ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အာဏာသိမ်းစစ်ခေါင်းဆောင်မွေးနေ့ ပြင်းထန်တဲ့ ဆန္ဒပြပွဲတွေနဲ့ကြုံ
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာ ၂၀၂၃ ခုနှစ် ဇူလိုင် ၃ ရက်မှာ အသက် ၆၇ နှစ်ပြည့်ပြီ ဖြစ်ပြီး သူ့မွေးနေ့မှာ ဆန္ဒပြ မှု တချို့နဲ့ ကြုံနေရပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို တိုက်ရိုက်ဦးတည်တဲ့ ဆန္ဒပြပွဲများစွာ ပေါ်ပေါက်ခဲ့ပေမယ့် ဒီကနေ့ ကျရောက်တဲ့ မွေးနေ့မှာ ပြုလုပ်တဲ့ ဆန္ဒပြပွဲတွေကတော့ အရင်ကထက် ပိုမိုပြင်းထန်နေတာပါ။
အဆဲသပိတ်၊ကျိန်စာတိုက်တာ နဲ့ ဓာတ်ပုံတွေကို ခြေထောက်နဲ့ နင်းပြီး ဆန္ဒပြတဲ့အထိ စစ်ခေါင်းဆောင်ကို ဆန္ဒပြမှု ပုံစံတွေ ရန်ကုန်အပါအဝင် တခြားဒေသတွေမှာ ဇူလိုင်လ ၃ ရက်က မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာ ဇူလိုင် ၂ ရက်နေ့မှာ ရန်ကုန်မှာရှိနေခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်တွေ နဲ့ ၆ နာရီကျော်ကြာတဲ့အထိ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ ရွေးကောက်ပွဲကျင်းပပေးပြီး အာဏာပြန်လွှဲပေးမယ်လို့ ဗိုလ်ချုပ်မှူးကြီးက ကတိပြုခဲ့တဲ့အကြောင်း အခမ်းအနားကို တက်ရောက်ခဲ့တဲ့ လုပ်ငန်းရှင်တချို့ထံက ဘီဘီစီက စုံစမ်းသိရှိရပါတယ်။
‘’အဲဒီအခါကြရင်လည်း ရွေးကောက်ပွဲကို ဝေဖန်ကြဦးမှာပါပဲ လို့လည်း သူက ပြောသေးတယ်။’’ လို့ လုပ်ငန်းရှင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ရွေးကောက်ပွဲလုပ်ပြီး အာဏာလွှဲပေးမယ်ဆိုတာကို ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် အာဏာစသိမ်းကတည်းကပြောခဲ့တာဖြစ်ပြီး ရွေးကောက်ပွဲကျင်းပပေးမယ့် အစီအစဥ်ကလည်း အခုထက်ထိ မရေမရာ ရှိနေပါသေးတယ်။
တပ်ချုပ်က အာဏာသုံးရပ်ကို တစ်ယောက်ထဲ ချုပ်ကိုင်ထားတာထက် ရွေးကောက်ပွဲကျင်းပပြီး အာဏာသုံးရပ်ကို အပြန်အလှန်ထိန်းကျောင်းတာက ပိုကောင်းတယ် လို့ နိုင်ငံရေးအကဲခတ်တွေက ပြောပါတယ်။
‘’သူ သမ္မတ လုပ်ရင်လည်း တပ်ချုပ်အသစ် တစ်ယောက် ပေါ်လာမှာပဲ။ တစ်ယောက်တည်းက အာဏာအားလုံးကို ကိုင်ထားတာ အန္တရာယ်များတယ်’’ လို့ နိုင်ငံရေးအကဲခတ်တစ်ဦးက ပြောပါတယ်။
၂၀၁၁ ခုနှစ်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာ နိုင်ငံ့ဝန်ထမ်းဥပဒေအရ အသက် ၆၀ မှာ အနားယူခဲ့ရမှာ ဖြစ်ပေမယ့် နည်းအမျိုးမျိုးနဲ့ သက်တမ်းတိုးပြီး တပ်မတော်ရဲ့ အမြင့်ဆုံး ရာထူးကို ဆက်လက်ရယူထားခဲ့တာဖြစ်ပါတယ်။
၂၀၁၆ ခုနှစ်မှာ အသက်(၆၀)ပြည့်ပြီး အငြိမ်းစားယူရဖို့ရှိတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၂၀၁၄ ခုနှစ်မှာ ကာကွယ်ရေးဌာန ကောင်စီညွှန်ကြားလွှာ ၄/၂၀၁၄ ကို ထုတ်ပြန်ခဲ့ပြီး အနားမယူရဖို့ ကြိုတင် စီစဉ်ခဲ့ပါတယ်။
ဒီညွှန်ကြားလွှာအရ အနားယူရမယ့်အသက်ကို ၆၅ နှစ် အထိ သက်တမ်းတိုးခဲ့တာဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်မှာ ၆၅ နှစ်ပြည့်ခဲ့ချိန်မှာတော့ အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်ဟာ တပ်ချုပ်ရာထူးအတွက် အသက်ကန့်သတ်ချက်ကို ပြန်လည် ပယ်ဖျက်ခဲ့ပြီး ရာထူးမှာ ဆက်နေခဲ့ ပြန်ပါတယ်။
တပ်ချုပ်ရာထူးအပြင် အာဏာသိမ်းပြီးမှ ပေါ်ပေါက်လာတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နဲ့ နိုင်ငံတော်ဝန်ကြီးချုပ် ရာထူးတွေကိုလည်း ဖန်တီးရယူထားပြန်ပါတယ်။
စစ်တက္ကသိုလ်အပတ်စဉ် (၁၉) ဆင်းဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အပတ်စဥ်တူတဲ့ ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး ကိုကို ကတော့ ၂၀၁၆ ခုနှစ်ကတည်းက အငြိမ်းစားယူခဲ့ရတာဖြစ်ပါတယ်။
ဒါပေမဲ့ ၁၉၅၆ ခုနှစ် ဝန်းကျင်မှာမွေးဖွားခဲ့တဲ့ အပတ်စဥ်(၁၉)ဆင်းတွေကတော့ ရာထူးက အနားမယူကြသေးပါဘူး။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သူနဲ့တစ်ပတ်စဉ်ထဲဆင်းတဲ့ သက်တူရွယ်တူတွေကိုလည်း သူ့ရဲ့ အစိုးရအဖွဲ့ထဲမှာ ပြန်လည်ထည့်သွင်းထားပါတယ်။
ဒုတိယဝန်ကြီးချုပ် ဦးဝင်းရှိန်၊သမဝါယမ ဝန်ကြီး ဦးလှမိုး၊ ဟိုတယ်ခရီးဝန်ကြီး ဦးအောင်သော် တို့က စစ်တက္ကသိုလ်အပတ်စဉ် (၁၉) ဆင်း တွေ ဖြစ်ပါတယ်။
ဟိုတယ်နဲ့ခရီးသွားဝန်ကြီးကနေ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌဖြစ်သွားတဲ့ ဦးဌေးအောင် လည်း အပတ်စဥ်(၁၉)ဆင်း ဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မွေးနေ့ ဆန္ဒပြပွဲတွေဟာ ပြည်တွင်းမှာသာမကဘဲ ပြည်ပမှာလည်း ရှိနေခဲ့တာပါ။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ကုလသမဂ္ဂရုံးရှေ့မှာလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မွေးနေ့ကိုပစ်မှတ်ထားပြီး မြန်မာ့ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေ ဇူလိုင် ၂ ရက်နေ့မှာ စုဝေးဆန္ဒပြခဲ့ကြပါတယ်။
စစ်အာဏာသိမ်းမှုပြီးတဲ့နောက် ဖမ်းဆီးထိန်းသိမ်းခံရသူတွေကို လွှတ်ပေးဖို့၊ အာဆီယံဆုံးဖြတ်ချက်တွေကို လေးစားလိုက်နာဖို့၊ NUG နဲ့ PDF ကို အသိအမှတ်ပြုဖို့၊ မြန်မာစစ်ကောင်စီနဲ့ မပူးပေါင်းဖို့ ဆိုတဲ့ အချက်တွေကို တောင်းဆိုခဲ့ကြတယ်လို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ ကိုဆူရတ်က ဆိုပါတယ်။
အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ၂၀၁၄ ခုနှစ်က အာဏာသိမ်းခဲ့ပြီး ဝန်ကြီးချုပ်ဆက်လုပ်နေတဲ့ ဗိုလ်ချုပ်ကြီး ပရာရွတ်ချန်အိုချာကတော့ ဇူလိုင် ၃ ရက် ဒီကနေ့မှာပဲ ဝန်ကြီးချုပ်ရုံးခန်းက ပစ္စည်းတွေသိမ်းပြီး သူ့ရဲ့ နိုင်ငံရေးတာဝန်ကို အဆုံးသတ်ခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၁၁ ခုနှစ်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရာထူးက အနားယူမယ့်အချိန်ကတော့ ခန့်မှန်းရခက်နေတဲ့ အခြေအနေမှာ ရှိနေပါသေးတယ်။