စစ်ခေါင်းဆောင်မိသားစု ပိုင်ဆိုင်မှုတွေကိစ္စ ထိုင်းရဲက ဆက်မစစ်သေး

ရေးသားခဲ့သည်။

ထိုင်းရဲတွေက မူးယစ်ဆေးဝါးမှုအပါအဝင် ရာဇဝတ်မှုတွေနဲ့ စီးနင်း ဖမ်းဆီးထားတဲ့ မြန်မာတစ်ဦးဆီကနေ ဖမ်းဆီးရမိတာတွေထဲမှာ မြန်မာစစ်ခေါင်းဆောင် မိသားစုဝင်တွေရဲ့ ထိုင်းနိုင်ငံအတွင်း ပိုင်ဆိုင်မှု အထောက်အထား စာရွက်စာတမ်းတွေကို သိမ်းဆည်း ရမိထားပေမဲ့ ဒါတွေနဲ့ ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့ဘက်က ဆက်လက် ဆောင်ရွက်တာမျိုးတွေ မရှိ‌သေးပါဘူး။

ထိုင်းနိုင်ငံအနေနဲ့ မြန်မာစစ်ခေါင်းဆောင်ရဲ့ သားသမီးတွေ ထိုင်းနိုင်ငံအတွင်း ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်ပြီး ထိန်းချုပ် သိမ်းဆည်းလိုက်တာမျိုး မရှိသေးသလို၊ ဖမ်းထားတဲ့ မသင်္ကာသူနဲ့ ဆက်စပ်ပြီး ဆက်လက် စုံစမ်းတာမျိုးတွေ မရှိပါဘူးလို့   ဒီအရေးကို စတင် ထုတ်ဖော်ပြောတဲ့ အဖွဲ့ဖြစ်တဲ့ Justice for Myanmar က ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလလယ်တုန်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မြန်မာနိုင်ငံသား ကိုထွန်းမင်းလတ်ဆိုသူကို မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ချိမှု၊ ငွေကြေးခဝါချမှုတွေနဲ့ ထိုင်းရဲတပ်ဖွဲ့က ရုတ်တရက် ဝင်ရောက်စီးနင်းတဲ့အခါ သိမ်းဆည်းရမိတဲ့အထဲ မြန်မာ စစ်ခေါင်းဆောင်ရဲ့ သားနဲ့ သမီးဖြစ်သူတို့က ပိုင်ဆိုင်တာကို ညွှန်းဆိုပြတဲ့ စာရွက်စာတမ်းအထောက်အထားတွေကို တွေ့ရှိခဲ့တယ်၊ အဲဒါတွေကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သားဖြစ်သူ ကိုအောင်ပြည့်စုံရဲ့ ထိုင်းကွန်ဒို တိုက်ခန်း ပိုင်ဆိုင်မှုဆိုင်ရာ စာရွက်စာတမ်းနဲ့ စစ်ခေါင်းဆောင်ရဲ့ သမီးဖြစ်သူ မခင်သီရိသက်မွန်ရဲ့ ထိုင်းဘဏ် (Siam Commercial Bank) ငွေစု အကောင့်စာအုပ် ၂ အုပ်တို့ဖြစ်တယ်လို့ Justice for Myanmar က ဗုဒ္ဓဟူးနေ့က ထုတ်ဖော်ရေးသားခဲ့ပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကို ဘီဘီစီက မေးမြန်းပေမယ့် ပြန်လည် ဖြေကြားတာမျိုး မရှိသေးပါဘူး။

မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းခံထားရသူဟာ စစ်ခေါင်း‌ဆောင် သားသမီးတွေနဲ့ ဆက်စပ်သလား

ထိုင်းရဲတပ်ဖွဲ့က ကိုထွန်းမင်းလတ်ကို မနှစ် စက်တင်ဘာ ၁၇ ရက်နေ့ အရုဏ် တက်ချိန်မှာ ဘန်ကောက်မြို့က သူနေထိုင်ရာ Belle Grand Rama 9 ကွန်ဒိုမီနီယံမှာ စီးနင်းဖမ်းဆီးလိုက်တာဖြစ်ပြီး မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ချိမှု၊ ငွေကြေးခဝါချမှု၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုစတဲ့ အမှုတွေနဲ့ ဒီဇင်ဘာလ ၁၃ ရက်နေ့က ထိုင်း တရားရုံး တခုမှာ စွဲချက်တင် ထားပါတယ်။

ဒီအမှုတွေဟာ တကယ်လို့ ကျူးလွန်ထားကြောင်းစီရင် ဆုံးဖြတ်တယ်ဆိုရင် ထောင်ဒဏ် ၁၅ နှစ်ကနေ သေဒဏ်အထိ အပြစ်ပေးနိုင်တဲ့ အမှုတွေပါ။

ကိုထွန်းမင်းလတ်ကို ဖမ်းဆီးပြီးနောက်မှာ ထိုင်းရဲတပ်ဖွဲ့က အိမ်ခြံမြေစာချုပ် စာတမ်း အထောက် အထားတွေ၊ မော်တော်ကားတွေ၊ တန်ဖိုးကြီး နာရီတွေနဲ့ နာမည်ကြီး တံဆိပ် လက်ကိုင်အိတ်တွေ သိမ်းဆည်းထားပြီး အဲဒါတွေရဲ့ စုစုပေါင်း တန်ဖိုး ပမာဏက အမေရိကန်ဒေါ်လာ သန်း ၅၀ လောက်နဲ့ ညီတယ်လို့လည်း Justice for Myanmar က ဆိုပါတယ်။

ကိုအောင်ပြည်စုံ ပိုင်ဆိုင်တယ်ဆိုတဲ့ ကွန်ဒိုတိုက်ခန်းဟာ အိပ်ခန်း ၄ ခန်းပါ တန်ဖိုးကြီး တိုက်ခန်းဖြစ်ပြီး ထိုင်းရဲတွေ ဝင်ရောက်စီးနင်းတဲ့ Belle Grand Rama 9  ကွန်ဒိုမီနီယံက အခန်းတခုဖြစ်ပါ။ လက်ရှိ ပေါက်စျေးအရ ထိုင်းဘတ် ၃၃ သန်း (ဒေါ်လာ ၁ သန်းနီးပါး) ခန့် တန်ပြီး အဲဒီ ကွန်ဒိုအခန်းကို ၂၀၁၇ ခုနှစ်က ဝယ်ယူခဲ့တာ လို့ သိရ ပါတယ်။

စစ်ခေါင်းဆောင် သမီးဖြစ်သူရဲ့ ထိုင်းဘဏ် ငွေစုစာအုပ်ထဲမှာ ရှိတဲ့ ငွေပမာဏက ဘယ်လောက် ဆိုတာ မသိရသေးပါဘူး။ အဲဒီ ဘဏ်အကောင့်တွေကို လက်ရှိသုံး နေသေးသလား ဆိုတာလည်း မသိရကြောင်း Justice for Myanmar က ဆိုပါတယ်။

စစ်အာဏာသိမ်းခေါင်းဆောင် မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို ထိုင်းနိုင်ငံမှာ သိမ်းဆည်း ကွယ်ဝှက်ဖို့အတွက် မူးယစ်ဆေးဝါးရောင်းဝယ်သူ၊ ငွေကြေးခဝါချသူအဖြစ် စွပ်စွဲခံ ထားရသူက ကူညီလုပ်ဆောင်ပေးနေတာလို့ Justice For Myanmar ဘက်က စွပ်စွဲထားပါတယ်။

ဒီအမှုက ထိုင်းမှာ ဘာဆက်ဖြစ်မလဲ

မူးယစ်မှုတွေ၊ ငွေကြေးခဝါချမှုတွေနဲ့ မသင်္ကာခံရသူဟာ စစ်အာဏာသိမ်း ခေါင်းဆောင် မိသားစုဝင်တွေနဲ့ ဆက်စပ်နေတာမို့ ထိုင်းအနေနဲ့ ဒီဆက်စပ်မှုကို စုံစမ်း အရေးယူနိုင်ဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေက အားစိုက်ထည့်ပေးကြဖို့ လိုအပ်တယ် လို့ မြန်မာ့အရေး လှုပ်ရှားတက်ကြွသူတွေက မြင်ကြပါတယ်။

“ထိုင်းက မူးယစ်ဆေးဝါးမှုတွေမှာ ဥပဒေနဲ့ ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက် တာတွေရှိတယ်။ အခု ဒီကိစ္စမှာ (စစ်ခေါင်းဆောင်နဲ့ မိသားစုတွေကို) ထိုင်းက အရေးယူ ဆောင်ရွက်လာအောင် (နိုင်ငံတကာက) တွန်းအား ပေးတာတွေလုပ်ရင် ကောင်းမယ်” လို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ကိုနစ်ကီဒိုင်းမွန်းက ဘီဘီစီကို ပြောပါတယ်။

ထိုင်းအစိုးရအပါအဝင် နိုင်ငံတကာ အစိုးရတွေအနေနဲ့ မြန်မာစစ်ခေါင်း‌ဆောင် မိသားစုဝင်တွေရဲ့ ပိုင်ဆိုင်မှုတွေကို ရှာဖွေ သိမ်းဆည်းဖို့နဲ့ စစ်ခေါင်းဆောင်တွေဆီ ဘဏ္ဌာငွေစီးဆင်းမှုတွေကို ဖြတ်တောက်ဖို့ အရေးကြီးတယ်လို့ Justice For Myanmar က ဆိုပါတယ်။

“နိုင်ငံတကာ ရာဇဝတ်မှု ကျူးလွန်သူတယောက် ဆီမှာ (စစ်ခေါင်းဆောင်) သားသမီး တွေရဲ့ ပိုင်ဆိုင်မှု အထောက်အထားစာရွက်စာတမ်းတွေ ရှိနေတဲ့ ကိစ္စက ထိုင်း အစိုးရနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းတွေ အလေးထားကြဖို့ လိုပြီလို့ သတိပေး လိုက်တာပါပဲ” လို့ Justice for Myanmar ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မရတနာမောင်က ပြောပါတယ်။

အခုလို ဆက်စပ်မှုတွေအပေါ် တကယ်တမ်း ထိုင်းအာဏာပိုင်တွေဘက်က အရေးယူ ဆောင်ရွက်မယ့် အနေအထားက မှေးမှိန်နေသေးတယ်လို့ မြင်ကြသူတွေလည်း ရှိပါတယ်။

“ထိုင်းနိုင်ငံမှာက ဒီမိုကရေစီဆိုင်ရာ အင်စတီကျူးရှင်းတွေက ဒီလောက်အထိ ခိုင်လှတာ မဟုတ်သေးဘူး၊ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး ဟိုး အ‌ပေါ်ပိုင်း တွေနဲ့ ပတ်သက်လာရင် တကယ့် တရားမျှတမှု ဖော်ထုတ်နိုင်သလား ဆိုတဲ့အပေါ် မေးခွန်းထုတ်စရာတွေက အများကြီး၊ တခုရှိတာက ပြောရေးဆိုခွင့်ပေးထားတာ ရှိတော့ အခုလို သတင်းတွေ ထွက်လာတာမျိုးတွေတော့ ရှိတယ်၊ တကယ်တမ်း တရား မျှတမှု ရှာတွေ့မှာလားဆိုတာက မသေချာဘူး” လို့ ထိုင်းနိုင်ငံမှာ နှစ်ပေါင်း များစွာ အခြေစိုက်နေထိုင်နေတဲ့ မြန်မာနိုင်ငံရေးသမား တယောက်က ဘီဘီစီကို ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့ပြောခွင့်ရသူ၊ ထိုင်းအစိုးရနဲ့ နီးစပ်သူတွေထံကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပေမယ့် ပြန်လည်ဖြေကြားပေးတာ မရှိသေးပါဘူး။