပါ့မလဲ”လို့ နာဒီယာက ပြောဆိုပါတယ်။

ဂါဇာမှာ ထိခိုက်ပျက်စီးမှုက မကြုံစဖူးဖြစ်နေပြီလို့ နာဒီယာနဲ့ တခြားနေထိုင်သူတွေက ပြောကြပါတယ်။

ဂါဇာမှာ ဘေးကင်းလုံခြုံရာ နေရာမရှိ

ရီမဲလ် ကမ်းခြေရပ်ကွက်မှာ ဒီနာ ဖိုင်ဇယ် ဟာ အမေ၊ အဖေ၊ အစ်မ အပြင်၊ တူ ၂ ယောက် ဖြစ်သူနဲ့ အတူ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုရန်ကနေ အကာအကွယ်ရဖို့ သူတို့အိမ်ရဲ့ အနောက်ခြံထဲမှာ ခိုလှုံနေထိုင်နေတာဖြစ်ပါတယ်။ ဒီရပ်ကွက်လေးဟာ မြို့လယ်ကနေ ၃ ကီလိုမီတာ အကွာအဝေးမှာရှိပြီး သာမန်အားဖြင့် တိတ်ဆိတ် ငြိမ်သက်တဲ့ အရပ်ပါ။

တနင်္လာနေ့ နေ့လယ်ခင်းမှာတော့ အိမ်အနီးတဝိုက်မှာ လေကြောင်းကနေ တိုက်ခိုက်မှု အသံတွေကို စတင်ပြီးကြားလာခဲ့ရပါတယ်။

“အိမ်ထဲမှာ ဘေးကင်းမယ်လို့ ထင်ထားခဲ့တာ။ ဒါပေမဲ့ ရုတ်တရက် သတိပေးချက်တွေ မရှိဘဲနဲ့ ပြတင်းပေါက်မှန်တွေကွဲသွားတယ်၊ တံခါးတွေလည်း ပြုတ်ထွက်သွားပြီး၊ ခေါင်းမိုး တစ်ခြမ်းပြိုကျသွားခဲ့တယ်” လို့ ဒီနာက ပြောပါတယ်။

အံ့အားသင့်ခဲ့ရသလို၊ အိမ်ထဲမှာ ရှိနေချိန်မှာပဲ နောက်ထပ် တိုက်ခိုက်မှု ၆ ကြိမ်ကို ထပ်မံ ရင်ဆိုင်ခဲ့ရတယ်လို့ သူတို့က ပြောပါတယ်။

အနည်းငယ် ငြိမ်သက်သွားချိန်မှာတော့ ဒီနာနဲ့ မိသားစုဟာ ပစ္စည်းပစ္စယ အားလုံးကို ချန်ထားခဲ့ပြီး အိမ်ကနေ ထွက်ပြေးခဲ့ရပါတယ်။

ဒဏ်ရာ ရသူတွေကို ကုသပေးနေတဲ့ ဆေးရုံမှာ သွားရောက် ခိုလှုံနေရပါတယ်။ သူတို့ဒဏ်ရာတွေက မပြင်းထန်လို့ ကံကောင်းသွားတယ်လို့ ဒီနာ က ဆိုပါတယ်။

ကျန်နေတဲ့ ပစ္စည်းတွေယူဖို့ အိမ်ကို ပြန်လာချိန်မှာတော့ အိမ်က ပြားပြားဝပ်နေပြီး ဘာမှယူစရာ မရှိတော့ပါဘူး။ လတ်တလောမှာတော့ ယာယီ ခိုလှုံရာ နေရာတစ်ခုမှာ တခြားမိသားစုတွေနဲ့ အတူ နေထိုင်နေရပါတယ်။ အမှတ်ရစရာတွေနဲ့ ပြည့်နေတဲ့ အိမ်ကို ဆုံးရှုံးလိုက်ရတဲ့ ဒီနာတစ်ယောက် တုန်လှုပ်ခြောက်ခြားနေပြီး၊ ဂါဇာမှာ လုံခြုံရာ နေရာ မရှိဘူးလို့လည်း ပြောဆိုပါတယ်။

ကယ်ဆယ်ရေးအတွက် ဆေးရုံတွေ အခက်ကြုံ

ဂါဇာကမ်းမြောင်ဒေသက လူနေထူထပ်တဲ့နေရာမှာရှိတဲ့ အယ်လ်ရှီဖာ ဆေးရုံကြီးမှာ အခြေအနေတွေ ဆိုးရွားနေတယ်လို့ ဆေးရုံအုပ် ဒေါက်တာ မိုဟာမက် အဗ်ဘို ဆူလီမာက ပြောပါတယ်။

“လူ ၈၅၀ ထက်မနည်း သေဆုံးခဲ့ရပြီး၊ ၄၀၀၀ ကျော် ဒဏ်ရာရရှိထားတယ်” လို့ သူက ဆိုပါတယ်။

ဂါဇာကမ်းမြောင်ကို လျှပ်စစ်မီးဖြတ်တောက်ထားတဲ့အတွက် ဆေးရုံဟာ မီးစက်တွေကို သာ အားထားနေရပါတယ်။ သူတို့မှာ နောက်ထပ် ၃ ရက်လောက်ပဲ မီးစက်မောင်းနိုင်တဲ့ အခြေအနေ ဖြစ်နေတယ်လို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။

ဂါဇာကို ပိတ်ဆို့ထားမယ်လို့ အစ္စရေး ဘက်က ကြေညာခဲ့ပြီးနောက်၊ ဆေးရုံမှာ ပင်လယ်ရေက ဆားငန် ဓာတ်တွေ ဖယ်ထုတ်ထားတဲ့ ရေတွေကိုတောင် ရှားရှားပါးပါး ပြန်သုံးနေရတဲ့ အခြေအနေပါ။ ရေသန့်ကို အသက်ကယ်ဆယ်ရေး အတွက်သာ အဓိက ဦးစားပေးသုံးနေရတယ်လို့ ဒေါက်တာ အဗ်ဘို ဆူလီမာက ပြောပါတယ်။ ဆေးရုံမှာ အခက်အခဲကြုံနေရတဲ့ အတွက် တခြား အရေးမကြီးတဲ့ ဌာနတွေကိုလည်း ပိတ်ထားရပါတယ်။

လူနာတွေ နဲ့ ဆေးရုံ ဝန်ထမ်းတွေ ဘေးကင်းရေးကို စိတ်ပူပန်နေရပါပြီ။ လူနာတင် ကားတွေကို ဦးတည် တိုက်ခိုက်မှုတွေရှိနေတဲ့ အပြင် ဆေးရုံကို လူနာသယ်ဆောင်လာတဲ့ လမ်းခရီးတစ်လျှောက်မှာ ဆရာဝန်တွေ တိုက်ခိုက်ခံရလို့ သေဆုံးမှုတွေလည်း ရှိနေပြန်ပါတယ်။

ဂါဇာဒေသမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ အရေအတွက် ကိန်းဂဏန်းဟာ ချက်ချင်း မြင့်တက်သွားခဲ့ပြီး၊ ၂၄ နာရီအတွင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသူ ၁၈၇၀၀၀ ကျော် ရှိတယ်လို့ ကုလသမဂ္ဂ ပါလက်စတိုင်း ဒုက္ခသည် အေဂျင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လေကြောင်းကနေ ဗုံးကြဲမှုတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ ဒုက္ခသည် အေဂျင်စီ အနေနဲ့ လူပေါင်း ၁၃၇၅၀၀ ကို နေစရာပေးထားနိုင်ပေမဲ့ မကြာခင်မှာ သူတို့ လက်ခံနိုင်စွမ်းထက် ကျော်လွန်လာမှာကိုလည်း စိုးရိမ်နေရပါပြီ။

ဘာမှမရှိတော့တဲ့ စျေးဆိုင်တွေ

အသက် ၂၇ နှစ်အရွယ် အီရှက်ဟာ အသက်အရွယ်ရနေပြီဖြစ်တဲ့ မိခင်၊ ဖခင်၊ ခယ်မ ဖြစ်သူနဲ့ သူ့ကလေး ၅ ယောက်တို့နဲ့ အတူ ရူဂျိုင်းယား အရပ်မှာ နေထိုင်ပါတယ်။

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက သူ့နိုင်ငံဟာ ဟားမတ်စ် လက်နက်ကိုင်တွေနဲ့ ရှည်လျား ခက်ခဲတဲ့ စစ်ပွဲကို ရင်ဆိုင်နေရပြီ ဆိုပြီး ကြေညာသွားပြီးနောက်မှာတော့ ဘာတွေဖြစ်လာမလဲ ဆိုတာ အီရှက် တစ်ယောက် သိလိုက်ရပါပြီ။

ဒါကြောင့် ပစ္စည်းပစ္စယ အနည်းငယ်ကို ယူဆောင်ပြီး မြို့လယ်မှာ သွားရောက်ခိုလှုံဖို့ ထွက်ခွာခဲ့ပါတယ်။

လမ်းတလျှောက်သွားရင်းနဲ့ လူ၂၀စာ မိသားစုအတွက် ကုန်ခြောက်ပစ္စည်းလို အခြေခံ စားကုန်တွေရဖို့ ကြိုးစားခဲ့ပေမဲ့ စနေနေ့က တိုက်ခိုက်မှုအပြီးမှာ ဂါဇာမြို့ခံတွေဟာ ပစ္စည်းတွေစုဆောင်းဝယ်ယူခဲ့ကြတဲ့အတွက် ဆိုင်တွေမှာ ပစ္စည်းမကျန်သလောက် ဖြစ်သွားခဲ့ပါပြီ။

လေကြောင်းတိုက်ခိုက်မှုရန်ကနေ ကာကွယ်နိုင်ဖို့ မြို့လယ်က အဆောက်အအုံထဲမှာ တခြားမိသားစုတွေနဲ့ နေထိုင်နေပါတယ်။

ဒီမှာ မီးမရှိ၊ ရေမရှိဘဲ ၄၈ နာရီလောက်နေခဲ့ရတယ်လို့ အီရှက်က ပြောပါတယ်။ တနင်္လာနေ့မှာညမှာတော့ အဆောက်အအုံထဲကနေ ထွက်ခွာဖို့ ပြောကြားတဲ့ အစ္စရေး စစ်တပ်က တယ်လီဖုန်း မက်ဆေ့ကို သူလက်ခံ ရရှိခဲ့ပါတယ်။

ပတ်ဝန်းကျင်မှာ အဆောက်အအုံ အပျက်အစီးတွေကိုပဲ မြင်တွေ့ ခဲ့ရတယ်လို့ အီရှက်က ဆိုပါတယ်။

သာမန်အားဖြင့် တိတ်ဆိတ်ငြိမ်သက်လေ့ရှိတဲ့ မြို့ရဲ့ မြောက်ဘက်ကို လမ်းလျှောက် ထွက်ခွာလာချိန်မှာ အဲဒီမှာလည်း အဆောက်အအုံတွေ မြေပေါ်မှာ ပြိုကျ ပျက်စီးနေတာကို သူတို့တွေ့မြင်ခဲ့ရပါတယ်။

အဆောက်အအုံပျက်တစ်ခုထဲက မြေညီထပ်မှာ အီရှက်နဲ့ သူ့မိသားစုအပြင် နောက်ထပ် မိသားစု ၁၀ စုလောက်ဟာလည်း မှောင်မှောင်မဲမဲ အခြေအနေမှာ ၁၂ နာရီကျော်ကြာ ပုန်းအောင်းနေခဲ့ရပါတယ်။

နောက်ထပ် ဘာတွေဖြစ်လာမလဲဆိုတာ မသိရဘဲ၊ ဆုတောင်းပြီး ကြောက်ကြောက်ရွံ့ရွံ့ နေခဲ့ရတယ်လို့ အီရှက်က ပြောပါတယ်။ သူတို့ ဘာလုပ်ရမယ်မှန်း မသိသလို၊ ဘယ်ကိုသွားရမလဲ ဆိုတာလည်း မသိကြသေးပါဘူး။

(ဘီဘီစီနဲ့ စကားပြောခဲ့ကြသူတွေဟာ သူတို့ရဲ့ ဓာတ်ပုံတွေကို အသုံးမပြုစေချင်ကြပါဘူး။)