ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဇွန် ၁၃ ရက် ထိပ်တန်းသတင်းများ - စက်သုံးဆီစျေးကျနေပေမယ့် ကုန်စျေးနှုန်းတွေမကျဘူးလို့ စစ်ခေါင်းဆောင်ပြော
NUG ဗဟိုဘဏ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် မစ္စတာရှောင်တာနဲကို ခန့်အပ်
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကြားကာလဗဟိုဘဏ်၊ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် မစ္စတာရှောင်တာနဲကို ခန့်အပ်တာဝန်ပေးလိုက်တယ်လို့ ဒီကနေ့ ဇွန် ၁၃ ရက်မှာ ကြေညာပါတယ်။
သြစတြေးလျနိုင်ငံသား မစ္စတာရှောင်တာနဲ ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရရဲ့ စီးပွားရေးအကြံပေးအဖြစ် တာဝန်ယူခဲ့ဖူးသူ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်မှာတော့ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေတွေနဲ့ ဖမ်းဆီးတရားစွဲဆိုခံရပြီး ထောင်ဒဏ် ၃ နှစ်ချမှတ်ခံခဲ့ရပါတယ်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာကမှ ပြန်လွတ်လာခဲ့တာပါ။
သူနဲ့အတူ အမှုတွဲတွေအဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဟောင်းတွေဖြစ်တဲ့ ဦးကျော်ဝင်း၊ ဦးစိုးဝင်း နဲ့ ဒုဝန်ကြီး ဦးဆက်အောင်တို့လည်း ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရပါတယ်။
စက်သုံးဆီစျေးကျနေပေမယ့် ကုန်စျေးနှုန်းတွေမကျဘူးလို့ စစ်ခေါင်းဆောင်ပြော
ကုန်ဈေးနှုန်းတက်တဲ့ကိစ္စဖြေရှင်းဖို့ စစ်ကောင်စီအစည်းအဝေးလုပ်
စက်သုံးဆီ နဲ့ မြေဩဇာ စတဲ့ သွင်းအားစုဈေးနှုန်းတွေ အရင်နှစ်ကထက် ကျဆင်းသွားပေမယ့် ကုန်ဈေးနှုန်းတွေ ကြီးမြင့်နေသေးတာ တွေ့ရတယ် လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မနေ့က ပြောလိုက်ပါတယ်။
မနေ့က နေပြည်တော်မှာလုပ်တဲ့ သားငါးကဏ္ဍ ကုန်ထုတ်လုပ်မှု နဲ့ စိုက်ပျိုးရေးကဏ္ဍ ကုန်ထုတ်လုပ်မှု တိုးမြှင့်ရေး ညှိနှိုင်းအစည်းအဝေးမှာ ကုန်ဈေးနှုန်းကျဆင်းစေရေး ဆောင်ရွက်ဖို့ပါ စစ်ခေါင်းဆောင်က ပြောခဲ့တာပါ။
စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ကုန်ထုတ်လုပ်ငန်းတွေအလိုက် သွင်းအားစုတွေ ကုန်ဈေးနှုန်းကြီးမြင့်ခဲ့လို့ ပြည်တွင်းထုတ်လုပ်မှု ကုန်ကျစရိတ်တွေ မြင့်တက်လာတာရှိသလို ဝိသမလောဘသားတွေရဲ့ ငွေကြေးကစားမှုနဲ့ နိုင်ငံရေးအမြတ်ထုတ်လိုမှုတွေကြောင့်လည်း ဖြစ်သင့်တဲ့ဈေးထက် ကုန်ဈေးနှုန်းမြင့်မားနေရတာလို့ ယူဆတဲ့အကြောင်း သူက ပြောပါတယ်။
တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် အခြေခံစားကုန်တွေကို လုံလုံလောက်လောက် ထုတ်လုပ်နိုင်ရင် ကုန်ဈေးနှုန်းတည်ငြိမ်အောင် ဆောင်ရွက်နိုင်မယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
ကုန်ထုတ်လုပ်သူတွေအနေနဲ့ အများပြည်သူတွေအတွက် အဖြစ်သင့်ဆုံးဈေးနှုန်းနဲ့ ထိန်းညှိရောင်းချပေးဖို့လိုတယ်လို့ သူကပြောပါတယ်။ ဒီလိုလုပ်တဲ့နေရာမှာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့ ထိန်းသိမ်းကြပ်မတ်ဖို့လိုတယ်လို့ မှာပါတယ်။
ဒေသအလိုက် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငရုတ်၊ ကြက်သွန်၊ အာလူး၊ အသား၊ ငါး နဲ့ ဥ တွေဟာ ဝယ်လိုအားနဲ့ ရောင်းလိုအား မျှတမှုမရှိတာ တွေ့ရတယ်လို့ သူကပြောပါတယ်။
မြန်မာနိုင်ငံဟာ စိုက်ပျိုးမွေးမြူရေးနိုင်ငံဖြစ်ပြီး သယံဇာတ နဲ့ လူသားအရင်းအမြစ်တွေ ရှိနေပေမယ့် စားရေရိက္ခာများ ဈေးနှုန်းကြီးမြင့်တာ မဖြစ်သင့်ဘူးလို့ သူက ပြောပါတယ်။
ရှိသင့်ရှိထိုက်တဲ့ ကုန်ဈေးနှုန်းဖြစ်စေဖို့ ကုန်ထုတ်လုပ်မှု ပမာဏ မြှင့်တင်ဖို့ အရေးကြီးတယ် လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
ဝန်ကြီးဌာနများအလိုက်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအလိုက် ကုန်ပစ္စည်းထုတ်လုပ်မှုနဲ့ပတ်သက်လို့ မနေ့က အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြပါတယ်။
ပြည်နယ်နဲ့တိုင်းအလိုက် ကုန်စည်ဒိုင်တွေကို ကြပ်မတ်ဆောင်ရွက်ဖို့ကိုလည်း စစ်ကောင်စီဥက္ကဋ္ဌက ပြောပါတယ်။
သရက်ချောင်းမြို့နယ်ထဲ ရွာ ၈ ရွာနီးပါးက ဒေသခံတွေ ထွက်ပြေးနေရ
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ထဲကို ပြီးခဲ့တဲ့ရက်တွေအတွင်း စစ်တပ်က အင်အား ရာကျော်နဲ့ စစ်ကြောင်းထိုး ဝင်ရောက်တာတွေကြောင့် ကျေးရွာ ၈ ရွာနီးပါးက ဒေသခံ ထောင်ချီ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ ၄ ရက်အတွင်း သရက်ချောင်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ကမြိုင်ရွာနဲ့ ရငဲရွာကြားမှာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့သလို ကနက်သီရိကျေးရွာအနီးမှာတိုက်ပွဲအပြင်းအထန် ဖြစ်ပွားချိန်တုန်းကဆိုရင် စစ်ကောင်စီရေတပ်က လက်နက်ကြီးနဲ့ ကူပစ်တဲ့အထိရှိခဲ့တယ်လို့လည်း သိရပါတယ်။
အဲဒီနောက် စစ်ကောင်စီတပ်က ကနက်သီရိကျေးရွာထဲကို ဝင်ရောက်မွှေနှောက်ပြီး ဖုန်းဆိုင်နဲ့ စျေးဆိုင်တွေက ပစ္စည်းတွေကို သော့ဖျက်ယူဆောင်သွားတာနဲ့ နေအိမ် ၇ ဆောင်ကို မီးရှို့တာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
‘’တိုက်ပွဲကတော့ လမ်းမှာဖြစ်ကြတာပါ။ ကျွန်တော်တို့က ပြောက်ကျားတိုက်ခိုက်တာ။ သူတို့က ရွာထဲ ဝင်သွားပြီး အိမ်တွေ၊ မီးရှို့ ပစ္စည်းတွေ ယူဆောင်သွားပါတယ်။ ကျွန်တော်တို့ နိုင်သလောက်တော့ ကာကွယ်ခဲ့ပါတယ်။ သူတို့ရွာထဲဝင်သွားတော့ ကျွန်တော်တို့လည်း ဒေသခံတွေ နစ်နာမှာစိုးလို့ ရွာထဲ တိုက်ပွဲမဖြစ်ခဲ့ပါဘူး’’ လို့ တနင်္သာရီစစ်ဒေသခွဲ ပြန်ကြားရေးက ဘီဘီစီကို ပြောပါတယ်။
စစ်ကောင်စီတပ်ဝင်ရောက်ချိန် ရငဲရွာက အသက် ၂၀ ကျော်အရွယ် လူငယ်တစ်ဦးဟာ စစ်ရှောင်ရင်း မိခင်ဖြစ်သူသောက်တဲ့ဆေးကျန်ခဲ့လို့ နေအိမ်ကို ပြန်ယူချိန် စစ်တပ်နဲ့ တိုးပြီး ပစ်ခတ်ခံရတာကြောင့် သေဆုံးခဲ့တယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာ စစ်ကူလာတဲ့တပ်ဖွဲ့ဝင်တွေအပါအဝင် အင်အား ၂၀၀ နီးပါးနဲ့ သရက်ချောင်းမြို့ပေါ်ကို ပြန်ထွက်သွားပြီဖြစ်ပေမဲ့ ရွာချင်းဆက်နေတဲ့ ဝင်းဝရွာ၊ သိမ်ကုန်းရွာ၊ ဝဲရစ်ရွာ၊ ကမြိုင်ရွာ၊ ရငဲရွာ၊ ကျွဲမင်းကုန်းရွာနဲ့ ကနက်သီရိရွာတွေက ဒေသခံတွေဟာ ဒီနေ့အထိ ဘေးလွတ်ရာ ထွက်ပြေးနေရတုန်းဖြစ်ပါတယ်။
သရက်ချောင်းမြို့နယ်ထဲကို စစ်ကောင်စီစစ်ကြောင်းက ဘာကြောင့် အခုလို ဝင်ရောက်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပေမဲ့ စစ်ကောင်စီတပ်ဟာ ထားဝယ်ခရိုင်ထဲမှာ စစ်ကြောင်း တစ်ကြောင်း၊ တနင်္သာရီနဲ့မြိတ်မှာ စစ်ကြောင်းဖြန့်ကာ မြို့နယ် တစ်ခုကို ဝင်ပြီဆိုရင် အင်အား ၁၀၀ ကျော် အထိ သုံးပြီး စုဝေး ဖြန့်ကြက် စစ်ကြောင်းထိုးလေ့ရှိတယ်လို့ တနင်္သာရီစစ်ဒေသခွဲ ပြန်ကြားရေးဘက်က ပြောထားပါတယ်။
နေပြည်တော်မှာ တစ်ရက်တည်း ၄ နေရာ တိုက်ခိုက်ခံရ
ဒီမနက်လည်း ပစ်ခတ်တိုက်ခိုက်မှုတွေရှိနေ
နေပြည်တော်မှာ နိုင်ငံတော်အဆင့်အခမ်းအနားတွေ ကျင်းပတဲ့ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းစင်တာ(MICC 2) အပါအဝင် ရဲစခန်းတချို့ မနေ့ ဇွန်လ ၁၂ ရက်က တိုက်ခိုက်ခံခဲ့ရတယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။
လယ်ဝေးမြို့မ ရဲစခန်း နဲ့ ရဲကင်းတစ်ခု၊ ပျဉ်းမနားမြို့အနီးက တပ်တစ်ခု ပါ တိုက်ခိုက်ခံခဲ့ရတာပါ။
လယ်ဝေးမြို့မ ရဲစခန်းကို လက်ပစ်ဗုံးနဲ့ အပစ်ခံရတဲ့ဖြစ်စဉ်မှာ ရဲတချို့ ဒဏ်ရာရခဲ့ပြီး ရဲကင်းတိုက်ခိုက်ခံရမှုမှာ ရဲတစ်ဦးသေဆုံးခဲ့တယ်လို့ ပြည်ထဲရေးနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
MICC 2 က ဗုံးပေါက်မှုမှာတော့ ထိခိုက်ဒဏ်ရာရသူမရှိသလို ပျဉ်းမနားအနီးက တပ်ကိုလည်း ချောင်းပစ်တာဖြစ်လို့ ထိခိုက်ဒဏ်ရာရမှုမရှိခဲ့ဘူးလို့ သိရပါတယ်။
တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ ရုပ်သံမှတ်တမ်းတွေအရ ဆိုင်ကယ်တွေနဲ့ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး ဒီကနေ့မနက်အထိ တစ်ဦးမှ မဖမ်းမိသေးဘူးလို့ သိရပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာလည်း လယ်ဝေးမြို့အရှေ့ဘက်က နေပြည်တော်ဘိလပ်မြေစက်ရုံအနီးမှာ စစ်တပ် နဲ့ PDF တွေ နာရီနဲ့ချီအောင် တိုက်ပွဲဖြစ်ခဲ့တယ်လို့ လယ်ဝေး ဒေသခံတစ်ဦးကပြောပါတယ်။
စစ်ကောင်စီနဲ့သွားတွေ့တဲ့ အိန္ဒိယနိုင်ငံခြားသတင်းထောက်သတင်းဥက္ကဋ္ဌကို အသင်းဦးဆောင်အဖွဲ့ဝင်တွေ ကန့်ကွက်
မြန်မာစစ်ကောင်စီဝန်ကြီးနဲ့သွားတွေ့တဲ့ အိန္ဒိယ နိုင်ငံခြားသတင်းထောက်အသင်းဥက္ကဋ္ဌ ဗန်ခတ် နာရာယန်ကို ကန့်ကွက်တဲ့အနေနဲ့ အသင်းဦးဆောင်အဖွဲ့ဝင်အချို့ နုတ်ထွက်စာ တင်လာကြတယ်လို့ အိန္ဒိယက လာတဲ့သတင်းတွေမှာဖော်ပြပါတယ်။
မစ္စတာ နရာယန်ဟာ ပြီးခဲ့တဲ့သီတင်းပတ်မှာ မြန်မာပြည်ကို သွားရောက်ပြီး စစ်ကောင်စီရဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်နဲ့ နောက် နိုင်ငံခြားရေးဒုဝန်ကြီးတွေ့ဆုံခဲ့တာဖြစ်ပါတယ်။
အသင်းကနေ နုတ်ထွက်ကြတဲ့ နိုင်ငံခြားသတင်းထောက်တွေကတော့ '' မီဒီယာလွတ်လပ်ခွင့်နဲ့ သတင်းထောက်တွေအတွက် ရပ်တည်ပေးတဲ့ အဖွဲ့အစည်းတစ်ခုရဲ့ဥက္ကဋ္ဌတစ်ဦးဟာ ကမ္ဘာမှာ သတင်းစာလွတ်လပ်ခွင့် အဆိုးရွားဆုံး ဖြစ်နေပြီး သတင်းသမားတွေကို ထောင်ဒဏ်ချမှတ်ထားတဲ့ စစ်အုပ်စုတစ်ခုရဲ့ ဝါဒဖြန့်လက်တံခြေတံ တစ်ခုနဲ့ သွားတွေ့တယ်လို့ ယူဆတာကြောင့်'' လို့ဆိုပြီး သူတို့ရဲ့ နုတ်ထွက်စာမှာ ရေးသားထားပါတယ်။
အဲဒီစာကို နယူးဒေလီမြို့မှာ အခြေစိုက်တဲ့ The Economist၊ Washington Post၊ AFP၊ Financial Times၊ Radio France International စတဲ့ သတင်းဌာနတွေက ဗြူရိုအကြီးအကဲတွေအပြင် အသင်းဝင် နိုင်ငံခြား သတင်းထောက် ၂၂ ယောက်ကလည်း ထောက်ခံလက်မှတ်ရေးထိုးထားပါတယ်။
အိန္ဒိယနိုင်ငံခြားသတင်းထောက်အသင်းဥက္ကဋ္ဌ ကတော့ သူ့ရဲ့ မြန်မာခရီးစဥ်ဟာ အသင်းဥက္ကဋ္ဌအနေနဲ့မဟုတ်ဘဲ သတင်းထောက်တစ်ဦးနဲ့ သွားတွေ့တာ၊ နောက် သူ့လုပ်သက် သက်တမ်း ၅၀ နီးပါးမှာ ဒီလိုပဲ ပြည်ပ နိုင်ငံတာဝန် ရှိသူတွေနဲ့တွေ့ဆုံလေ့ရှိတယ်လို့ တုံ့ပြန်ပြောဆိုထားပါတယ်။
ဒါပေမဲ့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ချိန်မှာတော့ မြန်မာနိုင်ငံမှာဖြစ်နေတဲ့အခြေအနေတွေ၊ မီဒီယာကဏ္ဍတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်တာတွေ၊ နိုင်ငံပိုင် သတင်းမီဒီယာတွေမှာ စွမ်းဆောင်ရည် မြှင့်တင်ရေးနဲ့ ဆက်စပ်တာတွေကို ဆွေးနွေးခဲ့တာလို့ ဖော်ပြထားပါတယ်။
တိုက်ခန်းပိုင်ရှင်တွေကို စစ်ကောင်စီ ထပ်မံဖိအားပေး
တိုက်ခန်း နဲ့ အဆောင် တွေငှားတဲ့အခါ ငှားရမ်းသူရဲ့ ကိုယ်ရေးအချက်အလက်အပြည့်အစုံသိမှ ငှားရမ်းဖို့နဲ့ အဲဒီအချက်အလက်တွေကို ဧည့်စာရင်းတိုင်ရမယ်လို့ စစ်ကောင်စီက ထပ်မံထုတ်ပြန်လိုက်ပါတယ်။
အရင်ကတည်းက အခုလိုသတိပေးခဲ့ပေမယ့် တိုက်ခန်းပိုင်ရှင်တချို့က မလိုက်နာခဲ့ဘူး လို့ စစ်ကောင်စီက ဆိုပါတယ်။
လုပ်ကြံသတ်ဖြတ်မှုတွေနဲ့ ဖောက်ခွဲမှုတွေကို ဖမ်းဆီးဖော်ထုတ်ချက်အရ ကျူးလွန်သူတွေဟာ သူတို့ကို အလွယ်တကူခြေရာခံမရအောင် တိုက်ခန်းတွေမှာ ငှားရမ်းနေထိုင်ကြတာကို တွေ့ရတယ်လို့ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ထုတ်ပြန်ပါတယ်။
အဲဒီအမှုတွေနဲ့ ဆက်စပ်ပြီး နေအိမ်တိုက်ခန်းပိုင်ရှင်တွေအနေနဲ့ စနစ်တကျစိစစ်မငှားရမ်းခဲ့တာ၊ ဧည့်စာရင်းတိုင်မထားတာ တွေ့ရင် နေအိမ်တိုက်ခန်းတွေကို သက်သေခံအဖြစ် သိမ်းဆည်းမယ်လို့ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် အကြမ်းဖက်မှုကို အားပေးကူညီသူအဖြစ်ပါ အရေးယူခံရနိုင်တယ်လို့ စစ်ကောင်စီ က ထုတ်ပြန်ပါတယ်။