ဇန်နဝါရီ ၉ ရက် ထိပ်တန်းသတင်းများ - နမ့်ဆန်က မြို့သစ်ရွာမှာ ဗုံးကြဲခံရလို့ အရပ်သား ၅ ဦးသေဆုံး

ရေးသားခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ဆန်မြို့၊ မြို့သစ်ရွာမှာ ဇန်နဝါရီ ၇ ရက်နေ့က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၅ ဦးသေဆုံးသွားတယ်လို့ ‌ဒေသခံအချို့က ဘီဘီစီကိုပြောပါတယ်။

မြို့သစ်ရွာဟာ တအာင်းတပ် (TNLA)က ပြီးခဲ့တဲ့လကတည်းက ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့အနီး မိုင်အနည်းငယ်အကွာမှာရှိတာဖြစ်ပါတယ်။

လေကြောင်းတိုက်ခိုက်ခံရလို့ သေဆုံးတဲ့အထဲမှာ တအာင်းအမျိုးသားပညာရေးကော်မတီ (TNEC) ကျောင်းဆရာတစ်ဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။

အခုလေကြောင်းတိုက်ခိုက်ခံရမှုဟာ မြို့သစ်ရွာအတွက် ဒုတိယအကြိမ်ကြုံရတာဖြစ်ပြီး ပထမတစ်ကြိမ်တုန်းကတော့ အမျိုးသမီး ၁ ဦးသေဆုံးပြီး ကလေး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံရဲ့အပြောအရ သိရပါတယ်။

လက်ရှိမှာ အရပ်သားတွေလည်း ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရပြီး အိမ်တစ်အိမ်မှာ အိမ်စောင့်တစ်ဦးပဲ ကျန်နေခဲ့တဲ့အခြေအနေလို့ ဒေသအခြေစိုက်မီဒီယာတွေမှာ ‌ဖော်ပြထားပါတယ်။

နမ့်ဆန်မြို့ပေါ်နဲ့ မြို့အနီးကျေးရွာတွေတဝိုက်ကို TNLA က ထိန်းချုပ်နေချိန်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားတာလို့ သူကဆိုပါတယ်။

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ကလည်း စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဇန်နဝါရီ ၈ ရက်တစ်ရက်တည်းမှာပဲ လားရှိုးနဲ့ နမ့်ဆန်မြို့တို့က အရပ်သား ၉ ဦးသေဆုံးပြီး နောက်ထပ် ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို စာသင်ကျောင်းအပါအဝင် ဒေသခံနေအိမ် ၃၀ နီးပါး ထိခိုက်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

စစ်ကောင်စီဘက်ကတော့ နမ့်ဆန်မြို့က အခြေအနေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

ဘုရားစေတီဖျက်ဆီးနေတဲ့ ရုပ်သံဖိုင်အပေါ်တောင်းပန်ကြောင်း MNDAA ထုတ်ပြန်

ဇန်နဝါရီ ၈ ရက်နေ့ကတည်းက လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေခဲ့တဲ့ လောက်ကိုင်မြို့က ဘုရားစေတီတစ်ဆူကို ကိုးကန့်တပ်(MNDAA) က တပ်ဖွဲ့ဝင်တစ်ဦးက တူနဲ့ထုရိုက်ဖျက်ဆီးနေတဲ့ ရုပ်သံဖိုင်နဲ့ပတ်သက်လို့ MNDAA ဘက်ကနေ ဒီကနေ့ ဇန်နဝါရီ ၉ ရက်မှာ တောင်းပန်ကြေညာချက်ထုတ်ပြန်လာပါတယ်။

ဒီရုပ်သံဖိုင်နဲ့ပတ်သက်လို့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုတွေ မဖြစ်ပေါ်စေဖို့ MNDAA ကပြောထားပြီး ဒီလိုလုပ်ဖို့ အမိန့်ပေးစေခိုင်းခဲ့တာမျိုး မရှိဘူးလို့ ဖော်ပြထားပါတယ်။

တပ်သားတစ်ဦးရဲ့ တပ်စည်းမျဉ်းစည်းကမ်းညံ့ဖျင်းမှုနဲ့ အရည်အချင်းမရှိတဲ့ လုပ်ဆောင်မှုအတွက် တောင်းပန်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်လို့ MNDAA ရဲ့ စစ်ရေးကော်မတီကနေ သက်ဆိုင်ရာဌာနကနေ အရေးယူအပြစ်ပေးဖို့ အပါအဝင် ဘာသာရေးလွတ်လပ်မှုကို လေးစားဖို့နဲ့ ဘာသာရေးအဆောက်အအုံတွေကို အကာကွယ်ပေးဖို့ ညွှန်ကြားထားတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

လက်ရှိမှာ ကိုးကန့်‌တပ် (MNDAA) အနေနဲ့ လောက်ကိုင်မြို့အပါအဝင် ကိုးကန့်ဒေသတစ်ခွင်လုံးနီးပါးကို ထိန်းချုပ်ထားနိုင်ပြီး အထူးဒေသ ၁ အနေနဲ့ အုပ်ချုပ်ရေးလည်ပတ်မယ်လို့ ပြောထားပါတယ်။

လားရှိုး‌ဒေသခံအများစု မြို့ကိုစွန့်ခွာ၊ တပ်မိသားစုတချို့ ရှောင်တိမ်းနေကြ

ရှမ်းပြည်နယ်မြောက်ပိုင်း၊အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ရမခ ရှိတဲ့ လားရှိုးမြို့မှာ ဒေသခံအများစုက မြို့တွင်းမှာ တိုက်ပွဲဖြစ်လာမှာ စိုးရိမ်လို့ ဇန်နဝါရီ ၆ ရက်လောက်ကစပြီး ဒီကနေ့ ဇန်နဝါရီ ၉ ရက်အထိ မြို့ကို စွန့်ခွာတိမ်းရှောင်နေကြတယ်လို့ ဒေသခံအချို့ က အတည်ပြုပါတယ်။

တိမ်းရှောင်သူတွေထဲမှာ တပ်မိသားစုဝင်တွေနဲ့ တပ်တွေနဲ့ နီးတဲ့ရပ်ကွက်တွေက ဒေသခံတွေလည်း ပါတယ်လို့ မြေပြင်အခြေအနေသိရှိတဲ့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

“မြောက်ပိုင်းညီနောင်မဟာမိတ်တပ်တွေက လားရှိုးမြို့ပတ်ချာလည်ကို ဝိုင်းထားတယ်လို့ ကောလဟလတွေလည်းထွက်နေတယ်။ UN(ကုလသမဂ္ဂ) ဘက်က လူတွေလည်းပြောင်းသွားကြတော့ အကုန်လုံးစိုးရိမ်ပြီး ပြောင်းရွှေ့နေကြတာ” လို့ ဒေသခံကပြောပါတယ်။

တပ်မိသားစုအသိုင်းအဝိုင်းနဲ့ ရဲအရာရှိတွေရဲ့ မိသားစုဝင်တွေကတော့ စစ်တပ်ရဲ့အကူအညီနဲ့ မိတ္ထီလာဘက်ကို လေကြောင်းအသုံးပြုပြီး ပြောင်း‌ရွှေ့နေကြသလို ခရီးသွား Express ကားတွေ စင်းလုံးငှားပြီး ပြောင်းရွှေ့နေကြတာလည်းရှိတယ်လို့ တပ်မိသားစုအသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။ ဒါပေမယ့် ဘီဘီစီအနေနဲ့ တပ်မိသားစုဝင်တွေ လေကြောင်းအသုံးပြုပြောင်းရွှေ့နေတယ်ဆိုတာနဲ့ပတ်သက်လို့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

ဒါအပြင် လားရှိုးမြို့ပြင်မှာရှိတဲ့ ဆင်တောင်စစ်တပ်စခန်းကနေ လက်နက်ကြီးတွေနဲ့ မြို့ပြင်ပတ်ချာလည်ကို နေ့စဉ်ပစ်ခတ်နေတယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

လားရှိုးအခြေစိုက် အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေဖြစ်တဲ့UN နဲ့ INGO တွေက လူအကုန်နီးပါးဟာလည်း ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်နေ့တည်းက လားရှိုးကနေ တောင်ကြီးမြို့ဘက်ကို တိမ်းရှောင်သွားခဲ့တယ်လို့ လားရှိုးမြို့ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ဒေသအခြေစိုက်မီဒီယာမှာ ပြောထားတာတွေ့ရပါတယ်။

လက်ရှိမှာ လားရှိုးရဲ့ မြို့ဝင်မြို့ထွက်ဂိတ်တွေကို စစ်တပ်က ထိန်းချုပ်နေပြီး လားရှိုးကနေ နမ္မတူနဲ့ နမ့်ဆန်ဘက်ကို ရိက္ခာတင်ဆောင်တဲ့ ယာဉ်မှန်သမျှကို ဖြတ်သန်းခွင့်မပြုဘဲ ဖမ်းဆီးတာတွေပြုလုပ်ပြီး ရိက္ခာဖြတ်တောက်တာတွေ လုပ်ဆောင်နေတယ်လို့ မြေပြင်အခြေအနေသိရှိတဲ့ ဘီဘီစီသတင်းရင်းမြစ်တစ်ဦးဆီကနေ သိရပါတယ်။

လားရှိုးကနေ ပြောင်းရွှေ့နေကြတဲ့ ဒေသခံတွေကိုတော့ လက်ရှိအချိန်ထိ အေးအေးဆေးဆေးထွက်ခွာခွင့်ပေးထားသေးတယ်လို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ လားရှို့မြို့က အခြေအနေတွေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

ခမ်းပတ်မြို့၊ ကနန်ရွာ လေကြောင်း‌ဗုံးကြဲခံရမှု ကလေးအပါအဝင် အရပ်သား ၁၇ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ခမ်းပတ်မြို့အနီးက ကနန်စံပြကျေးရွာထဲကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်က လေကြောင်းကနေ ဗုံးကြဲခံရမှုမှာ ၃ နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၁၇ ဦးသေဆုံးခဲ့ပြီး နောက်ထပ် ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တိုက်ခိုက်ခံရမှု ၃ ရက်မြောက်တဲ့ ဒီကနေ့မှာ အထက်ချင်းတွင်းဒေသအခြေစိုက် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO) က ဘီဘီစီကိုပြောပါတယ်။

သေဆုံးတဲ့သူတွေထဲမှာ ၁၈ နှစ်အောက်အရွယ် ၉ ဦးနဲ့ အသက် ၇၀ အရွယ် သက်ကြီးပိုင်းတစ်ဦးပါဝင်ပြီး ထိခိုက်ဒဏ်ရာရခဲ့တဲ့အထဲမှာတော့ အသက် ၁၈ နှစ်အောက်အရွယ် ၁၁ ဦးပါဝင်တယ်လို့ သူကအတည်ပြုပါတယ်။

ဇန်နဝါရီ ၇ ရက်မှာ စစ်တပ်ကြဲလိုက်တဲ့ ဗုံး ၂ လုံးက ရွာထဲက စာသင်ကျောင်းနဲ့ နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းအနီးတို့မှာ ကျရောက်‌ပေါက်ကွဲခဲ့တာကြောင့် ဒေသခံတွေသေဆုံးခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

ဗုံးဒဏ်ကြောင့် စာသင်ကျောင်းနဲ့ အရပ်သားနေအိမ် ၇ လုံးထက်မနည်းပျက်စီးခဲ့တယ်လို့ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးကလည်း ဘီဘီစီကိုပြောပါတယ်။

ခမ်းပတ်နဲ့ တမူးဒေသခံတော်တော်များများကလည်း စစ်တပ်နဲ့ ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ကြား တိုက်ပွဲပြင်းထန်ခဲ့တဲ့ ပြီးခဲ့တဲ့နိုဝင်ဘာလတည်းက ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကတော့ ကနန်စံပြကျေးရွာဘက်ကို ဇန်နဝါရီ ၇ ရက်မနက်ပိုင်းမှာ လေယာဉ်ပျံသန်းမှုမရှိခဲ့ကြောင်းနဲ့ ဗုံးကြဲတယ်ဆိုတာ သတင်းအမှားသာဖြစ်ကြောင်း ငြင်းဆိုထားပါတယ်။

ကောလင်း-ဝန်းသို လမ်းဆုံမှာ ရုပ်အလောင်း ၁၉ လောင်းတွေ့ရှိ

စစ်ကိုင်းတိုင်းက ကောလင်း-ဝန်းသို-ပင်လည်ဘူးလမ်းဆုံနား ဒေသအ‌ခေါ် ကျောက်စိမ်းဘုရားအနီးမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ ရုပ်အလောင်း ၁၉ လောင်းထက်မနည်းကို ဇန်နဝါရီ ၇ ရက်မှာ တွေ့ရှိခဲ့တယ်လို့ ကောလင်းကာကွယ်ရေးတပ်ဖွဲ့ (PDF) ဘက်က ထုတ်ပြန်လာပါတယ်။

အခုသေဆုံးသူတွေထဲမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်က လေဘိုရွာအနီး စစ်တပ် ခြေမြန်တပ်ရင်း (ခမရ-၁၂၀) အနီးမှာ ဖမ်းဆီးခံရတဲ့ စပါးကုန်သည်တွေနဲ့ ကားသမားအချို့ ပါဝင်တယ်လို့လည်းဆိုပါတယ်။ ဒါပေမဲ့ သေဆုံးသူတွေနဲ့ ပတ်သက်လို့ ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်ဖို့ဆက်လက်မေးမြန်းနေဆဲဖြစ်ပါတယ်။

သေဆုံးတဲ့သူတွေက ရင်ဘတ်နဲ့ဦးခေါင်းတို့မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တာဖြစ်ပြီး အဲဒီနေရာအနီးတဝိုက်မှာ စစ်တပ်ပိုင် ကာကွယ်‌ရေးပစ္စည်းစက်ရုံကထုတ်တဲ့ ၅.၅၆ အမျိုးအစား ကျည်ခွံတွေ တွေ့ရှိတယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။

ကောလင်း PDF ဘက်က ထုတ်ပြန်လာတဲ့ ဓာတ်ပုံတွေအရ သေဆုံးခဲ့တဲ့သူတွေဟာ ခြေကျင်းဝတ်တွေချည်နှောင်ခံထားရပြီး လက်ပြန်ကြိုးတုပ်ခံထားရတဲ့ အနေအထားတွေနဲ့ သေဆုံးနေတာတွေ့ရသလို ကောလင်းဒေသခံတစ်ဦးကလည်း ဘီဘီစီကို အဲဒီအခြေအနေနဲ့ပတ်သက်ပြီး အတည်ပြုပြောဆိုပါတယ်။

သေဆုံးတဲ့လူတွေထဲမှာ အမျိုးသား ၁၇ ဦးနဲ့ အမျိုးသမီး ၂ ဦးပါဝင်ပြီး အဲဒီထဲက ၅ ယောက်ကိုသာ အတည်ပြုထားနိုင်တယ်လို့ ကောလင်း PDF ဘက်က ကြေညာထားပါတယ်။

အတည်ပြုနိုင်တဲ့ ၅ ယောက်ကတော့ ကောလင်းဒေသခံတွေဖြစ်ပြီး ကျန်ရှိနေတဲ့ ရုပ်အလောင်းတွေကို ဆက်ပြီး အတည်ပြုနေဆဲပဲလို့ ကောလင်း PDF ဘက်က ဘီဘီစီကိုပြောပါတယ်။

တစ်ဖက်မှာလည်း စစ်တပ်ရဲ့ ဝန်းသိုအ‌‌ခြေစိုက် ခမရ-၁၂၀ ကနေ ကောလင်းမြို့တဝိုက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ကောလင်း PDF ဘက်က ထုတ်ပြန်ထားသလို ဒေသခံတွေကလည်း ပစ်ခတ်မှုတွေ နေ့တိုင်းရှိနေတယ်လို့ ပြောဆိုထားပါတယ်။

စစ်ကောင်စီဘက်ကတော့ ကောလင်း-ဝန်းသိုဘက်မှာ စွန့်ပစ်ခံထားရတဲ့ ရုပ်အလောင်းတွေနဲ့ပတ်သက်လို့ တစ်စုံတစ်ရာသတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

ဓညဝတီရေတပ်စခန်းကို အေအေတိုက်ခိုက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နဲ့ သစ်ပုတ်တောင်ကျေးရွာအနီးမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်ရဲ့ ဓညဝတီရေတပ်စခန်းဌာနချုပ်ကို ရက္ခိုင့်တပ်တော် (အေအေ)က မနေ့ ဇန်နဝါရီ ၈ ရက် အစောပိုင်းကတည်းက စတင်တိုက်ခိုက်နေတယ်လို့ ထုတ်ပြန်လာပါတယ်။

အေအေဘက်ကနေ ရေတပ်စခန်းဘက်ကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခဲ့ရာကနေ နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁ ဦးသေဆုံးထားတယ်လို့ ‌ဒေသအခြေစိုက်မီဒီယာတွေမှာ ဖော်ပြထားကြပါတယ်။

တစ်ဖက်မှာလည်း မြောက်ဦးမြို့က စစ်ကောင်စီတပ်ရဲ့ သင်းကျစ်တော်တောင်စခန်းကိုလည်း အေအေတပ်တွေက မနေ့ ဇန်နဝါရီ ၈ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့ပြီး စစ်အသုံးအဆောင်ပစ္စည်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။

ဒါအပြင် ကျောက်ဖြူမြို့ တင်းမကျေးရွာအနီးမှာ စစ်တပ်အင်အား ၂၀၀ နီးပါးနဲ့ တပ်စွဲထားတဲ့ တောင်ရှည်တောင်ဗျူဟာစခန်းတစ်ခုလုံးလည်း အေအေတပ်တွေထံ လက်နက်ချခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားပါတယ်။

တစ်ချိန်တည်းမှာပဲ အေအေဘက်က ပလက်ဝအနောက်ဘက်ခြမ်းက စစ်ကောင်စီတပ်စခန်းတွေကို ထိန်းချုပ်ထားနိုင်ပြီး ကျန်ရှိနေတဲ့ ပလက်ဝ‌ဒေသထဲက စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ကြေညာထားပါတယ်။

စစ်ကောင်စီဘက်ကတော့ ဓညဝတီတိုက်ပွဲအပါအဝင် ပလက်ဝက အခြေအနေတွေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။