မေ ၈ ရက်ထိပ်တန်းသတင်းများ - မုံရွာက လဝကရုံးဟောင်းထပ်မံတိုက်ခိုက်ခံရ

ရေးသားခဲ့သည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မုံရွာ-အမြင့်လမ်းခွဲမှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရုံးဟောင်းကို ဒီနေ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုပြီး မုံရွာဒေသကာကွယ်ရေးအဖွဲ့တွေက ရုပ်သံနဲ့တကွ သတင်းထုတ်ပြန်လာပါတယ်။

အဲဒီ လဝက ရုံးဟောင်းမှာ စောင့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး နောက်တစ်ဦးလည်း ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

ကာကွယ်ရေးအဖွဲ့တွေက ထုတ်ပြန်တဲ့ရုပ်သံမှာတော့ မုံရွာ-အမြင့်လမ်းဆုံက လဝကရုံးကို ကားပေါ်ကနေ သေနတ်အချက်ရေ ဆယ်ချီနဲ့ ပစ်ခတ်သွားတာတွေ့ရပါတယ်။

အဲဒီရုံးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ချီ စခန်းချလေ့ရှိတာကြောင့် အခုနှစ်ထဲမှာတင် မုံရွာအခြေစိုက် ကာကွယ်ရေးအဖွဲ့တွေရဲ့ ပစ်ခတ်တိုက်ခိုက်မှု ၃ ကြိမ်ထက်မနည်းပြုလုပ်တာခံထားရပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်တုန်းကလည်း မုံရွာမြို့၊ လူနတ်ထိပ်ပန်ရပ်ကွက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စောင့်ကြပ်တဲ့ ကုန်းလမ်းညွန်ကြားမှု ဦးစီးဌာနရုံး(ကညန)နဲ့ စိုက်ပျိုးရေးရုံးတွေကို မုံရွာအခြေစိုက်ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပါတယ်။

အာဆီယံသံအဖွဲ့ယာဥ်တန်း ဆီဆိုင်မြို့နယ်ထဲပစ်ခတ်ခံရ

အင်ဒိုနီးရှားနဲ့ စင်ကာပူနိုင်ငံက သံတမန်တွေပါတဲ့ အာဆီယံလူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ယာဥ်တန်းဟာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့ နယ်ထဲမှာ ပစ်ခတ်ခံခဲ့ရပါတယ်။

သံတမန်တွေပါဝင်တဲ့ အဲဒီယာဥ်ဟာ အာဆီယံလူသားချင်းစာနာမှုအကူအညီပေးညှိနှိုင်းရေးရုံး(AHA) ရဲ့ အစီအစဥ်နဲ့ မြို့ပေါ်က PNLO(ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်) ဆက်ဆံရေးရုံးကို သွားချိန် ဟိုပုံး-ဆီဆိုင်လမ်းပေါ် ၊ ၄၁ မိုင်ကွေ့မှာ မနေ့က မေလ ၇ ရက် မနက်ပိုင်းတုန်းက ပစ်ခတ်ခံခဲ့ရတာဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ အလှည့်ကျဥက္ကဋ္ဌနိုင်ငံ အင်ဒိုနီးရှားသမ္မက ဘယ်လိုတုံ့ပြန်ထားပါလဲ။ NUG ကာကွယ်ရေးဌာနကရော ဘယ်လိုပြောဆိုထားပါသလဲ။ အပြည့်အစုံကို ဒီလင့်ခ် ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

ရေး၊ ဝါပသဲရွာကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းမှာရှိတဲ့ ဝါပသဲရွာထဲကို စစ်ကောင်စီက မနေ့ကရော ဒီကနေ့ မေလ ၈ ရက်နေ့မှာပါ လေကြောင်းနဲ့ လာရောက်တိုက်ခိုက်ခဲ့တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

"မနေ့ညတုန်းက ဗုံးတလုံးချသွားတယ်။ ဒီနေ့လည်း နေ့လယ် ၁၂ နာရီလောက်က ဟက်စကီးနဲ့ တကြိမ်လာပစ်တယ်"လို့ ရေးဒေသခံတဦးက ပြောပါတယ်။

ဒီဖြစ်စဉ်အတွင်း ဒေသခံတွေထိခိုက်ဒဏ်ရာရသလို နေအိမ်မီးလောင်ကျွမ်းတာတွေရှိတယ်လို့ ‌လူမှုကွန်ယက်စာမျက်နှာတွေမှာ ရေးသားနေကြပေမဲ့ ဘီဘီစီဘက်ကတော့ ဒါနဲ့ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်တာမျိုးမရှိပါဘူး။

အဲ့ဒီ ရေးမြို့နယ်ဝါပသဲရွာဟာ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေအတွင်းမှာတည်ရှိပါတယ်။

သံတမန်တွေ နဲ့ ပါတီတွေ တွေ့ဆုံခွင့် ရွေးကောက်ပွဲကော်မရှင်ဘယ်လိုကန့်သတ်ထားလဲ

နိုင်ငံရေးပါတီတွေအနေနဲ့ နိုင်ငံခြားအဖွဲ့အစည်း၊ ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံလိုရင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ဆီကို တင်ပြရမှာဖြစ်ပြီး ကော်မရှင်ကနေ သင့်လျော် တဲ့ အစီအမံနဲ့ ခွင့်ပြုပေးနေတယ်လို့ ဒီကနေ့မှာပဲ ကော်မရှင်က သတင်းထုတ်လာပါတယ်။

နိုင်ငံရေးပါတီတွေဘက်ကတော့ လက်ရှိအချိန်မှာ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအသစ်နဲ့အညီ မှတ်ပုံတင်ထားပြီဖြစ်တာ‌ကြောင့် ကော်မရှင်ဘက် က လျှော့ပေါ့ပေးသင့်သလို အချိန်နဲ့တပြေးညီ ခွင့်ပြုတာတွေဆောင်ရွက်ပေးသင့်တယ်လို့ တုံ့ပြန်ကြပါတယ်။

တရုတ်ကွန်မြူနစ်ပါတီဘက်က မြန်မာနိုင်ငံရေးပါတီတွေကို တရုတ်ပြည်ခရီးစဉ်ဖိတ်ခေါ်မှု ရွှေ့ဆိုင်းခံရတာနဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ နိုင်ငံတကာဆက်ဆံရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စတာဖန်ရှုဘင်ရဲ့ မြန်မာခရီးစဉ်အတွင်းမှာလည်း နိုင်ငံရေးပါတီတွေနဲ့ လူချင်းတွေ့ဆုံခွင့်မရခဲ့တဲ့ ဖြစ်စဉ်တွေကြောင့် အခုလို တောင်းဆိုမှုတွေ ပေါ်ပေါက်လာတာပါ။

မစ္စတာဖန်ရှုဘင်ခရီးစဉ်အတွင်း တရုတ်ဘက်က နိုင်ငံခြားရေးဝန်ကြီးဌာနကတဆင့် ကော်မရှင် ကိုစာတင်ခဲ့ပေမယ့် ပါတီ မှတ်ပုံတင်မကျသေးတာကြောင့်လို့ဆိုပြီး တွေ့ခွင့်မရခဲ့ဘူးလို့ ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ဘီဘီစီကို ပြောပါတယ်။

‘’ UEC အနေနဲ့ ပါတီတွေ သံတမန်တွေနဲ့တွေ့ဆုံပြီးမှ ဘာကြောင့်တွေ့ဆုံရလဲဆိုတာမျိုး တင်ပြခိုင်းတာမျိုးက ပိုသင့်တော်တယ်" လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဘက်ကတော့ ဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ ရွေးကောက်ပွဲကော်မရှင်က လုပ်ဆောင်နေတာလို့ ပြောထားပါတယ်။

မုန်တိုင်းကြောင့် အခြေခံစားသောက်ကုန်နဲ့ ဆေးဝါးတွေကို လုပ်ငန်းရှင်တွေစျေးမကစားဖို့ ပြော

ပြည်သူတွေအနေနဲ့လည်း စိုးရိမ်ပူပန်ပြီး ဆန်စုဆောင်းတာမျိုးမလုပ်ဖို့ ဆန်စပါးအသင်းပြော

အခုလာမယ့် မေလ ၉ ရက်ကနေ မေလ ၁၄ ရက်အတွင်း ဆိုင်ကလုန်းမုန်တိုင်းကျရောက်နိုင်ကြောင်း သတိပေးချက်တွေအသီးသီးထွက်လာပြီးတဲ့နောက် လုပ်ငန်းရှင်တွေအနေနဲ့ အခြေခံစားသောက်ကုန်နဲ့ ဆေးဝါးတွေ စျေးနှုန်းမြင့်တက်တာ၊ စျေးကစားတာနဲ့ စျေးကွက်ထဲ ပစ္စည်းပြတ်လပ်တာမရှိအောင် ကြိုတင်စီမံဆောင်ရွက်ထားဖို့ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI က ဒီကနေ့မှာပဲ အသိပေးစာထုတ်လာပါတယ်။

ပြည်သူတွေအနေနဲ့လည်း မုန်တိုင်းကြောင့်စိုးရိမ်ပူပန်ပြီး ဝယ်ယူစုဆောင်းတာတွေမပြုလုပ်ကြဖို့နဲ့ လိုအပ်တဲ့ ပမာဏကိုသာဝယ်ယူဖို့အတွက်လည်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကပါ ထုတ်ပြန်လာပါတယ်။

ဆန်စပါးလုပ်ကိုင်သူတွေအနေနဲ့လည်း ဆန်စပါးတွေကို အမိုးအကာအောက်နဲ့ သဘာဝဘေးအန္တရာယ်ကင်းလွတ်နိုင်မယ့်နေရာတွေမှာသိုလှောင်ဖို့ အပြင် ရေကြီးတာနဲ့ ရေဝင်ရောက်လာရင်ကြိုတင်ကာကွယ်ဖို့အတွက်ပါ ‌ထည့်ပြောပါတယ်။

တခါ ရိတ်သိမ်းဆဲ၊ ရိတ်သိမ်းပြီးနွေစပါးတွေနဲ့ ရိတ်သိမ်းဖို့ကျန်နေတဲ့ နေရာတွေအပါအဝင် အထူးသဖြင့် ကမ်းရိုးတန်းအနီးတဝိုက်ဒေသတွေက နွေစပါးရိတ်သိမ်းသိုလှောင်တာတွေကို လုပ်ငန်းရှင်တွေအနေနဲ့ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး တောင်သူတွေကို ကူညီပေးကြဖို့လည်း တောင်းဆိုထားပါတယ်။

ဘီဘီစီမေးမြန်းကြည့်တဲ့ ကမ်းရိုးတန်းဒေသက ဒေသခံတချို့ကတော့ အခုဖြစ်လာနိုင်မယ့် ဆိုင်ကလုန်းမုန်တိုင်းသတင်းတွေကို အွန်လိုင်းကနေ အချိန်နဲ့တပြေးညီဖတ်ရှု့ပြီး ကြိုတင်ပြင်ဆင်နေတယ်လို့ ဆိုကြပေမဲ့ မုန်တိုင်းအန္တရယ်ကြိုတင်ကာကွယ်ရေးနဲ့ ပတ်သက်တဲ့အချက်အလက်တွေကိုတော့ ဒေသအာဏာပိုင်တွေဆီကနေ သတင်းအလုံအလောက်မရဘူးလို့ ပြောကြပါတယ်။

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှာ နှစ်ဖက်ပစ်ခတ်မှုကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် တဦးသေဆုံး

မနေ့ မေလ ၇ ရက်တုန်းက ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းမှာ ဒီး‌မော့ဆိုပြည်သူ့ကာကွယ်ရေးအဖွဲ့က နယ်မြေရှင်းလင်းရေးလုပ်နေချိန် စစ်ကောင်စီရဲ့ ကင်းပုန်းနဲ့တိုးကာ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီး ကာကွယ်ရေးအဖွဲ့ဝင် တဦးသေဆုံးခဲ့တယ်လို့ DMO- Local PDF ဆီက သိရပါတယ်။

"နှစ်ဖက်တွေ့ကြတော့ သူတို့ စစ်ကောင်စီဘက်ကနေ လက်နက်ကြီးတွေနဲ့ဆက်တိုက်ပစ်တာမှာ ကျွန်တော်တို့ဘက်က တဦးသေဆုံးခဲ့တာပါ။ မနေ့ညရော ဒီမနက်ရောတိုက်ပွဲဖြစ်တာမရှိပါဘူး။ သူတို့ဘက်က ကင်းထောက်လေယာဉ်တွေတော့ တချိန်လုံးဝဲနေတယ်" လို့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

အခု မေလပထမအပတ်အတွင်း ဒီးမော့ဆိုအရှေ့ဘက်ခြမ်းရော အနောက်ဘက်ခြမ်းမှာပါ နှစ်ဖက်ထိတွေ့မှုအနည်းငယ်ရှိပေမဲ့ ပြင်းထန်တိုက်ပွဲဖြစ်တာမျိုးမရှိသေးဘူးလို့ သိရပါတယ်။

ဒီးမော့ဆိုနဲ့ထိစပ်နေတဲ့ ရှမ်းပြည်တောင်ပိုင်းက ဖယ်ခုံ၊ ပင်လောင်းဘက်မှာတော့ တိုက်ပွဲတွေဆက်ရှိနေခဲ့ပြီး ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့အစောပိုင်းမှာ ဖယ်ခုံ၊ တောင်စလုံးရွာကို စစ်ကောင်စီက လေကြောင်းနဲ့ လာရောက်တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်တွေလည်းရှိခဲ့ပါတယ်။

ကရင်နီဒေသတွင်းအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီကတော့ ဒီကနေ့ ညနေပိုင်းအချိန်အထိ တစုံတရာထုတ်ပြန်လာတာမတွေ့ရသေးပါဘူး။

လာမယ့် ၁၈ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင် ၊ တနိုင်ငံလုံးနီးပါးမိုးထစ်ချုန်းရွာနိုင်

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းမှာ လာမယ့် ၁၈ နာရီအတွင်း လေဖိအားရပ်ဝန်းဖြစ်လာနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။

ဒီကနေ့ နေ့လယ် ၁ နာရီ မိုးဇလရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ လေဖိအားနည်းရပ်ဝန်းဟာ ပိုပြီးအားကောင်းလာနိုင်ပြီး မေလ ၉ ရက်မှာ မုန်တိုင်းငယ်၊ မေလ ၁၀ ရက်မှာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် အားကောင်းလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဆိုင်ကလုန်းမုန်တိုင်းဟာ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းမှာဖြစ်လာနိုင်တာလို့ ဆိုပါတယ်။

ဒါကြောင့် မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေကို လာမယ့် မေလ ၉ ရက်ကနေ ၁၄ ရက်နေ့အတွင်း မကြာခဏမိုးသက်လေပြင်းတွေကျရောက်နိုင်ပြီး လှိုင်းကြီးရာကနေ လှိုင်းအလွန်ကြီးနိုင်တယ်လို့ ဆိုပါတယ်။

ဒီလို မိုးသက်လေပြင်းကျချိန်မှာ ရေပြင်၊ မြေပြင်လေဟာ တနာရီကို မိုင် ၇၀ ကနေ မိုင် ၈၀ ခန့်အထိ တိုက်ခတ်နိုင်ပါတယ်။ ဒါကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံး တနိုင်ငံလုံးနီးပါးမှာ မိုးထစ်ချုန်းရွာနိုင်ပြီး အချို့ဒေသတွေမှာ ဒေသနဲ့ နေရာအလိုက် မိုးကြီးနိုင်တယ်လို့ ပြောပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းရဲ့ အရှိန်ကြောင့် လေပြင်းတိုက်ခတ်တာ၊ မိုးကြီး၊ ရုတ်တရက်ရေကြီးတာနဲ့အတူ မြေပြိုတာတွေပါဖြစ်နိုင်တာကြောင့် မြန်မာ့ကမ်းရိုးတန်း‌တလျှောက်နဲ့ မြစ်ငယ်၊ ချောင်းငယ်တွေအနီးမှာ နေထိုင်သူတွေအနေနဲ့ ရေကြီး၊ ရေလျှံဖြစ်လာနိုင်တာကြောင့် သတိပြုနေထိုင်ဖို့လိုတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်တွင်းလေကြောင်းပျံသန်းရေးနဲ့ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့က ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေအနေနဲ့လည်း ကြိုတင်သတိပြုရှောင်ရှားဖို့မိုးဇလကထုတ်ပြန်ထားပါတယ်။

ဘင်္ဂလားဒေ့ရှ်စခန်းတွေက ရိုဟင်ဂျာတွေ ရိက္ခာထောက်ပံ့ကြေး ထပ်မံဖြတ်တောက်ခံရဖို့ရှိနေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာနေထိုင်နေကြတဲ့ ရိုဟင်ဂျာတွေဟာ ရိက္ခာထောက်ပံ့ကြေး ထပ်မံ ဖြတ်တောက်ခံရဖို့ ရှိနေတယ်လို့ ဒုက္ခသည်တွေက ဘီဘီစီကို ပြောလာပါတယ်။

လာမယ့် ဇွန်လကစလို့ ထောက်ပံ့ကြေး ဖြတ်တောက်မယ့်အစီအစဥ်ကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် WFP က စခန်းတွေကို စာနဲ့ဖြန့်ဝေထားတာလို့လည်းဆိုပါတယ်။

ဘီဘီစီက ရရှိတဲ့စာမှာတော့ လက်ရှိထောက်ပံ့ကြေး ဘင်္ဂလားဒေ့ရှ်ငွေ ၁၀၅၀ တာကာ ကနေ ၈၄၀ တာကာအထိ လျှော့ချမှာဖြစ်တယ်ဆိုပြီး ဒီလိုလုပ်ဆောင်ရတာဟာ ရန်ပုံငွေ ရရှိမှု နည်းပါးတာကြောင့်လို့ WFP ကရှင်းပြထားတာတွေ့ရပါတယ်။

ရန်ပုံငွေ လုံးဝပြတ်သွားတာမျိုးမဖြစ်အောင် အခုလို လျှော့ချရတာဖြစ်တယ်လို့လည်း အဲဒီစာထဲမှာ ပြောထားပါတယ်။

စခန်းတွေက သိန်းနဲ့ချီတဲ့ဒုက္ခသည်တွေဟာ ပြီးခဲ့တဲ့ မတ်လကလည်း ရန်ပုံငွေမလုံလောက်တာကြောင့် ပြီးခဲ့တဲ့ မတ်လတုန်းကလည်း ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ပမာဏကို တာကာငွေ ၂၀၀ ကျော် လျှော့ချထားပြီးဖြစ်ပါတယ်။

ဒုက္ခသည်စခန်းထဲမှာနေထိုင်နေကြရတဲ့ ရိုဟင်ဂျာတွေကတော့ စခန်းထဲကနေ ထွက်ပြီး အပြင်မှာ အလုပ်လုပ်ကိုင်ခွင့်မရှိတဲ့အချိန်မှာ ထောက်ပံ့ကြေးဖြတ်တောက်ခံရတာ၊ ရရှိတဲ့ ထောက်ပံ့ကြေးနဲ့ ရပ်တည်ဖို့ မဖြစ်နိုင်တာတွေကြောင့် စခန်းကနေ ထွက်ခွါတဲ့သူတွေများလာနိုင်သလို၊ လူကုန်ကူးခံရနိုင်တဲ့အန္တရာယ်လည်းမြင့်လာနိုင်တယ်လို့ စိုးရိမ်နေကြပါတယ်။

ကန့်ဘလူ၊ ထောက်ရှာအိုင်ရွာက ရွာသားဆယ်နဲ့ချီ ဖမ်းဆီးခံရ

မနေ့ မေလ ၇ ရက် မနက်အစောပိုင်း စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထောက်ရှာအိုင်ကျေးရွာထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုးရာကနေ နေအိမ် အလုံး ၁၀၀ နီးပါး မီးရှို့ခံခဲ့ရသလို ရွာသား ဆယ်နဲ့ချီလည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

"ကန့်ဘလူတောင်ဘက်ခြမ်းမှာရှိတဲ့ ထောက်ရှာအိုင်ရွာက ဒီနှစ်ထဲမှာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလာကြတာဗျ။ ပထမကလာတယ် ရွာထဲထိမဝင်နိုင်တော့ ရွာပြင်ကတဲတိုက်တလုံး အရှို့ခံခဲ့ရတယ်။ အခုတော့ ရွာထဲထိ စစ်ကြောင်းဝင်လာတာ ‌ရွာသားတွေလည်းအဖမ်းခံလိုက်ရတယ်" လို့ မြေပြင်အခြေအနေသိရှိသူ ကန့်ဘလူဒေသခံတဦးက ပြောပါတယ်။

ဒီကနေ့ မေလ ၈ ရက်နေ့မနက်ပိုင်းအထိ ဖမ်းဆီးခံထားရတဲ့ ထောက်ရှာအိုင်ကျေးရွာသားတွေ ပြန်မလွတ်မြောက်လာသေးသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အရပ်အခေါ်ပျူစောထီး စစ်ကောင်စီအပြော ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေရှိရာ ယမနေကျေးရွာထဲကို ပြန်လည်ဝင်ရောက်သွားပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

အခုလိုစစ်ကြောင်းထိုးတာကြောင့် ထောက်ရှာအိုင်ရွာအပါအဝင် အနီး‌ကျေးရွာ သုံးရွာထက်မနည်းက ဒေသခံတွေ စစ်တိမ်းရှောင်နေကြတယ်လို့ ပြောကြပါတယ်။

ရွှေဘို - မြစ်ကြီးနားလမ်းမကြီးအနီးမှာရှိပြီး အိမ်ခြေ ၃၀၀ ကျော်ရှိတဲ့ လောက်ရှာအိုင်ရွာက ဖြစ်စဉ်နဲ့ပတ်သက်လို့ ဒီကနေ့ နေ့လယ်ပိုင်းအချိန်အထိ စစ်ကောင်စီဘက်က တစုံတရာသတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။

မြဝတီမှာ လူကုန်ကူးခံရတဲ့အင်ဒိုနီးရှားနိုင်ငံသား ၂၀ ကျော် ပြန်လွတ်လာ

ကရင်ပြည်၊ မြဝတီမြို့နယ်ထဲမှာ လူကုန်ကူးခံရတဲ့ အင်ဒိုနီးရှားနိုင်ငံသား ၂၀ ကျော်ကို ထိုင်းနယ်စပ်ကနေ တဆင့် ပြန်လည်ကယ်ဆယ်ထားနိုင်ပြီလို့ အင်ဒိုနီးရှားနိုင်ငံခြား‌ရေးဝန်ကြီးဌာနက ပြောပါတယ်။

အဲဒီလူတွေကို ဒေသခံအချိတ်အဆက်တွေနဲ့ ရန်ကုန်မှာရှိတဲ့အင်ဒိုနီးရှားနိုင်ငံသံရုံးက မြဝတီမြို့နယ်ထဲကနေ ပြန်လည်ကယ်ဆယ်ခဲ့တာဖြစ်ပြီး နေရပ်ပြန်ပို့နိုင်ရေးကို ထိုင်းအာဏာပိုင်တွေနဲ့အတူဆောင်ရွက်နေတယ်လို့ ဝန်ကြီးဌာနက မနေ့ မေလ ၇ ရက်မှာ ကြေညာတာဖြစ်ပါတယ်။

လူကုန်ကူးခံရတဲ့ မြဝတီရောက် အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးက သူတို့နေထိုင်နေရတဲ့အခြေအနေ ဆိုးရွားနေပြီး အွန်လိုင်းကနေလိမ်လည်တာတွေလုပ်နေရတဲ့အကြောင်း၊ သတ်မှတ်ထားတဲ့အတိုင်း လိမ်လည်မှုမလုပ်နိုင်ရင် ရိုက်နှက်ခံရတဲ့အကြောင်း၊ နေရပ်ပြန်ခေါ်ပေးဖို့တောင်းဆိုတဲ့ရုပ်သံတစ်ခု ပျံ့နှံ့လာအပြီးမှာ အခုလို ကယ်ဆယ်ရေးအစီအစဥ်ပေါ်လာတာပါ။

နည်းပညာအလုပ်အကိုင်ရရှိမယ်လို့ဆိုကာ လိမ်လည်ခံရပြီး ထိုင်းနယ်စပ်ကနေတဆင့် မြဝတီမြို့နယ်ထဲမှာ လူကုန်ကူးခံရတဲ့ နိုင်ငံခြားသားတွေကို ကယ်ထုတ်ရမှုတွေ မကြာခဏပေါ်ပေါက်နေပြီး ဒီ့မတိုင်ခင်တုန်းကလည်း အိန္ဒိယနိုင်ငံသား ဆယ်ချီကို ကယ်ထုတ်ခဲ့ရပါသေးတယ်။

ခင်ဦးဒေသခံ ၇ ထောင် နီးပါး စစ်ရှောင်နေရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲမှာ စစ်ကောင်စီတပ် စစ်ကြောင်း ၂ ကြောင်းကြောင့် မြို့နယ် အရှေ့ခြမ်းနဲ့ အနောက်ခြမ်းက ဒေသခံ ၇ ထောင်နီးပါး စစ်ရှောင်နေရတယ်လို့ သိရပါတယ်။

ခင်ဦးမြို့နယ် အရှေ့ခြမ်းမှာတော့ မနေ့ မေလ ၇ ရက်နေ့မှာ ကဘွတ်ရွာနဲ့ ကုတ္တက်ရွာတို့ မီးရှို့ခံခဲ့ရပြီး ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီးတွေ ပစ်ခတ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

လူအင်အား ၂၀၀ နီးပါးပါတဲ့ အဲဒီစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ မနေ့တုန်းက တိုက်ပွဲဖြစ်ရာမှာတော့ ကာကွယ်ရေးအဖွဲ့တွေဘက်က တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရတယ်လို့ ခင်ဦးသတင်းမှန် ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

နောက် ခင်ဦးမြို့နယ် အနောက်ခြမ်းမှာလည်း ရေဦးမြို့နယ်ထဲကနေဝင်လာတဲ့ အင်အား ၇၀ ကျော်ပါ စစ်ကောင်စီတပ်က ဒီနေ့ မနက်ပိုင်း ၈ နာရီကျော်ကျော်လောက်မှာ မြကန်ကျေးရွာကနေ အောင်သာရွာဘက်ကို လက်နက်ပစ်ခတ်ပြီး ခြေလျင်စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံတွေ ထွက်ပြေးနေရတာလို့ သိရပါတယ်။

လာမယ့် ၅ ရက်အတွင်း မုန်တိုင်းဝင်နိုင်လို့ ကာကွယ်နိုင်ရေးပြင်ဆင်နေတယ်လို့ စစ်ကောင်စီပြော

မြန်မာနိုင်ငံအတွင်းကို မေလ ၁၃ ရက်နဲ့ ၁၄ ရက်နေ့ လောက်မှာ မုန်တိုင်း ဝင်ရောက်လာနိုင်တယ်လို့ ခန့်မှန်း ထားကြောင်း စစ်ကောင်စီပြန်ကြားရေးအဖွဲ့ခေါင်းဆောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက မေလ ၇ရက်နေ့ ညပိုင်းမှာ ထုတ်ပြန် ပြောဆိုလာပါတယ်။

ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းမှာ မေလ ၈ရက်နေ့ကစတင်ပြီး လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်မယ်လို့ မိုးလေဝသနဲ့ဇလဗေဒဌာနကလည်း

ခန့်မှန်းထားပါတယ်။ နောက်ရက် မေလ ၉ရက်နေ့မှာတော့ မုန်တိုင်းငယ်အဆင့် ကိုရောက်ရှိပြီး မေလ ၁၀ ရက်နေ့မှာတော့ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း မှာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ကို ရောက်ရှိမယ်လို့ မေလ ၇ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အဲဒီလို ခန့်မှန်းတွက်ချက်မှုတွေကို Global Forecasting Models (GFS)၊ European Centre for Medium-range Weather Forecasts(ECMWF) တွေကနေတဆင့် မုန်တိုင်းဖြစ်ပေါ်နိုင်တဲ့အခြေအနေနဲ့ မုန်တိုင်း ဝင်ရောက်နိုင်မှုရှိမရှိစတဲ့အခြေအနေတွေကို မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စောင့်ကြည့် နေတာလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ECMWF အရ မေလ ၁၂ရက်နေ့ ညနေပိုင်း ၆ နာရီ‌ကျော်ကျော်လောက်မှာ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းတို့ အနီးက ဖြတ်သန်းနိုင်တယ်လို့ ခန့်မှန်းရရှိသလို၊ GFS ရဲ့ တွေ့ရှိခန့်မှန်းချက်အရ ရခိုင်ပြည်နယ် စစ်တွေနဲ့ ကျောက်ဖြူကြားကနေ မေလ ၁၄ ရက် မွန်းတည့် ၁၂ နာရီလောက်မှာ ဖြတ်သန်းနိုင်တယ်လို့ သိရှိထား ရတယ်လို့ ထုတ်ပြန်ပါတယ်။

GFS ကိုအခြေပြုကိုးကားခန့်မှန်းတဲ့ စစ်ကောင်စီရဲ့ မိုးဇလဌာနကတော့ မေလ ၁၅ ရက်၊ မနက်ပိုင်းမှာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးကနေ မုန်တိုင်းကဖြတ်သန်းမယ်လို့ ခန့်မှန်းထားပါတယ်။

ခန့်မှန်းတွက်ချက်မှုတွေအရ မုန်တိုင်းဝင်ရောက်နိုင်ချေရှိနေတာကြောင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီအရေးပေါ်အစည်းအဝေးကို မေလ ၇ရက်နေ့ မနေ့ကစတင်ပြုလုပ်နေပြီး၊ မုန်တိုင်းဒဏ်ကာကွယ် နိုင်ဖို့ ကြိုတင်ပြင်ဆင်ရေး၊ ကူညီကယ်ဆယ်ရေးနဲ့ လုပ်ငန်းတွေပြင်ဆင်နိုင်ရေးတို့ကို အကောင်အထည်ဖော် လုပ်ဆောင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

လက်ရှိ မုန်တိုင်းဝင်ရောက်နိုင်မယ်လို့ ယူဆထားတဲ့ ဧရာဝတီတိုင်းထဲမှာ ဆိုင်ကလုန်းရှက်တာ ၄၇ ခုရှိသလို၊ အခြားမုန်တိုင်းဒဏ်ခံအဆောက်အအုံ ၁၁၈ ခုထိရှိထားတယ်လို့သိရပါတယ်။ အလားတူ ရခိုင်ပြည်နယ်ထဲမှာ လည်း မုန်တိုင်းခံနားခိုရာအဆောက်အအုံ ၅၄ လုံးရှိထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

“ပင်လယ်ရာသီဥတုက သာသာယာယာပဲရှိသေးတယ်။ မုန်တိုင်းလာမယ်ဆိုတာသိတယ်။ ဒါပေမယ့် မုန်တိုင်း အရိပ်အရောင်မမြင်ရသေးတော့ အားလုံးကတော့ ပုံမှန်အတိုင်းဘဲ။ မုန်တိုင်းအသိတော့ရှိနေကြတယ်” လို့ ဘိုကလေးမြို့နယ်၊ ကံဒုံကနိဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

လက်ရှိအချိန်မှာတော့ မုန်တိုင်းအတိုက်များတဲ့ ဧရာဝတီက ဘိုကလေးအပါအဝင်နေရာအများအပြား၊ ရခိုင် ပြည်နယ်မြောက်ပိုင်းစတဲ့နေရာတွေမှာ မုန်တိုင်းနဲ့ဆက်စပ်တဲ့ အရိပ်အ‌ရောင်မျိုးတွေကို မြင်တွေ့ရတာမရှိ သေးဘူးလို့ ဒေသခံတွေထံကသိရပါတယ်။

ဒါပေမယ့် ရခိုင်ပြည်နယ်ဘက်မှာတော့ အရင်ထက်လေတိုက်နှုန်း များလာတာ မျိုးရှိတယ်လို့ ဒေသခံတွေက ပြောကြ ပါတယ်။ မုန်တိုင်းဝင်နိုင်တဲ့အခြေအနေနဲ့ ပတ်သက်ပြီး လက်ရှိအချိန်အထိတော့ အတိအကျ ပြောတာ မျိုးတွေတော့ မရှိသေးဘူးလို့လည်း စစ်တွေမြို့က ဒေသခံတွေက ပြောကြပါတယ်။