ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဖေဖော်ဝါရီ ၇ရက် ညနေခင်း ထိပ်တန်း နိုင်ငံတကာ သတင်းများ
တူရကီ တောင်ပိုင်းနဲ့ ဆီးရီးယား မြောက်ပိုင်းမှာ ငလျင်ကြီး လှုပ်ခတ်ပြီးနောက်မှာ ငလျင်ငယ်လေးတွေ ဆက်တိုက်လှုပ်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ငလျင်ဒဏ်ကြောင့် လူပေါင်း ၅၀၀၀ကျော် သေဆုံးခဲ့ရပြီးလည်း ဖြစ်ပါတယ်။
အဲဒီဒေသမှာ ငလျင်ဒဏ်ကြောင့် သေဆုံးခဲ့သူတွေ ထဲမှာ ထောင်နဲ့ချီတဲ့ ကလေးငယ်တွေ ပါဝင်နေကြောင်း ကုလသမဂ္ဂ အဖွဲ့ကြီးက ပြောပါတယ်။
ဒါ့အပြင် နောက်ထပ် လူပေါင်း တစ်သောင်းငါးထောင်လောက်ဟာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဒေသခံတွေဟာ ငလျင်ဒဏ်ကြောင့် ပိတ်မိနေသူတွေကို ဆက်လက်ရှာဖွေနေကြဆဲဖြစ်ပါတယ်။ တူရကီနိုင်ငံတဝန်းမှာလည်း ငလျင်ဒဏ် ခံခဲ့ရသူတွေကို ကူညီမှုတွေ လုပ်ဆောင်နေကြပါတယ်။ ဒါပေမဲ့ ပြည်တွင်းစစ် ဖြစ်နေတဲ့ ဆီးရီးယား နိုင်ငံထဲက ငလျင်ဒဏ်ခံခဲ့ရသူတွေ အတွက်တော့ ကူညီကယ်ဆယ်ရေးတွေ ရောက်ဖို့ ခက်ခဲနေပါတယ်။
ဆီးရီးယားထဲက အစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့တွေရဲ့ ဒေသက ငလျင်ဒဏ် ခံခဲ့ရတဲ့လူတွေကို ကယ်ဆယ်ရေးအတွက် အခက်အခဲ ဖြစ်နေကြောင်း လူမှု ကယ်ဆယ်ရေး လုပ်ငန်းဆောင်ရွက်နေတဲ့ ဦးထုပ်ဖြူ အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
တူရကီနဲ့ ဆီးရီးယား မှာ ဖြစ်ပွားခဲ့တဲ့ ငလျင်လှုပ်ခတ်မှုကြောင့် လူပေါင်း ၂၃သန်းလောက် ထိခိုက်ခံစားရနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO က သတိပေးနေပါတယ်။
ဆီးရီးယား အနောက်မြောက်ပိုင်းက ငလျင်ဒဏ်ခံခဲ့ရသူတွေကို ကူညီပေးနေမှုတွေဟာ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ လမ်းပန်း အခြေအနေ တွေကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေကို ခဏ ရပ်နားထားရတယ်လို့ ကုလသမဂ္ဂ အဖွဲ့ဘက်က ပြောပါတယ်။
အစိုးရဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့တွေတပ်စွဲထားတဲ့ အဒ်လစ် ဒေသမှာ ဆိုရင် လူပေါင်း ရှစ်ရာလောက် သေဆုံးခဲ့ရပြီး လောလောဆယ်မှာ အဝင်လမ်း တစ်လမ်းသာ ရှိနေတာ ဖြစ်ပါတယ်။
တော်လှန်ရေး အဖွဲ့တွေဆီကို သွားတဲ့ လမ်းတွေကို ဆီးရီးယား အစိုးရ ဘက်က ပိတ်ဆို့ထားတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဆီးရီးယား အစိုးရ အနေနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ ခွင့်ပြုပေးဖို့အတွက် ဖိအားပေး တောင်းဆိုဖို့ နိုင်ငံတကာ အစိုးရတွေက တောင်းဆိုနေပါတယ်။
တူရကီ နိုင်ငံမှာတော့ ငလျင်ကူညီကယ်ဆယ်ရေး အတွက် လူပေါင်း တစ်သောင်းလေးထောင်ကျော် လာရောက်ပူးပေါင်းခဲ့ကြပြီး နိုင်ငံပေါင်း ၆၅ နိုင်ငံက ထောင်နဲ့ချီတဲ့ ကယ်ဆယ်ရေး သမားတွေလည်း ရောက်ရှိနေကြပါတယ်။
ယူကရိန်းစစ်ပွဲ ပြောင်းလဲဖို့ ရုရှားမှာ အင်အား မရှိ
ယူကရိန်း စစ်ပွဲ ရလဒ်ကို သိသိသာသာ ပြောင်းလဲဖို့ အတွက် ရုရှားမှာ လာမယ့် သီတင်းပတ်တွေ အတွင်း လုံလောက်တဲ့ အင်အားစုဖွဲ့မှုနဲ့ တပ်ဖွဲ့စုဆောင်းမှု မရ ရှိနိုင်ဘူး ဆိုပြီး ယူကေ စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးအဖွဲ့က ပြောပါတယ်။
ရုရှား အနေနဲ့ ဇန်နဝါရီလ အစောပိုင်း ကတည်းက ပြင်းထန်တဲ့ ထိုးစစ်ကို ပြန်လည် စတင်ဖို့ ကြိုးစားနေပေမဲ့လည်း လိုအပ်တဲ့ လက်နက်ခဲယမ်းနဲ့ တပ်ဖွဲ့တွေ စုဖွဲ့မှု နည်းပါးနေတယ်လို့လည်း ယူကေ နိုင်ငံ စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေး အဖွဲ့ဘက်က ပြောဆိုပါတယ်။
ယူကရိန်းရဲ့ အဓိက အရေးပါတဲ့ ဒေသတွေဖြစ်တဲ့ ဘက်မြုနဲ့ ဘုလီဒါ ဒေသတွေမှာတော့ ရုရှားတပ်ဖွဲ့တွေ အောင်မြင်စွာ တပ်စွဲထားနိုင်ပြီ ဆိုပြီး ရုရှား ဘက်က ပြောကြားနေတာပါ။
ယူကရိန်းကို အနောက်နိုင်ငံတွေရဲ့ ထောက်ပံ့မှုတွေ ပိုမိုတိုးမြှင့်လာမယ် ဆိုရင်တော့ နေတိုး စစ်မဟာမိတ် အဖွဲ့ကို ယူကရိန်း ပဋိပက္ခထဲကို တွန်းပို့နေတာဖြစ်ပြီး မခန့်မှန်းနိုင်တဲ့ အန္တရာယ်တွေ ကြုံတွေ့သွားမယ်ဆိုပြီး ရုရှား ကာကွယ်ရေး ဝန်ကြီး ဆာဂေး ရှိုဂူးက သတိပေးနေတာလည်း ဖြစ်ပါတယ်။
အာဖရိက အစွန်းရောက် အဖွဲ့တွေရဲ့ လူသူစုဆောင်းမှု
အာဖရိက၊ ဆာဟာရ ဒေသက လူတွေဟာ ဘာသာရေး ဆိုတာထက် ဆင်းရဲမွဲတေမှုကြောင့် အစွန်းရောက် လက်နက်ကိုင် အဖွဲ့တွေဆီကို ပူးပေါင်းမှု ပိုများလာကြောင်း ကုလသမဂ္ဂ အဖွဲ့ ကြီးရဲ့ အစီရင်ခံစာ တစ်ခုမှာ ဖော်ပြပါတယ်။
အစွန်းရောက် လက်နက်ကိုင်အဖွဲ့ထဲကို ဝင်ရောက်ခဲ့ဖူးသူ လူတစ်ထောင်လောက် ကို မေးမြန်းပြီး ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာထဲမှာ မာလီ၊ နိုင်ဂျီးရီးယားနဲ့ ဆိုမာလီ နိုင်ငံက လူတွေဟာ အတင်းအကျပ် လူသစ်စုဆောင်းခံရသူတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အဲဒီလူတွေက ၁၇ ရာခိုင်နှုန်းလောက်ကသာ ဘာသာရေးကြောင့် အစွန်းရောက် အဖွဲ့တွေထံကို ပူးပေါင်းခဲ့ကြတာဖြစ်ပြီး၊ ကျန်တဲ့ လူတွေကတော့ အလုပ်အကိုင် အခွင့်အလမ်းကြောင့် ပူးပေါင်းခဲ့ကြတာ ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။
ပညာသင်ကြားရေး အခွင့်အလမ်းနည်းပါးမှုတွေကြောင့် အစွန်းရောက်အဖွဲ့အစည်း တွေရဲ့ စည်းရုံးမှုတွေကို ပိုမို ကြုံတွေ့နေရပြီး ပညာသင်ကြားခွင့် ရရေး ကြိုးပမ်း လုပ်ဆောင်သင့်ကြောင်း ကုလသမဂ္ဂ ဘက်ကတိုက်တွန်းနေပါတယ်။
ဗီယက်နမ် စစ်ပွဲအတွင်းက တောင်ကိုရီးယား စစ်သည်တွေရဲ့ လုပ်ရပ်
ဗီယက်နမ် စစ်ပွဲအတွင်း တောင်ကိုးရီးယား စစ်သားတွေဟာ ရက်စက် ကြမ်းကြုတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတာကို တောင်ကိုရီးယား တရားရုံးက အသိအမှတ်ပြု လက်ခံလိုက်ပြီ ဖြစ်ပါတယ်။
ဒါကြောင့် ဗီယက်နမ်မှာ မိသားစုဝင်တွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုတွေ ကနေ လွတ်မြောက်လာခဲ့ကြတဲ့ အမျိုးသမီးတွေကို လျော်ကြေးပေးဖို့ကိုလည်း ဆိုးလ်မြို့မှာ ရှိတဲ့ တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။
ဗီယက်နမ် စစ်ပွဲအတွင်းမှာ အမေရိကန် တပ်တွေနဲ့ အတူ တောင်ကိုရီးယား စစ်သား သုံးသိန်းကျော် ပူးပေါင်း ပါဝင်ပြီး တိုက်ခိုက်ပေးခဲ့တာလည်း ဖြစ်ပါတယ်။
စစ်ပွဲအတွင်းမှာ ရက်ရက်စက်စက် နှိမ်နှင်းမှုတွေ လုပ်ခဲ့တယ်လို့လည်း နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ကြတာလည်း ဖြစ်ပါတယ်။ စစ်ပွဲအတွင်းမှာ တောင်ကိုရီးယား စစ်သားတွေရဲ့ သတ်ဖြတ်မှုတွေကို သက်သေ မပြနိုင်ဘူးဆိုတဲ့ အစိုးရဘက်က ပြောဆိုချက်ကိုတော့ တရားရုံးက ပယ်ချခဲ့ပါတယ်။