ဖေဖော်ဝါရီ ၄ ရက် ထိပ်တန်းသတင်းများ- နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မြောက်ဦးစစ်ရှောင်တွေဆီ သွားရောက်

ရေးသားခဲ့သည်။

စစ်တပ်နဲ့ ရခိုင့်တပ်တော်(အေအေ)တို့ အပစ်ရပ်မှုကို ကြားဝင်ဆောင်ရွက်ပေးခဲ့ဖူးသူ နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာ ဆာဆာကာဝါဟာ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ကို သွားရောက်ပြီး စစ်ရှောင်တွေနဲ့ တွေ့ဆုံ ခဲ့တယ်လို့ သိရပါတယ်။

ဒေါက်တာ ဆာဆာကာဝါဟာ မြောက်ဦးမြို့၊ တိမ်ညို စစ်ရှောင်စခန်းက ဒုက္ခသည်တွေနဲ့ ဒီနေ့ ဇန်နဝါရီလ ၄ ရက် နေ့လယ် ၁၂ နာရီခန့်မှာ တွေ့ဆုံခဲ့ပြီး ဆောင်းတွင်းမှာ လိုအပ်တဲ့ အသုံးအဆောင်တွေ လှူသွားတယ်လည်း သိရပါတယ်။

‘’ ၂၀၂၀ ရွေးကောက်ပွဲ မတိုင်ခင် စစ်တပ်နဲ့ အေအေကြား အပစ်ရပ်မှုမှာ သူ ကြားဝင်ဆောင်ရွက်ပေးခဲ့ချိန် တုန်းက ရခိုင်ဒုက္ခသည်တွေကို ကူညီမယ်လို့ ပြောခဲ့တာရှိတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း တစ်ခေါက် လာခဲ့ပေမဲ့ ပြီးခဲ့တဲ့နှစ်မှာ တိုက်ပွဲတွေ ပြန်ဖြစ်တာရောကြောင့် သူ ထပ်ပြီးမလာနိုင်ခဲ့ဘူး။ အခုတော့ နှစ်ဖက် အပစ်ရပ်တုန်း သူ ကူညီမယ်လို့ ပြောထားတဲ့ကတိကဝတ်အတိုင်း လာရောက်တာလို့ သိရပါတယ်’’ ဆိုပြီး ဒီခရီးစဥ်ကို သိရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

အေအေ နိုင်ငံရေးမှူးနဲ့လည်း တွေ့ဆုံ

ဒေါက်တာ ဆာဆာကာဝါဟာ တိမ်ညို စစ်ရှောင်စခန်းအပြင် အေအေရဲ့ မြောက်ဦးဒေသဆိုင်ရာ နိုင်ငံရေးမှူး နဲ့လည်း ဒီနေ့မှာ တွေ့ဆုံခဲ့တယ်လို သိရပါတယ်။

အဲဒီတွေ့ဆုံမှုမှာ ရခိုင်ပြည်နယ်အတွင်း အပစ်ရပ်ထားတာကြောင့် ရှိရင်းစွဲ တည်ငြိမ်အေးချမ်းရေးကို နှစ်ဖက် ဆက်လက်ထိန်းသိမ်းဖို့ တိုက်တွန်းဆွေးနွေးသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းက စစ်ရှောင်ကလေးငယ်တွေအပြင် ကလေးငယ်တွေရဲ့ ပညာရေးကိုလည်း အကူအညီဆက်ပေးမယ့်အကြောင်း ဒေါက်တာ ဆာဆာကာဝါက ပြောထားတယ်လို့ တွေ့ဆုံပွဲအခြေအနေ သိရှိသူတွေက ပြောထားပါတယ်။

သုဝဏ္ဏတံတားအဆင်းမှာ ဓားထိုးမှုဖြစ်ပွား

ဒီကနေ့ ဖေဖော်ဝါရီ ၄ရက် နေ့လယ်ပိုင်းက ရန်ကုန် သုဝဏ္ဏတံတားအဆင်းမှာ မီးပွိုင့်မိချိန် ရပ်ထားတဲ့ အိမ်စီးကားတစ်စီးကယာဥ်မောင်းသူ ကို လူ ၂ဦး က ဓားနဲ့ထိုးသွားတဲ့ဖြစ်စဥ် ဖြစ်သွားတယ်လို့ အဲဒီအနီး‌နေထိုင်သူတွေကပြောပါတယ်။

အိမ်စီးကားက Honda Fit အမျိုးအစားဖြစ်ပြီး မီးပွိုင့်မိလို့ကားရပ်ထားချိန် နောက်မှာကပ်ပါလာတဲ့ Hijet ကားတစ်စီးက ကပ်ရပ်ပြီး အဲ့ကားပေါ်က လူနှစ်ယောက်က ဓားနဲ့ဆင်းထိုးသွားတာလို့ မျက်မြင်တွေရဲ့ ပြောကြားချက် ကိုကိုးကားပြီး မိုးစေတနာပရဟိတအသင်းသားတစ်ဦးကပြောပါတယ်။

'' ကျွန်တော်တို့ကတော့ ဆေးရုံပို့ဖို့အကူအညီတောင်းလို့သွားတာပါ။ အဲဒီရောက်တော့ လူနာကိုတက်စီကားနဲ့သင်္ဃန်းကျွန်းဆေးရုံကိုသယ်သွားပြီ။ ကျွန်တော်တို့မြင်ရတာက ကားခေါင်းခန်း ယာဥ်မောင်းနေရာမှာသွေးတွေကျနေတယ်။ ကားရပ်ထားတုန်း ဘေး က ဟိုက်ဂျက်ကားက လူနှစ်ယောက်က ဆင်းလာပြီး ထိုးသွားတာလို့ပြောတယ်''လို့ အခင်းဖြစ်ပြီးချိန်မှာ အကူညီပေးဖို့ရောက်သွားတဲ့ မိုးစေတနာပရဟိတအသင်းသားတစ်ဦးကပြောပြပါတယ်။

ဓားထိုးခံရတဲ့ ယာဥ်မောင်းရဲ့ကားသော့ကိုလည်းဖျက်ဆီးခဲ့လို့ ယာဥ်ကို ကရိန်းကားနဲ့သယ်သွားရတယ်လို့လည်းဆိုပါတယ်။

လက်ရှိမှာ ဘာကြောင့်ဓားထိုးခံရတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းမသိရဘဲ သင်္ဃန်းကျွန်းမြို့နယ် ရဲစခန်းကရဲတွေရောက်လာစစ်ဆေးပြီးနောက် အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ထီးဆောင်းရွာက စစ်တပ်အခြေစိုက်စခန်းကို PDF စီးနင်းတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အခြေချနေထိုင်တဲ့ စခန်းကို ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက ဒီနေ့ ဇန်နဝါရီလ ၄ ရက် မနက်ပိုင်းမှာ ဝင်ရောက်စီးနင်း တိုက်ခိုက် ခဲ့တယ်လို့ သိရပါတယ်။

မုံရွာ- မန္တလေးလမ်းမကြီးပေါ်က ထီးဆောင်းရွာ ကွက်သစ်ထိပ်မှာရှိတဲ့ အဲဒီစစ်ကောင်စီတပ် အခြေချစခန်းကို ကာကွယ်ရေးအဖွဲ့တွေက ဒီ‌နေ့မနက် အစောပိုင်းမှာ စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

‘‘ရွှေရတုတိပိဋက စက္ခုပါလ မျက်စိဆေးရုံကျော်ကျော်လေးမှာပဲ အဆောက်အဦအဟောင်းကို သူတို့က အခိုင်အမာလုပ်ပြီး အင်အား ၅၀ လောက်နဲ့စခန်းချနေတာ။ မုံရွာ-မန္တလေးပေါ်မှာ ဂိတ်လုပ်ပြီး စစ်ဆေးနေတာပေါ့။ အခုတော့ ကာကွယ်ရေးအဖွဲ့တွေက စခန်းကို စီးနင်းတုန်း သူတို့နေတဲ့ တန်းလျားကို မီးရှို့သွားတယ်။ စစ်တပ်ကလည်း အခု အင်အား ၁၀၀ လောက် ဖြည့်တင်းလာတယ်’’ လို့ ထီးဆောင်းရွာခံတစ်ဦးက ဘီဘီစီကို ပြောပြပါတယ်။

ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တဲ့ ရွှေဘိုနဲ့ မြင်းခြံ၊ မြင်းမူနဲ့ စစ်ကိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဘက်ကတော့ စစ်ကောင်စီစခန်းကို စီးနင်းတိုက်ခိုက်ချိန် စစ်ကောင်စီတပ်ဘက်က ၁၅ ဦး သေဆုံးပြီး လက်နက်တွေ ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဘက်က အကျအဆုံးအရေအတွက်နဲ့ ပတ်သက်ပြီး ဘီဘီစီက သီးခြားအတည်မပြုနိုင်သေး သလို စစ်ကောင်စီတပ်ဘက်ကလည်း ထီးဆောင်းရွာက စခန်း တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး သတင်းထုတ် ပြန်တာ မရှိသေးပါဘူး။

လက်ရှိမှာတော့ ထီးဆောင်းရွာထဲ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာတာကြောင့် ဒေသခံအချို့ ဘေးလွတ်ရာ တိမ်းရှောင်နေပြီး မတိမ်းရှောင်တဲ့ဒေသခံတွေလည်း လုံခြုံရေးအတွက် စိုးရိမ်နေရတဲ့ အခြေ အနေလို့ ထီးဆောင်းဒေသခံတွေက ဘီဘီစီကို ပြောထားပါတယ်။

ဖမ်းဆီးခံရတဲ့ KBC ဥက္ကဋ္ဌဟောင်းနဲ့ မိသားစုတို့ တွေ့ခွင့်မရသေး

ကချင်နှစ်ခြင်းခရစ်ယာန်အသင်း‌တော် KBC ဥက္ကဋ္ဌ ဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ဟာ ဖမ်းဆီးခံရတဲ့ နေ့ကစပြီးမိသားစုနဲ့တွေ့ခွင့်မရတာဖြစ်လို့ ၂လနီးပါးအဆက်အသွယ်မရတဲ့အခြေအနေဖြစ်နေတယ်လို့ နီးစပ်သူတွေကပြောပါတယ်။

''နှစ်လရှိပြီ မိသားစုနဲ့လည်းတွေ့ခွင့်မရသေးဘူး။ အသင်းတော်က လူကြီးတွေနဲ့လည်းတွေ့ခွင့်မရသေးဘူး'' လို့ အသင်းတော်ကတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၅ရက်က ထိုင်းနိုင်ငံကို ဆေးကုဖို့အသွား မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ တားဆီးခံရပြီးနောက် မြစ်ကြီးနားမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

အဲဒီနောက် မတရားအသင်းဆက်သွယ်မှုဥပဒေပါ ပုဒ်မ ၁၇(၁) အပြင် ရာဇသတ်ကြီးဥပဒေ ပါ ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (က) တို့နဲ့ တတရားစွဲဆိုခံထားရတာဖြစ်ပါတယ်။

မြစ်ကြီးနားအကျဥ်းထောင်မှာထိန်းသိမ်းခံထားရတဲ့ သူ့ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ရက်မှာ ကြားနာစစ်ဆေးရမှာဖြစ်ပေမဲ့ အထူးစုံစမ်းစစ်ဆေးရေး CID က စာရွက်စာတမ်းတွေ မရောက်လာသေးလို့ဆိုတဲ့အကြောင်းပြချက်နဲ့ လာမယ့်ဖေဖော်ဝါရီ ၁၄ ရက်ကို ပြန်လည်ချိန်းဆိုထားတယ်လို့ သိရပါတယ်။

ဗြိတိန်နိုင်ငံက ဘာသာရေးနဲ့ယုံကြည်မှု လွတ်လပ်ခြင်းဆိုင်ရာ အထူးကိုယ်စားလှယ် ဖီယိုနာ ဘရုစ်ကတော့ ဖမ်းဆီးခံထားရတဲ့ ကချင်ဘာသာရေးခေါင်းဆောင် ဒေါက်တာခလမ်ဆမ်ဆွန်နဲ့အတူ ထောင်နဲ့ချီတဲ့ နိုင်ငံရေးအကျဥ်းသားတွေကို လွှတ်ပေးဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလကတောင်းဆိုထားပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန် ဟာ ၂၀၁၉ ခုနှစ်က လူနည်းစုတိုင်းရင်းသားတွေအပေါ် မြန်မာစစ်တပ်က ဘာသာရေးလွတ်လပ်ခွင့်ဖိနှိပ်မှုနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တင်ပြခဲ့သူဖြစ်ပါတယ်။

အဲဒါကြောင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က အရာရှိတစ်ဦးက သူ့ကို တရားစွဲဆိုခဲ့ရပေမဲ့ နောက်ပိုင်းမှာ အမှုရုပ်သိမ်းပေးခဲ့ပါတယ်။

မြန်မာတွေရဲ့ အသံတိတ်လမ်းလျှောက်ပွဲကို အိန္ဒိယအစိုးရ တားမြစ်

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့မှာ ဒီနေ့ ဖေဖော်ဝါရီလ ၄ ရက်မှာ ပြုလုပ်မယ့် မြန်မာတွေရဲ့ အသံတိတ်လမ်းလျှောက်ပွဲကို အိန္ဒိယ ဗဟိုအစိုးရက တားမြစ်လိုက်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်နဲ့ မီဇိုရမ်ပြည်နယ်အစိုးရ၊ အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေကို ကျေးဇူးတင်ကြောင်း ပြသဖို့ ရည်ရွယ်တဲ့ အဲဒီအသံတိတ်လမ်းလျှောက်ပွဲကို အိန္ဒိယအစိုးရက ပိတ်ပင်တားမြစ်လိုက်တာလို့ အိန္ဒိယ-မြန်မာ ဆက်ဆံရေးကို လေ့လာစောင့်ကြည့်တဲ့ India for Myanmar အဖွဲ့က ပြောပါတယ်။

မီဇိုရမ်ပြည်နယ်အစိုးရဟာ လက်ရှိမှာ မြန်မာပြည်တွင်းက စစ်အာဏာသိမ်းမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ အိမ်နီးချင်း ချင်းပြည်နယ်ထဲက လူပေါင်း သောင်းချီကို ယာယီခိုလှုံခွင့် ပေးထားတာဖြစ်ပါတယ်။

တစ်ဖက်မှာတော့ အိန္ဒိယ ဗဟိုအစိုးရဟာ မြန်မာစစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံမှု တိုးလုပ်လာတာ တွေ့ရပြီး အာဏာသိမ်းပြီး ၂ နှစ်အတွင်းမှာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် ၂ ဦးဟာ မြန်မာကို တစ်ကြိမ်စီလာရောက်ထားပါတယ်။

လှိုင်မြို့နယ်မှာ လူဦးရေစာရင်းကောက်ယူမှုမှာပါတဲ့အရန်မီးသတ်တစ်ဦး ပစ်သတ်ခံရ

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ အမှတ် ၁ ရပ်ကွက်၊ ဇေယျမင်္ဂလာ ၂ လမ်းမှာ နေထိုင်တဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင် ဦးလူအေးဆိုသူဟာ မနေ့ ဖေဖော်ဝါရီလ ၃ ရက် ညနေပိုင်းမှာ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဦးလူအေးဟာ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်ဖြစ်ပြီး ရပ်ကွက်အတွင်း လူဦးရေစာရင်း ကောက်ယူမှာပါ ပါဝင်ခဲ့တဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင် ဖြစ်တယ်လို့လည်း သိရပါတယ်။

သူဟာ နေအိမ် လှေကားအဆင်းမှာ ဦးခေါင်းကို ပစ်ခတ်ခံရပြီးနောက် သေဆုံးခဲ့တာဖြစ်ပြီး ဒီပစ်ခတ်မှုကို ဘယ်သူ လုပ်ဆောင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

‘‘အရန်မီးသတ်အဖွဲ့ဝင်ဆိုတော့ ရပ်ကွက်ထဲ သာရေး၊ နာရေးတွေမှာလည်း ပါတယ်လေ။ အခုပစ်ခတ်ခံရတာကတော့ ဟိုနေ့က လုပ်တဲ့ တပ်ထောက်ခံပွဲမှာ ပါတယ်ဆိုပြီး အသံကြားတယ်’’လို့ လှိုင်အမှတ် ၁ ရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဦးလူအေး ပစ်ခတ်ခံရပြီးနောက်မှာ စစ်ကောင်စီတပ်က အောင်မင်္ဂလာ ၂ လမ်းအတွင်းကို ဝင်ရောက်ပြီး စစ်ဆေးတာတွေ ပြုလုပ်ခဲ့သလို လူငယ် ၂ ဦးထက်မနည်းကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က သတင်းတွေကို ဖော်ပြနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ စက်ဘီးစီးလာတဲ့ သေနတ်သမား ၂ ဦးဟာ ဦးလူအေးကို ပစ်ခတ်ခဲ့တာဆိုပြီး သတင်းဖော်ပြနေကြတာတွေ့ရပါတယ်။

မြန်မာ့အရေးသက်ဆိုင်သူအားလုံး‌ပါဝင်တဲ့ဆွေးနွေးပွဲပြုလုပ်ဖို့ တွန်းအားပေး

ပဋိပက္ခတွေလွှမ်းမိုးနေတဲ့မြန်မာ့အရေးဖြေရှင်းဖို့မှာ သက်ဆိုင်သူအားလုံးပါဝင်နိုင်တဲ့ အမျိုးသားအဆင့်ဆွေးနွေးပွဲကသာငြိမ်းချမ်းစွာဖြေရှင်းနိုင်မယ့်အဓိကအချက်ဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာဆူဒီကပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ၊ ဂျာကာတာမှာ မနေ့ ဖေဖော်ဝါရီ ၃ရက် က စတင်နေတဲ့ အာဆီယံနိုင်ငံခြား‌ရေးဝန်ကြီးများညှိနှိုင်းရေးကောင်စီအစည်းအဝေးမှာ ဒီအချက်ကို သဘောတူညီခဲ့ကြတယ်လို့ CNA သတင်းကဖော်ပြပါတယ်။

အခုနှစ်မှာ အာဆီယံ ဥက္ကဋ္ဌ ဖြစ်လာတဲ့ အင်ဒိုနီးရှားနဲ့ ဆွေးနွေးဖက်နိုင်ငံတွေအားလုံးက မြန်မာနိုင်ငံမှာ သက်ဆိုင်သူတွေအားလုံး‌ပါဝင်တဲ့ဆွေးနွေးပွဲပြုလုပ်နိုင်ဖို့ တွန်း‌အားပေးဆွေးနွေးကြတယ်လို့ ဆိုပါတယ်။

မြန်မာ့‌အရေးကြောင့် ဓားစာခံလိုချုပ်နှောင်ခံထားရတာမျိုး မဖြစ်စေရဘူးလို့ အခုနှစ်မှာ အာဆီယံ ဥက္ကဋ္ဌ ဖြစ်လာတဲ့ အင်ဒိုနီးရှားရဲ့ နိုင်ငံခြားရေးဝန်ကြီး မာဆူဒီကပြောကြောင်းလည်း ရိုက်တာသတင်းကရေးပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာဆူဒီကတော့ ၂ရက်တာ ကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများဆွေးနွေးပွဲမှာ မြန်မာ့အရေးကိုပဲအလေးအနက်ထားပြီးပွင့်လင်းမြင်သာစွာဆွေးနွေးမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာအကြမ်းဖက်တွေကိုလျှော့ချပြီး လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေကို ခွင့်ပြုပေးမယ်ဆိုရင် ဆွေးနွေးပွဲတွေ စတင်နိုင်တဲ့ အဓိကအချက်ဖြစ်လာမယ်လို့ နိုင်ငံခြားရေးဝန်ကြီး မာဆူဒီက ပြောထားတာပါ။

မြန်မာစစ်ကောင်စီဘက်က မြန်မာ့အရေးငြိမ်းချမ်းစွာဖြေရှင်းနိုင်မယ့် အာဆီယံဘုံသ‌ဘောတူညီချက် ၅ချက်ကို အကောင်အထည်ဖော်တာမရှိဘဲပျက်ကွက်နေတယ်ဆိုပြီးအာဆီယံခေါင်းဆောင်တွေကြား ဝေဖန်နေကြတာပါ။ တဖက်မှာလည်း အာဆီယံက ဒီအကျပ်အတည်းကို ဘယ်လိုကိုင်တွယ်ဖြေရှင်းကြ မလဲဆိုတဲ့ မေးခွန်းတွေကိုရင်ဆိုင်နေကြရတဲ့ အခြေအနေပါ။

ဒီအစည်းအဝေးမှာလည်းမြန်မာဘက်က နိုင်ငံခြားရေးဝန်ကြီးအဆင့်တက်ရောက်ခွင့်ကိုပိတ်ထားဆဲဖြစ်ပြီး နိုင်ငံရေးရာထူးမဟုတ်သူ တစ်ဦးတက်ရောက်ခွင့်ပေးထားတာပါ။ ဒါပေမဲ့ မြန်မာစစ်ကောင်စီဘက်က ဘယ်သူမှတက်ရောက်တာမရှိခဲ့ပါဘူး။

အခု သီတင်းပတ် အစောပိုင်းကတော့ အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဆိုင်ရာဆွေးနွေးပွဲတွေမှာမြန်မာ စစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ဆိုပြီး အင်ဒိုနီးရှားထိပ်တန်းစစ်ဗိုလ်ချုပ်တစ်ဦး ကို စေလွှတ်ဖို့စီစဥ်နေကြောင်း ပြောထားဖူးပါတယ်။