ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နှစ် ၃၀ ကျော် တားမြစ်ခံထားရတဲ့ ဘာသာရေး အခမ်းအနားကို ရှီးယား မွတ်ဆလင်တွေ တက်ခွင့်ရ - ဇူလိုင် ၂၇ ရက် ကြာသပတေး ညနေခင်းသတင်းများ
အိန္ဒိယ အုပ်ချုပ်တဲ့ ကတ်ရှ်မီးယား ဒေသက ထောင်နဲ့ချီတဲ့ ရှီးယား မွတ်ဆလင်တွေဟာ အရေးပါတဲ့ ဘာသာရေး အခမ်းအနားတခုကို တက်ရောက်ဖို့ နှစ် ၃၀ ကျော် ပိတ်ပင်ခံထားရရာက အခုတော့ ပထမဆုံး အနေနဲ့ ပါဝင်ခွင့်ရခဲ့ပါတယ်။
ဆရီးနဂါးမြို့မှာ ကျင်းပတဲ့ အာရှူရာ အခမ်းအနားကို အမည်းရောင်တွေဝတ်ပြီး စီတန်း လှည့်လည်ခဲ့ကြတာပါ။
အာရှူရာ ဆိုတာကတော့ ၇ ရာစုလောက်တုန်းက တမန်တော် မိုဟာမက်ရဲ့ မြေးကို အာဇာနည် အဖြစ် တင်မြှောက် တဲ့ အခမ်းအနား ဖြစ်ပါတယ်။
၁၉၈၉ တုန်းမှာ အိန္ဒိယ အုပ်ချုပ်မှုကို ဆန့်ကျင်အုံကြွမှုအပြီးမှာ ဒီအခမ်းအနားကို တားမြစ်ထားခဲ့ပြီး အခုကျင်းပရာမှာ အခုတော့ လုံခြုံရေး ထူထူထပ်ထပ် ချထားပါတယ်။
ကတ်ရှ်မီးယား ပြည်နယ်ကို အိန္ဒိယရော ပါကစ္စတန်ကပါ သူပိုင်ကိုယ်ပိုင် အငြင်းပွားနေပြီး သက်ဆိုင်ရာ နိုင်ငံတွေက သူတို့ပိုင်တဲ့ အပိုင်းမှာပဲ လုံခြုံရေး တာဝန်ယူကြတာ ဖြစ်ပါတယ်။
ဖိလစ်ပိုင်သင်္ဘောနစ်မြစ်မှု အလောင်း ၂၃ လောင်း ဆယ်ယူရရှိ
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ အရှေ့မြောက်ပိုင်းက ရေကန်တခုမှာ ကူးတို့သင်္ဘောနစ်မြုပ်မှု ကနေ အနည်းဆုံး အလောင်း ၂၃ လောင်း ရှာဖွေ့တွေ့ရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
နောက်ထပ် လူ ၆ ယောက်လည်း ပျောက်ဆုံးလျက် ရှိပါတယ်။
ကူးတို့သ င်္ဘောဟာ ရုတ်တရက် လေပြင်းကျလာတာကြောင့် တိမ်းမှောက်သွားတာလို့ ဖိလစ်ပိုင် ကမ်းစောင့်တပ် ပြောခွင့်ရသူက ဆိုပါတယ်။
အခင်းဖြစ်ချိန်မှာ ခရီးသည်တွေက ထိတ်လန့်တကြား ဖြစ်ပြီး လှေရဲ့ ဘယ်ဘက်ကို ပြေးကုန်တာကြောင့် တိမ်းမှောက်ခဲ့တာပါ။
ဖိလစ်ပိုင်မှာ မော်တာဘန်ကာလို့ လူသိများတဲ့ သစ်သား ကူးတို့လှေတွေဟာ သတ်မှတ်ထားတာထက် တန်ချိန်ပိုတင်မှုကြောင့် မကြာခဏ တိမ်းမှောက်လေ့ ရှိတာ ဖြစ်ပါတယ်။
ဆမ်ဆောင်း အီလက်ထရွန်နစ် အမြတ်ငွေ ကျဆင်း
ဆမ်ဆောင်း အီလက်ထရွန်းနစ် ကုမ္ပဏီဟာ ပြီးခဲ့တဲ့ လေးလတာ ကာလအတွင်း အမြတ်ငွေ ၉၅ ရာနှုန်း ကျဆင်းသွားခဲ့ပါတယ်။
ကမ္ဘာတလွှား စီးပွားရေး ကျဆင်းမှုကြောင့် မန်မိုရီချစ်ပ် ဝယ်လိုအားနည်းပြီး ဆမ်ဆောင်းလည်း အမြတ် ဒေါ်လာ သန်း ၅၀၀ သာ ရရှိခဲ့တာပါ။
တောင်ကိုရီးယားက ဆမ်ဆောင်းအုပ်စုမှာ ဆမ်ဆောင်း အီလက်ထရွန်းနစ်က လက်ခွဲ ကုမ္ပဏီ တခု ဖြစ်ပြီး ကမ္ဘာတလွှား မိုက်ခရိုချစ်ပ် အပြင် စမာ့ထ်ဖုန်း နဲ့ ရုပ်မြင်သံကြားစက်တွေ အများဆုံးထုတ်တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။
လာမယ့် ၆ လတာ ကာလအတွင်းမှာ ဝယ်လိုအားများလာပြီး ငွေတိုးရနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။
မြောက်ကိုရီးယား စစ်ရေးပြအခမ်းအနား တရုတ်နဲ့ ရုရှားတက်ရောက်
မြောက်ကိုရီးယားကိုရောက်နေတဲ့ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရွှေဂူးဟာ ပြုံယမ်းမြို့မှာ ခေါင်းဆောင် ကင်မ်ဂျုံအွန်းနဲ့ တွေဆုံခဲ့ပါတယ်။
ဒုံးကျည်လောင်ချာတစင်းနဲ့ ဒရုန်းတစင်း အပါအဝင် လက်နက်တွေ ပြသထားတာကို ရုရှားကိုယ်စားလှယ် အဖွဲ့အား မစ္စတာ ကင်မ်က လိုက်လံပြသနေတဲ့ ရုပ်ပုံတွေ မြောက်ကိုရီးယား ရုပ်သံမှာ တွေ့မြင်ရပါတယ်။
အလားတူ တရုတ်ကိုယ်စားလှယ်အဖွဲ့တဖွဲ့လည်း ရောက်နေပြီး ကိုရီးယားစစ်ပွဲ ပြီးဆုံးတာ နှစ် ၇၀ မြောက် စစ်ရေးပြ အခမ်းအနား တက်ရောက်ဖို့ ဖြစ်ပါတယ်။
ရုရှားကိုယ်စားလှယ် ခရီးစဉ်ကြောင့် ရန်စတဲ့ လုပ်ရပ်တွေ ရပ်တန့်သွားပြီး နျူးကလီးယား လက်နက် ဖျက်သိမ်းရေး ဆွေးနွေးပွဲကို မြောက်ကိုရီးယားတွေ ပြန်လည် တက်ရောက်လာဖို့ မျှော်လင့်ကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေး လက်ထောက်ဝန်ကြီးက ပြောပါတယ်။