အီရန်လုံခြုံရေးအကြံပေးတွေရှိတဲ့ ဆီးရီးယားက လူနေအိမ် တိုက်ခိုက်ခံရ -ဇန်နဝါရီ ၂၀ ရက်ညပိုင်းသတင်းများ

ရေးသားခဲ့သည်။

အစ္စရေးတပ်ဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်မှုလို့ ဆိုတဲ့ တိုက်ခိုက်မှုကြောင့် ဆီးရီးယားနိုင်ငံ ဒမတ်စကပ်စ်မြို့က လူနေအဆောက်အဦ တစ်ခုကို ဗုံးထိမှန်ခဲ့တယ်လို့ ဆီးရီးယား အစိုးရ သတင်းမီဒီယာက ဖော်ပြပါတယ်။

အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့ဝင် တစ်ဦးအပါအဝင် အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအဆောက်အဦဟာ ဆီးရီးယားအစိုးရဆိုင်ရာ အီရန်အကြံပေးပုဂ္ဂိုလ်တွေ အသုံးပြုနေတဲ့ အဆောက်အဦ ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဆီးရီးယား ပြည်တွင်းစစ်ကာလအတွင်း သမ္မတ အားဆတ်ကို အီရန်က အဓိက အခန်းကဏ္ဍကနေ ထောက်ခံအားပေးခဲ့တာ ဖြစ်ပါတယ်။

အစ္စရေးဘက်ကတော့ ခုချိန်ထိ ဘာတုံ့ပြန်မှုမှ မရှိသေးပါဘူး။ လတ်တလော နှစ်ပိုင်းတွေအတွင်း အစ္စရေးစစ်တပ်ဟာ ဆီးရီးယားမှာ ရှိတဲ့ အီရန်နဲ့ ဆက်နွှယ်နေတဲ့ ပစ်မှတ်တွေအပေါ် တိုက်ခိုက်မှု အတော်များများ လုပ်ခဲ့ပါတယ်။

ဂါဇာတောင်ပိုင်းကို ဗုံးကြဲတိုက်ခိုက်မှုတွေ အစ္စရေး ဆက်လုပ်နေ

အစ္စရေးတပ်ဖွဲ့တွေက ဂါဇာ တောင်ပိုင်း ခန်းယူနစ်မြို့အပေါ် ဗုံးကြဲတိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် ဆက်လုပ်ခဲ့ပါတယ်။

မနေ့တုန်းက ပါလက်စတိုင်း ၁၆၅ ဦး သေဆုံးခဲ့ပြီး ခုချိန်ထိ ဂါဇာစစ်ပွဲအတွင်း စုစုပေါင်း သေဆုံးခဲ့သူအရေအတွက်ဟာ ၂၅,၀၀၀ နားအထိ ရှိလာနေပြီလို့ ဂါဇာဒေသရဲ့ ဟားမတ်စ် ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။

အစ္စရေးစစ်တပ်က စစ်ဘက်ဆိုင်ရာခြံဝင်းတစ်ခုလို့ ဆိုတဲ့ နေရာတစ်ခုကို သူတို့ စီးနင်းတိုက်ခိုက်ခဲ့စဉ် ရော့ကက်လောင်ချာ ၆ ခုကို တွေ့ရှိသိမ်းဆည်းမိခဲ့တယ်လို့ ပြောပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်နဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နက်တာညာဟု တို့ တစ်လနီးပါးအတွင်း ပထမဆုံးအကြိမ် စကားပြောခဲ့ကြချိန်မှာပဲ အခုလို တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေတာပါ။

ပါလက်စတိုင်းနိုင်ငံ တကယ်တန်း ထူထောင်ရေးကို စစ်ပွဲပြီးသွားချိန်ကျရင် ထည့်စဉ်းစား လုပ်ဆောင်မှာ မဟုတ်ဘူးလို့ မစ္စတာ နက်တာညာဟုက အစောပိုင်းတုန်းက ပြောခဲ့တယ်ဆိုတာ မဟုတ်ကြောင်း မစ္စတာ ဘိုင်ဒန်က ငြင်းဆိုခဲ့ပါတယ်။

ဂျပန် အာကာသအေဂျင်စီကို အားပေးကူညီသွားမယ်လို့ ဂျပန်ဝန်ကြီးချုပ်ပြော

ဂျပန် အာကာသအေဂျင်စီအနေနဲ့ စွမ်းအင်ပြဿနာ အခက်အခဲတွေနဲ့ ကြုံရပေမဲ့ လကမ္ဘာမှာ ရိုဘော့ စက်ရုပ်တစ်စင်း ဆင်းသက်နိုင်ခဲ့တဲ့အတွက် အထူးအားရကျေနပ်မိတယ်လို့ ဂျပန် ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက ပြောပါတယ်။

နောက်ထပ် စိန်ခေါ်မှုအခက်အခဲတွေကို ရင်ဆိုင်ကြုံတွေ့နေရတဲ့ ဂျပန် အာကာသအေဂျင်စီကို သူ့အနေနဲ့ ဆက်လက်အားပေးကူညီသွားမယ်လို့လည်း ဆိုပါတယ်။

အဲဒီ ရိုဘော့ယာဉ်ငယ်လေးရဲ့ နေရောင်ခြည် စွမ်းအင်ဆဲလ်တွေက လောလောဆယ် အလုပ်မလုပ်ဘဲ သူ့ရဲ့ ဘက်ထရီတွေကလည်း နာရီပိုင်းအတွင်း ကုန်တော့မယ်လို့ ယူဆရပါတယ်။ ဒါပေမဲ့လည်း လကမ္ဘာပေါ် ဆင်းသက်ခဲ့တဲ့ ရိုဘော့စက်ရုပ်မှာ ပါသွားတဲ့ စူးစမ်းယာဉ်နှစ်ခုကနေ သတင်းအချက်အလက်တွေကို ကမ္ဘာဆီ ပြန်ပို့နေတယ်လို့ ဂျပန်အာကာသ အေဂျင်စီက ပြောပါတယ်။

တရုတ်စက်ရုံ ပေါက်ကွဲမှု လူ ၈ဦးသေဆုံး

တရုတ်နိုင်ငံ ဂျီယန်ဆုပြည်နယ်က စက်ရုံတစ်ခုမှာ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုအတွင်း လူ ၈ ဦး သေဆုံးခဲ့တယ်လို့ တရုတ်အစိုးရ သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ဒီပေါက်ကွဲမှုဟာ ချန်ဂျောင်းမြို့က သံထည်စက်ရုံတစ်ခုရဲ့ အလုပ်ရုံမှာ စနေနေ့ မနက်လင်းအားကြီးအချိန်မှာ ဖြစ်ပွားခဲ့တာပါ။

ပေါက်ကွဲစေတတ်တဲ့ ဖုန်အမှုန်အစတွေ လေထုထဲမှာ မီးစွဲလောင်ခဲ့ရာကနေ အခုလို ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ ရှင်ဟွာ တရုတ်သတင်းဌာနက ဆိုပါတယ်။

နောက်ထပ် လူ ၈ ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဘေးကင်းလုံခြုံမှု စည်းမျဉ်းစည်းကမ်းတွေကို အသေအချာ ချမှတ်လိုက်နာလေ့ မရှိတဲ့ တရုတ်နိုင်ငံမှာ စက်မှုလုပ်ငန်း မတော်တဆ ဖြစ်မှုတွေ မကြာခဏ ဖြစ်လေ့ ရှိပါတယ်။