‘‘လက်ဆင့်ကမ်းခဲ့သမျှ ပန်းဝင်မှာလို့ပဲပြောချင်တယ် ’’- ဦးမင်းကိုနိုင်

ရေးသားခဲ့သည်။

၁၉၈၈ ခုနှစ်၊ သြဂုတ် ၈ ရက် ဒီမိုကရေစီ တောင်းဆိုတဲ့လှုပ်ရှားမှုဟာ လွတ်လပ်ပြီးခေတ် မြန်မာ သမိုင်းမှာ အကြီးဆုံးလူထုအုံကြွမှုတစ်ခုအဖြစ် ထင်ရှားပါတယ်။

၃၅ နှစ်ပြည့်မြောက်လာပြီဖြစ်တဲ့ရှစ်လေးလုံးအရေးတော်ပုံ ရဲ့ တောင်းဆိုချက်တွေ ဘယ်လောက်အလုပ်ဖြစ်ခဲ့လဲ။ အဲဒီကာလကနေ လက်ရှိ ‌တကျော့ပြန်စစ်အာဏာသိမ်း ၂၀၂၁ အာဏာရှင်ဆန့်ကျင်ရေးမှာ လူထုပါဝင်မှုအားနဲ့ လူငယ်တွေရဲ့ ကြွေးကြော်သံအကြောင်း ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားတာကို ဖတ်ရှုနိုင်ပါတယ်။

ဘီဘီစီ - ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးအနေနဲ့ ၃၅ နှစ်ပြည့်လာတဲ့ ရှစ်လေးလုံး လူထုအုံကြွမှု အရေးတော်ပုံကနေ ဘာတွေရခဲ့တယ်လို့ ပြောနိုင်ပါသလဲ။

ဦးမင်းကိုနိုင် - ရှစ်လေးလုံးဟာ တကယ်တော့ သီးခြားဖြစ်တည်လာတာမဟုတ်ပါဘူး။ သူ့ရှေ့က နောင်တော်၊ အစ်မတော်တွေ လှုပ်ရှားခဲ့ကြတဲ့ ရုန်းကန်တိုက်ပွဲဝင်ခဲ့ကြတဲ့ အရေးတော်ပုံတွေရဲ့ အဆက်ပါ။ ၁၉၆၂ ဆဲဗင်းဂျူလိုင် အဲဒီအရေးတော်ပုံကစပြီးတော့ပေါ့ဗျာ။ ကျွန်းဆွယ်အရေးတော်ပုံတွေရှိတယ်။ ၇၄ ၊ ၇၅ ၊ ၇၆ စသဖြင့်ပေါ့။ အဲဒီက လက်ဆင့်ကမ်းခဲ့တာပါ။ ၈ လေးလုံးက အဲဒီအလံကို ဆက်ပြီးတော့ကိုင်လာတာပါ။ ဆက်ပြီးတော့ ချီတက်တိုက်လာခဲ့ကြတာပေါ့နော်။ အဲဒီတော့ ဒုတိယအပိုင်းအနေနဲ့တော့ အဲဒီကနေပြီးတော့ ရာနှုန်းပြည့်ကျေနပ်စရာမဟုတ်ပေမဲ့ ၊ အာဏာသုံးရပ်လုံးကို အပြည့်အဝ ပြည်သူတွေကမရခဲ့ပေမဲ့ အထိုက်အလျောက်ရခဲ့တယ်။ အဲဒီအထိုက်အလျောက် အောက်မှာ ဘာတွေရသလဲဆိုတော့ ဒီမိုကရေစီ နဲ့ လွတ်လပ်ခွင့်ရဲ့ အရသာတွေပေါ့။ လူ့တန်ဖိုး ၊ လူ့ဂုဏ်သိက္ခာတွေ အဲဒါတွေကို ပြန်ပြီးတော့ မြှင့်တင်နိုင်ခဲ့တယ်။ ခိုင်မြဲခဲ့တယ်။ ပြည်သူလူထုက ရုန်းကန်လှုပ်ရှားရင် ဘယ်အာဏာရှင်မျိုး ဖြစ်ဖြစ်ဖြုတ်ချနိုင်ခဲ့တယ်ဆိုတဲ့ အသိတွေကိုလည်းပေးခဲ့ပါတယ်။ အဲဒီတော့ ဒီဟာတွေအားလုံးဟာ ရှစ်လေးလုံးရဲ့ အကျိုးဆက်လို့ပြောလို့ရပါတယ်။

ဘီဘီစီ - ရှစ်လေးလုံးစိတ်ဓာတ် နဲ့တောင်းဆိုချက်တွေကနေ လူထုရခဲ့တာဘာရှိပါသလဲ။

ဦးမင်းကိုနိုင် - ရှစ်လေးလုံး စိတ်ဓာတ်ဆိုတာကို အဓိပ္ပါယ်ဖွင့်ဆိုမှု အမျိုးမျိုးရှိနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်မြင်တာကတော့ ပြည်သူလူထု အနေနဲ့ အာဏာရှင်ရဲ့အောက်မှာငြိမ်နေရင် ပင့်ကူအိမ်တောင်မှ ငြိလိမ့်မယ်။ ရုန်းထွက်ရင်သံကြိုးတွေတောင်ပြတ်တောက်မယ်ဆိုတဲ့ အဘိဓမ္မာမျိုးကို ထူထောင်နိုင်ခဲ့တယ်။ အဲဒီကနေပြီးတော့ လူတန်းစာ တစ်ခု၊ အလွှာတစ်ခု နောက်တစ်ခါလူမျိုးတစ်ခု နေရာဒေသတစ်ခုတည်း မဟုတ်ဘဲ အကျယ်ပြန့်ဆုံးပြည်သူတွေပေါင်းပြီးတိုက်ပွဲဝင်ရင် အောင်မြင်မှုတွေရမှာပဲဆိုတဲ့ အဲဒါမျိုးရနိုင်ခဲ့တယ်။ ဒီစိတ်ဓာတ်တွေကတော့ ဆက်ပြီးတော့လိုအပ်နေမှာပေါ့။

ဘီဘီစီ - လူထုလှုပ်ရှားမှုတွေနဲ့ တော်လှန်ရေးဘယ်လိုချိတ်ဆက်လဲ။ လက်ရှိလူထုပါဝင်နေတဲ့အနေအထားကို ဘယ်လိုသုံးသပ်ပါသလဲ။

ဦးမင်းကိုနိုင် - လူထုလှုပ်ရှားမှုတွေကတော့ အမြဲတမ်း အရေးပါနေမှာပဲဗျ။ ဘာကြောင့်လဲဆိုတော့ ပြည်သူလူထုက ပဓာနကိုး။ တစ်ပြည်လုံးအတိုင်းအတာအနေနဲ့ လမ်းပေါ်ထွက်ပြီး ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြတယ်။ လက်သုံးချောင်းထောင်ခဲ့ကြတယ်။ ဟုတ်တယ် အကြမ်းဖက်ဖြိုခွဲခံရတယ်။ ဒါပေမဲ့ ဒီကနေ့ ပြည်ထောင်စုတဝန်းမှာ နေ့စဥ်မပြတ် ပြည်သူလူထုတွေဆန္ဒပြနေတာ။ လှုပ်ရှားမှုတွေလုပ်နေတာ။ သပိတ်မှောက် ကမ်ပိန်းတွေ စသဖြင့်ပေါ့ အဲဒီလှုပ်ရှားမှုတွေကတော့ မပြတ်ပါဘူး။ ရတဲ့နည်းနဲ့ ပြည်သူလူထုက တုံ့ပြန်နေတာပဲ။ ဒီအတိုင်းဆိုရင် ဘာမှမလုပ်ဘူးလို့ထင်ရပေမဲ့ စွန့်စားပြီးလုပ်နေကြတဲ့ ပြည်သူတွေလည်းများစွာပါဝင်ပါတယ်။ ပြည်သူလူထုရဲ့လှုပ်ရှားမှုဟာ အမြဲတမ်းအရေးပါနေလိမ့်မယ်။ တဖက်က စစ်ရေး ၊ ဘဏ္ဍာရေးတို့ သံတမန်ရေးတို့ စိတ်ဓာတ်စစ်ဆင်ရေး တို့ အဲဒီလေးခုလုံးမှာ ပြည်သူလူထုက ရတဲ့ အခန်းကဏ္ဍ ကပါဝင်နေဆဲပါ။

ဘီဘီစီ - ရှစ်လေးလုံးကြောင့် ဗိုလ်ချုပ်နေဝင်း တစ်ပါတီအာဏာရှင်စနစ်ပြုတ်ကျသွားပေမဲ့ သူ့နောက်မှာ အာဏာရှင်စစ်ခေါင်းဆောင်တွေထပ်ပေါ်လာတယ်။ ၂၀၂၁ စစ်အာဏာသိမ်းမှုနဲ့ ရှစ်လေးလုံးကြားမှာစနစ်နဲ့ လက်ဆင့်ကမ်းမှု ဘယ်လောက်လုပ်နိုင်ခဲ့လဲ။

ဦးမင်းကိုနိုင် - ကျွန်တော်တို့က မင်းပြောင်းမင်းလွှဲလောက်ကို ဦးတည်ခဲ့တာမဟုတ်ဘူး။ပြည်သူလူထုဆိုတာ အာဏာရဲ့မူလပိုင်ရှင်ဖြစ်တယ်ဆိုတာကို ရောက်တဲ့အထိသွားကြမှာဆိုတော့ ဘယ်ပုဂ္ဂိုလ် ဘယ်သူ ဘယ်ဝါဆိုတာ ကျွန်တော်တို့မကြည့်ဘူး။ စနစ်ပဲဗျ။ စနစ်ကရာနှုန်းပြည့်ပြောင်းသလား။ အကောင်းဘက်ကိုရောက်သလား ဒါကိုပဲကြည့်ရမှာပဲ။ အဲဒီတော့ ရှစ်လေးလုံးအရေးတော်ပုံကြီးက တောင်းဆိုချက်တွေကတော့ စနစ်အပြောင်းအလဲဖြစ်တယ်။ အဲဒီအတွက်ပဲဆက်ပြီးတော့သွားနေကြတာပဲ။ ဒီကနေ့တော့ ပန်းဝင်ရမှာပေါ့ဗျာ။ လက်ဆင့်ကမ်းခဲ့သမျှ ပန်းဝင်မှာလို့ပဲ ပြောချင်ပါတယ်။

ဘီဘီစီ - လက်ရှိ မြန်မာ့နိုင်ငံရေးမှာ တွေ့ဆုံဆွေးနွေးရေးထက် စစ်တပ်ကိုအပြုတ်တိုက်ရေးလမ်းစဥ် ပိုအားကောင်းနေတာတွေ့ရတယ်။မြန်မာပြည်သူတွေလိုချင်တဲ့လွတ်လပ်လုံခြုံမှုရှိတဲ့ တိုင်းပြည်မျိုးဖြစ်ဖို့ စိန်ခေါ်ချက်ကဘာတွေလဲ။

ဦးမင်းကိုနိုင် - ကျွန်တော်တို့ဟာ ဘာနဲ့ ရင်ဆိုင်နေရလဲဆိုတာကိုတော့ ကွဲပြားဖို့လိုတယ်လေ။ ကျွန်တော်တို့ရင်ဆိုင်နေရတာဖက်ဆစ်ပါ။ ပြည်သူလူထုအပေါ်မှာ ဖက်ဆစ်အပြုအမူတွေနဲ့ ရက်စက်ရိုင်းစိုင်းတဲ့အပြုအမူတွေနဲ့ ရွာကိုမီးရှို့တာ။ လေယာဥ်နဲ့ အရပ်ဘက်တွေကို ဗုံးကြဲတာကအဆုံးပေါ့ဗျာ။အားလုံးလည်းသိပြီးသားတွေပါ။ အဲဒီလိုဖက်ဆစ်ဆန်တဲ့လူတွေနဲ့ ဘယ်လိုရင်ဆိုင်မလဲဆိုတော့ ဒုတိယကမ္ဘာစစ်ကိုသာ ပြန်ကြည့်ပါ။ ဒုတိယကမ္ဘာစစ်မှာ မဟာမိတ်တွေပေါင်းပြီးဘယ်လိုတိုက်ခဲ့ကြလဲဆိုတာကိုပြန်ကြည့်လိုက် အနိုင်ယူတဲ့အခါမှသာပေါင်းပြီးတော့ စကားပြောပြီးတော့ လက်မှတ်ထိုးပြီးတော့စစ်ပွဲကို အဆုံးသတ်ခဲ့ကြတာ။ ဒီနမူနာကိုသာ ပြန်ကြည့်ပါလို့ပဲပြောချင်တယ်။

ဘီဘီစီ- ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦး က ပြန်ကြည့်တဲ့ ၈၈ နဲ့ ၂၀၂၁ တော်လှန်ရေး လှုပ်ရှားမှုပုံစံ ဘယ်လိုကွာခြားတာတွေ့ရလဲ။

ဦးမင်းကိုနိုင် - အဓိက ကွာခြားတာကိုပြောရမယ်ဆိုရင်တော့ သတင်းဆက်သွယ်မှုနဲ့ နည်းပညာအပိုင်း ကအင်မတန်ကွာခြားသွားတယ်။ ကျွန်တော်တို့ ရှစ်လေးလုံးတုန်းကဆိုရင် ပြည်သူလူထုကိုအသိပေးချင်တဲ့အခါကျရင် သတင်းဌာနက များများမရှိဘူး။ နှစ်ခုလောက်ပဲရှိတာ။ အဲဒီမှာပဲကျွန်တော်တို့ကပို့ရတာ။ အဲဒီကပဲပြောနိုင်သလောက်ကိုဖြန့်ရတာပေါ့။ ပြီးတဲ့အခါကျတော့ လူထုကြားထဲ ပျံ့နှံ့အောင်ကြိုးစားကြရင် စာရွက်စာတမ်းတွေ ဖြန့်တယ်ဆိုရင်တောင် အဲဒီအချိန်က ရှားပါးပြီး ဆင်းရဲတဲ့တိုင်းပြည်တစ်ခုမှာ စက္ကူပေါ်မှာ ပုံနှိပ်ဖို့ဆိုတာ တော်တော်မလွယ်တဲ့ကိစ္စ။ ဒါ့ကြောင့်မို့လို မီးချောင်း နဲ့ လှိမ့်ရတာတို့ ဂက်စ်တန်နာနဲ့ လှည့်ရတာတို့ ဖယောင်းစက္ကူပေါ်မှာ ပင်ပင်ပန်းပန်းရေးပြီးတော့ ဖြန့်ဝေကြရတယ်။ နောက်တစ်ခုက ပိုစတာတွေဆိုရင် ဒီ ၂၀၂၁ လောက် ကောင်းကောင်းမွန်မွန်မလုပ်နိုင်ဘူး။ ဗီနိုင်းတွေလည်း ရှိတာမဟုတ်ဘူး။ ပြက္ခဒိန်အဟောင်းတွေကိုလိုက်စု နောက်ကျောတွေမှာရေးပြီး ကပ်ရတယ်။ ဒါမဖြစ်ဖြစ်အောင်လုပ်ခဲ့တာ‌ပေါ့ဗျာ။ မရှိရှိတာနဲ့ မရရအောင်တိုက်ခဲ့တာပေါ့။ အလံဆိုတာ အသစ်စက်စက် မချုပ်နိုင်တဲ့အခါ ပိတ်စအဟောင်းတွေကို ဆေးနီစိမ်ပြီး အဲဒီအပေါ်မှာ ဒေါင်းအလံတွေရေးပြီးတိုက်ပွဲဝင်ခဲ့ကြတာ။ ဆိုလိုတာကတော့ဗျာ။ ပစ္စည်းဥစ္စာ ဓနငွေကြေးကအစ အစစအရာရာ ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေက ရတဲ့နည်းတဲ့တိုက်ခဲ့တာတွေ့ရလိမ့်မယ်။

အခု ၂၀၂၁ မှာတော့ နွေဦးတော်လှန်ရေးဟာ နည်းပညာနဲ့ပေါင်းစပ်လိုက်တာ။ နောက်တစ်ခုက မျိုးဆက်အသစ်တွေပါ ပါလာတာ။ အဲဒီတော့ အဟောင်းတွေနဲ့ အသစ်တွေနဲ့ ပြန်ပြီးတော့ ချိတ်ဆက်ပြီးတော့ တာဝန်ကိုယ်စီယူကြရတာဗျ။ နိုင်ငံတကာရောက်နေတဲ့ မိသားစုတွေရဲ့ အခန်းကဏ္ဏကပိုပြီးတော့ ကျယ်ပြန့်လာတာ။ အဲဒါတွေအကုန်လုံးက Institution - အဖွဲ့အစည်းအသီးသီးကိုချိတ်ဆက်ပြီး အလုပ်လုပ်နေတာ။ ပိုပြီးကျယ်ပြန့်လာတယ်။ ဒါကတော့ရှင်းပါတယ်။ပွဲသိမ်းတော့မယ့် ပန်းဝင်တော့မယ့် တော်လှန်ရေးတစ်ရပ်ဟာ အဲဒီလိုပဲ အကြောင်းပေါင်းစုံစုပြီးတော့ မျိုးဆက်အသီးသီးချိတ်ဆက်ပြီး ကိုယ့်တာဝန်ကိုယ်ယူပြီး အလုပ်လုပ်ကြတာ။ အဲဒါတွေအကုန်လုံးပေါင်းလိုက်တဲ့အခါကျတော့ အောင်မြင်တဲ့တော်လှန်ရေးဖြစ်ဖို့လို့ ဒီလိုမြင်ပါတယ်။

ဘီဘီစီ- ၈၈က အချိုးတွေ ၂၁ မှာလာမချိုးနဲ့ဆိုတဲ့ လူငယ်တွေကြွေးကြော်မှုကိုဘယ်လို ရှုမြင်လဲ။

ဦးမင်းကိုနိုင် - ဒီကနေ့ မျိုးဆက်အသစ်တွေက ဟစ်အော်တုံ့ပြန်လိုက်တာပဲလို့ ကျွန်တော်နားလည်ပါတယ်။ အရင်အချိုးတွေဆိုတာ ဖက်ဆစ်တပ်ရဲ့ အချိုးတွေကိုပြောတာပါ။ ပြည်သူလူထုအပေါ် တော်လှန်ရေးအပေါ် သူတို့ (စစ်တပ်) တုံ့ပြန်ခဲ့တာတွေဟာ စိတ်စေတနာနဲ့ တိုင်းပြည်ကောင်းအောင်တုံ့ပြန်တာမျိုးမဟုတ်ဘူး။ သူတို့ (စစ်တပ်) က အချိန်ဆွဲမယ် အာရုံလွှဲမယ်။ ပြီးတော့ စိတ်ဝမ်းကွဲအောင်လုပ်မယ်။ ဒီ သုံးခုပါပဲ။ အဲဒီတော့ အဲဒါတွေ အပေါ်မှာ အရင်အချိုးတွေမချိုးနဲ့ ငါတို့ကစိတ်ဝမ်းကွဲမှာမဟုတ်ဘူး။ ငါတို့ဟာ အချိန်ဆွဲခံမှာမဟုတ်ဘူး။ ငါတို့ဟာ အာရုံလွဲမှာမဟုတ်ဘူး ဒီစနစ်ကိုအပြီးအပြတ်တော်လှန်ပြီးအောင်ပွဲခံမှာ။ ပြည်သူလူထုရဲ့အောင်ပွဲ တိုင်းရင်းသားတွေအားလုံးရဲ့ အောင်ပွဲ ၊ ဖက်ဒရယ်ဒီမိုကရေစီကိုတည်ဆောက်ရာမှာဟိုတုန်းက လမ်းဟောင်း နည်းဟောင်း ပုံစံဟောင်းတွေနဲ့ အဲဒီအချိုးတွေတော့ ချိုးလို့မရဘူးလို့ ပြည်သူလူထုကိုယ်စားမျိုးဆက်သစ်တွေက ပြောတယ်လို့ နားလည်ပါတယ်။

ဘီဘီစီ - ကျေးဇူးတင်ပါတယ်။