ဒီဇင်ဘာ ၂၉ ရက် ထိပ်တန်းသတင်းများ - မုံရွာမှာ စစ်တပ်နဲ့ ပလဖတပ်တွေကြား တိုက်ပွဲဖြစ်ပြီး ဒေသခံ ၂ ဦးသေဆုံး

ရေးသားခဲ့သည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ညောင်ပင်ရွာသစ်ရွာအနီးမှာ ဒီကနေ့မနက်အစောပိုင်းက စစ်တပ်နဲ့ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့(ပလဖ) တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မုံရွာအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က ဘီဘီစီကို အတည်ပြုပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၂ ဦး နဲ့ ပလဖ ဘက်က ၂ ဦးကျဆုံးတယ်လို့ ဒေသတွင်းသတင်းတွေမှာဖော်ပြနေပေမယ့် ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ညောင်ပင်ရွာသစ်ရွာအနီးမှာ တပ်စွဲထားတဲ့ ပလဖ စခန်းကို အရာတော်မြို့ဘက်က ထွက်လာတဲ့ စစ်တပ်က စစ်ကြောင်းထိုးဝင်တိုက်ခိုက်ရာကနေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ ညောင်ပင်ရွာသစ်ဘက်ကို စစ်ကူဖို့ မုံရွာ နည်းပညာတက္ကသိုလ် ကနေ ထွက်လာတဲ့ စစ်တပ် စစ်ကြောင်းက ညောင်ပင်ရွာသစ်ကနေ ၂ မိုင်ကျော်လောက်သာဝေးတဲ့ တောင်မတောရွာအဝင်မှာ ရွာခံ ၂ ဦးကို ပစ်သတ်ခဲ့တယ်လို့ PDF ဘက်က ပြောသလို တောင်မတော ရွာခံတွေကလည်း ဘီဘီစီကို အတည်ပြုပါတယ်။

“မနက် ၄ နာရီကျော်လောက်မှာ စစ်တပ်ကရွာထိပ်မှာပစ်သွားတာ၊ ၂ ယောက်က ပွဲချင်းပြီးသေတယ်။ တစ်ယောက်ကတော့ ပေါင်ကိုကျည်ထိသွားတယ်” လို့ ရွာခံတစ်ဦးက ပြောပါတယ်။

အဲဒီစစ်ကြောင်းက ညောင်ပင်ရွာသစ်က စစ်တပ်စစ်ကြောင်းနဲ့ ပူးပေါင်းတဲ့အချိန် မနက် ၈ နာရီဝန်းကျင်မှာ စစ်တပ်နဲ့ PDF တို့ မြေပြင်တိုက်ပွဲ ထပ်မံဖြစ်ပွားတယ်လို့ PDF က ပြောပါတယ်။

အဲဒီတိုက်ပွဲမှာ PDF ဘက်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်သလို စစ်တပ်ဘက်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ညောင်ပင်ရွာသစ် နဲ့ တောင်မတောရွာက ရွာခံတော်တော်များများကတော့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

စစ်ကောင်စီကတော့ ဒီတိုက်ပွဲနဲ့ပတ်သက်လို့ တစ်စုံတစ်ရာထုတ်ပြန်လာတာ မရှိသေးပါဘူး။

ဖယ်ခုံမြို့ကို ထိန်းချုပ်ထားနိုင်ပြီလို့ KNDF ထုတ်ပြန်

ရှမ်း-ကယား အစပ် ဖယ်ခုံမြို့က ရွှေပြည်အေး နဲ့ လွယ်ပတာ စစ်တပ်စခန်းကုန်းတွေကို ဖယ်ခုံစစ်ဆင်ရေးမဟာမိတ်အင်အားစုတွေက ဒီဇင်ဘာ ၂၃ ရက်ကနေ ၂၅ ရက်အတွင်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-ဖယ်ခုံ (KNDF) က ထုတ်ပြန်လာပါတယ်။

၁၁၁၁ စစ်ဆင်ရေးအတွင်း မိုးဗြဲ-ဖယ်ခုံ စစ်ဆင်ရေးအနေနဲ့ ကြေညာချက်ထုတ်ပြန်တာ ဖြစ်ပါတယ်။

ဖယ်ခုံမြို့အဝင်အထွက်တွေကို KNDF နဲ့ မဟာမိတ်တပ်တွေက ထိန်းချုပ်ထားနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားသလို မိုးဗြဲ-ဖယ်ခုံမှာနေထိုင်နေတဲ့ ဒေသခံတွေကိုလည်း မြို့တွင်းသွားလာလှုပ်ရှားမှုတွေမလုပ်ဖို့ သတိပေးထားပါတယ်။

ဖယ်ခုံဒေသခံတစ်ဦးကတော့ “အခုကတော့ ကျောင်းတွေပြန်ဖွင့်နေပြီ၊ ပြီးခဲ့တဲ့ရက်တွေတုန်းကတော့ တိုက်ပွဲဖြစ်နေတဲ့အသံတွေကြားရတယ်။ မြို့ထဲမှာလည်း သွားလာနေကြတာတွေရှိတယ်” လို့ ဘီဘီစီကိုပြောပါတယ်။

ဖယ်ခုံနဲ့ မိုးဗြဲမြို့တွေက ဒေသခံတော်တော်များများ စစ်ရှောင်နေကြရပြီး မြို့ထဲမှာ လူမကျန်သလောက်ဖြစ်နေပြီလို့ မိုးဗြဲကနေစစ်ရှောင်လာသူတစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့က စစ်ရှောင်လာတာကြာပြီ၊ မိုးဗြဲမှာတော့ တော်တော်များများမရှိကြတော့ဘူး။ အခုတော့ မိုးဗြဲကို ဘယ်ဘက်က ထိန်းချုပ်နေလဲ မသိနိုင်ဘူး” လို့ မိုးဗြဲမြို့ခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဘက်က‌တော့ ဖယ်ခုံ-မိုးဗြဲဘက်က အခြေအနေနဲ့ပတ်သက်လို့ တစ်စုံတစ်ရာထုတ်ပြန်လာတာ မရှိသေးပါဘူး။

ကောလင်းမှာ လက်နက်ကြီးကျ၊ ကလေး ၂ ဦး အပါအဝင် ဒေသခံ ၅ ဦး သေဆုံး

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့မှာ ဝန်းသိုမြို့ အခြေစိုက် စစ်ကောင်စီတပ်ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျလို့ မနေ့ ဒီဇင်ဘာ ၂၈ ရက်မှာ ဒေသခံ ၅ ဦး သေဆုံးသွားတယ်လို့ ကောလင်းဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

ကောလင်းမြို့ပေါ်က အရပ်သားနေအိမ်ပေါ်နဲ့ ဘုန်းကြီးကျောင်းဝင်းထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

သေဆုံးသူတွေထဲ အသက် ၃ နှစ် နဲ့ ၅ နှစ်အရွယ် ကလေး ၂ ဦး၊ ကလေးငယ်တွေရဲ့ မိခင်နဲ့ ကပ္ပိယတစ်ဦးအပါအဝင် ဘုန်းကြီးတစ်ပါး ပါ ပျံလွန်တော်မူ လို့ စုစုပေါင်း ၅ ဦးဖြစ်တယ်လို့ ‌မြို့ခံတစ်ဦးက ပြောပါတယ်။

“၃ နှစ်အရွယ်ကလေး နဲ့ ကပ္ပိယကတော့ ပွဲချင်းပြီးဆုံးတာ၊ ကျန်တဲ့လူတွေကတော့ ဆေးရုံသွားတဲ့လမ်းမှာ ဆုံးတာ” လို့ မြေပြင်မှာရှိနေတဲ့ ဒေသခံက ပြောပါတယ်။

ကောလင်းမြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာ ၆ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တစ်လအကြာမှာ NUG က ပြည်သူ့အုပ်ချုပ်ရေးမြို့အဖြစ် ကြေညာထားပါတယ်။

မြို့သိမ်းတိုက်ပွဲပြီးတည်းက ကောလင်းမြို့တဝိုက်ကို စစ်တပ်ဘက်က လက်နက်ကြီးနဲ့ နေ့တိုင်းနီးပါး ပစ်ခတ်တာတွေရှိတယ်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။

ကောလင်းမြို့မှာ ပထမဆုံးမြေပြင်ဘဏ်ခွဲအဖြစ် နွေဦးဖွံ့ဖြိုးရေးဘဏ်(Spring Development Bank) ကို မကြာခင်မှာ ဖွင့်လှစ်တော့မယ်လို့ ဒီဇင်ဘာ ၂၆ ရက်မှာ NUG က ထုတ်ပြန်ထားပါတယ်။

အဲဒီလို ထုတ်ပြန်ပြီးနောက်ပိုင်း စစ်တပ်က လက်နက်ကြီး ပစ်ခတ်မှုအကြိမ်ရေ ပိုများလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကောလင်းမြို့ပေါ်က ဒေသခံတွေသေဆုံးခဲ့တဲ့ အခြေအနေနဲ့ပတ်သက်လို့ NUG နဲ့ စစ်ကောင်စီ နှစ်ဖက်စလုံးက တစ်စုံတစ်ရာ ထုတ်ပြန်လာတာ မရှိသေးပါဘူး။

ဝန်းသိုမြို့မှာ တပ်မ(၃၃)လက်အောက်ခံ အမှတ်(၁၂၀) ခြေမြန်တပ်ရင်း အခြေစိုက်ပြီး အဲဒီတပ်က ဟောင်ဝစ်ဇာ အမြောက် နဲ့ ပစ်လို့ ဂျိုးတောင်ရွာမရွာ စာသင်ကျောင်းမှာ စာသင်နေတဲ့ ကလေး ၂၁ ဦးနဲ့ ဆရာမတစ်ယောက် ဒဏ်ရာရခဲ့တဲ့ဖြစ်စဉ် စက်တင်ဘာ ၂၇ ရက် က ဖြစ်ပွားခဲ့ပါသေးတယ်။

သီပေါ-နမ္မတူ ဆက်သွယ်တဲ့ မိုးတေချောင်းတံတား ဖျက်ဆီးခံရ

ရှမ်းပြည်နယ်(မြောက်ပိုင်း)က နမ္မတူမြို့ကို တအာင်းတပ် (TNLA) က ထိန်းချုပ်လိုက်ပြီးတဲ့နောက် မနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့ ညနေပိုင်းက နမ္မတူ နဲ့ သီပေါ မြို့ကို ဆက်သွယ်တဲ့ မိုးတေချောင်းတံတား ဖျက်ဆီးခံလိုက်ရပါတယ်။

သီပေါ-နမ္မတူ-မန်တုံ-နမ့်ဆန်မြို့တို့ကို အဓိကဆက်သွယ်ထားတဲ့တံတား ဖျက်ဆီး ခံလိုက်ရလို့ သီပေါဘက်ကို စစ်ရှောင်ဖို့ ခက်ခဲသွားပြီ လို့ ဒေသခံတွေက ပြောပါတယ်။

TNLA ဘက်ကတော့ မိုးတေချောင်းတံတားကို စစ်ကောင်စီရဲ့ ၅၀၃ နဲ့ ၅၀၄ ခြေလျင်တပ်တွေက မိုင်းခွဲဖျက်ဆီးပစ်ခဲ့တာလို့ ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်လာသလို စစ်ကောင်စီသတင်းတွေကိုဖော်ပြတဲ့ တယ်လီဂရန်ချန်နယ်လ်တွေကလည်း တံတားကို TNLA ဘက်က မိုင်းခွဲဖျက်ဆီးလိုက်တာလို့ ဖော်ပြထားပါတယ်။

“သီပေါဘက်သွားလို့ရတဲ့ တံတားပျက်စီးသွားတာ။ နမ္မတူကနေ လားရှိုးဘက်အထွက်မှာလည်း စစ်တပ်က လေယာဉ်နဲ့ပစ်နေတုန်းပဲ” လို့ တိုက်ပွဲကြားမှာ ပိတ်မိနေတဲ့အခြေအနေကို ဒေသခံတစ်ဦးက ပြောပြပါတယ်။

နမ္မတူမြို့ကို TNLA တပ်တွေက မနေ့ ဒီဇင်ဘာ ၂၈ ရက်မှာ ထိန်းချုပ်ထားနိုင်ပြီလို့ ထုတ်ပြန်ခဲ့ပေမယ့် စစ်တပ်ခြေမြန်တပ်ရင်း (ခမရ-၃၂၅) တပ်စွဲထားခဲ့တဲ့ကုန်းအပါအဝင် မြို့တဝိုက်ကို လေကြောင်းကနေ တိုက်ခိုက်မှုတွေ လုပ်နေတာကြောင့် ဒေသခံရာနဲ့ချီပိတ်မိနေတုန်းပဲလို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ နမ္မတူမြို့က အခြေအနေတွေနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်ကလည်း သီပေါမြို့ နဲ့ လားရှိုးမြို့ကို ဆက်သွယ်ထားတဲ့ မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်က စဉ့်အင်တံတားလည်း TNLA နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲအတွင်းမှာ ဖျက်ဆီးခံခဲ့ရပါသေးတယ်။

ထိုင်းရောက် အထောက်အထားမဲ့ မြန်မာ ကိုးသိန်းနီးပါးကို CI ထုတ်ပေးဖို့ စီစဉ်

ထိုင်းအလုပ်ရှင်တွေက အမည်စာရင်းတင်သွင်းထားတဲ့ အထောက်အထားမဲ့ မြန်မာအလုပ်သမား ကိုးသိန်းနီးပါးခန့်ကို မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးဖို့ စခန်း ၅ ခု နဲ့ Mobile Unit သုံးခု ဖွင့်လှစ်သွားမယ်လို့ စစ်ကောင်စီရဲ့အလုပ်သမားဝန်ကြီးဌာနနဲ့ မြန်မာသံရုံးက ‌ထုတ်ပြန်နေပါတယ်။

အဲဒီစခန်းတွေမှာ CI အပြင် ပြည်ပအလုပ်အကိုင်ဆိုင်ရာ အလုပ်သမားသက်သေခံကတ် (OWIC) ပါ ထုတ်ပေးမယ် လို့ သိရပါတယ်။

လာမယ့် ဇန်နဝါရီလ ပထမအပတ်မှာ ဒီစခန်းတွေ ဖွင့်လှစ်သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

CI စခန်း တွေကို ထိုင်းနိုင်ငံ စမုစခွန်၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချွန်ဘူရီ၊ ပထုန်ဌာနီ တို့မှာ ဖွင့်လှစ်သွားမယ် လို့ အဲဒီ တာဝန်ရှိသူကပြောပါတယ်။Mobile Unit တွေကိုတော့ ဆုန်ခလာ၊ ချင်းမိုင် နဲ့ နခွန်စဝမ် တို့မှာ ဖွင့်လှစ်သွားမယ် လို့ သိရပါတယ်။

မြန်မာ - ထိုင်း နှစ်နိုင်ငံ ညှိနှိုင်းဆွေးနွေးချက်အရ လုပ်ဆောင်မယ့် ဒီအစီအစဉ်အတွက် ထိုင်းနိုင်ငံမှာ သွားရောက်တာဝန်ထမ်းဆောင်ကြမယ့် ဝန်ထမ်းတွေကို နေပြည်တော်မှာ အလုပ်သမားဝန်ကြီးက မနေ့က တွေ့ဆုံခဲ့ပါတယ်။

ထိုင်းနိုင်ငံက အလုပ်သမားအရေးဆောင်ရွက်ပေးနေသူတစ်ဦးကတော့ စစ်ကောင်စီဟာ ဒီအစီအစဉ် နဲ့အတူ ပြည်ပရောက်မြန်မာတွေဆီက အခွန်ကောက်ခံဖို့ကိုပါ ပူးတွဲဆောင်ရွက်လာနိုင်တယ် လို့ သုံးသပ်ပါတယ်။

တဖက်မှာလည်း အရင်အစိုးရတွေ လက်ထက်က CI အတွက် မြန်မာဘက်ခြမ်းကို အခွန်ပေးဆောင်ဖို့မလိုဘဲ အခုစစ်ကောင်စီရဲ့ အစီအစဥ်မှာ တစ်လ ဘတ် ၁၅၀ စာအခွန်ငွေကို ထည့်သွင်းကောက်မယ်ဆိုတာကြောင့် စစ်ကောင်စီက နိုင်ငံခြားရောက်လုပ်သားတွေကနေအခွန် ရဖို့လုပ်နေတာဆိုပြီး ဝေဖန်ချက်တွေလည်းရှိနေပါတယ်။

'' CI သွားလုပ်ရင် ထိုင်းအစိုးရကို ဗီဇာကြေး ဘတ် ၅၀၀၊ မြန်မာဘက်ကို စာအုပ်ဖိုး ဘတ် ၇၀၀ ပဲပေးရမယ်။ အခုကဒါတွေအပြင် စာအုပ်ကြေးထဲမှာ စစ်ကောင်စီကို လလစဥ်အခွန်ကြေး ဘတ် ၁၅၀ ပေးရမယ်။ အဲဒါကို ၂၀၂၃ အောက်တိုဘာလကတည်းကသတ်မှတ်ပြီးထည့်ကောက်မှာ။ အဲဒီတော့ CI သွားလုပ်တဲ့လက ဇန်နဝါရီဆိုရင် အခွန် ဘတ် ၁၅၀ ကို ၄ လစာထည့်ပေးရမယ်။ အရင်အစိုးရတွေတုန်းကအခွန်မ‌ကောက်ခဲ့ဖူးဘူး '' လို့ အလုပ်သမားအရေးဆောင်ရွက်သူတစ်ဦးကပြောပါတယ်။