ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပြင်သစ်အဓိကရုဏ်း - လူ ၇၀၀ ကျော် ထပ်မံဖမ်းဆီးခံရပြီး မြို့တော်ဝန်အိမ် ကားနဲ့ဝင်တိုက်ခံရ
ပြင်သစ်နိုင်ငံတဝန်းမှာ ဖြစ်ပွားနေတဲ့ဆန္ဒပြမှုတွေ ၅ ည ဆက်တိုက်ဖြစ်လာချိန်မှာ မာဆေးမြို့ဆန္ဒပြပွဲတွေအတွင်း လူပေါင်း ၇၀၀ ကျော် ထပ်မံဖမ်းဆီးခံရပြီး ပါရီမြို့တော်နယ်နိမိတ်ထဲမှာလည်း မြို့တော်ဝန်တစ်ဦးရဲ့နေအိမ်ကို ဆန္ဒပြလူတစုက ကားနဲ့ဝင်တိုက်မှုဖြစ်ထားပါတယ်။
ပါရီမြို့က ဆင်ခြေဖုံးအရပ်တစ်ခုမှာ အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးကို ရဲက လမ်းပေါ်မှာ စစ်ဆေးချိန် အနီးကပ်သေနတ်နဲ့ပစ်ခတ်လို့ အဲဒီလူငယ်သေဆုံးခဲ့ရာကနေ ပြင်သစ်နိုင်ငံတဝန်းမှာ ဆန္ဒပြမှုတွေ ပေါ်ပေါက်လာတာ ၅ ည ဆက်တိုက်ဖြစ်နေတာပါ။
မနေ့ညက မာဆေးမြို့မှာ ဖမ်းဆီးခံရတဲ့လူအရေအတွက်ကတော့ အရင်တစ်ညတုန်းကထက် နည်းပါးပါတယ်။
မြို့တွေမှာ ညလုံးပေါက် ရဲအစောင့်ကြပ်တွေ အဆမတန်တိုးမြှင့်ဖြန့်ချခဲ့ပေမဲ့ မာဆေး၊ နိစ်နဲ့ စထရာ့စ်ဘော့ဂ်မြို့တွေမှာတော့ မငြိမ်သက်မှုတွေရှိခဲ့တာပါ။
ပင်လယ်ဆိပ်ကမ်းမြို့ ဘရက်စ်ထ်မှာလည်း ကားအရောင်းပြခန်းတစ်ခု မီးရှို့ခံခဲ့ရပါတယ်။
ပါရီမြို့ဆင်ခြေဖုံးက လာလက်ရိုစ်မြို့မှာတော့ အဲဒီမြို့ငယ်မြို့တော်ဝန်ရဲ့နေအိမ်ကို ကားတစ်စီးနဲ့ရောက်လာတဲ့လူတစ်စုက ကားနဲ့ဝင်တိုက်ခဲ့တာကြောင့် မြို့တော်ဝန်ရဲ့ဇနီးသည်နဲ့ကလေးတွေ နေအိမ်ကနေ ထွက်ပြေးရပြီး ဇနီးသည်ဟာ ဆေးရုံတင်ထားရပါတယ်။
လူမှုကွန်ရက်မှာတော့ ပါရီမြို့က ရှောင်အယ်လီဇေလမ်းမကြီးထက်မှာ စုဝေးဆန္ဒပြကြဖို့ လှုံ့ဆော်တိုက်တွန်းတာတွေရှိနေပေမဲ့ ရဲတပ်ဖွဲ့က အဲဒီမှာ ဖြန့်ကြက်ထားလို့ ဖမ်းဆီးမှုအချို့ လုပ်ထားသလို ဆူပူဆန္ဒပြမှုတွေမှာအသုံးတဲ့ပစ္စည်းတွေကို ဖမ်းထားပြီး အခြေအနေထိန်းသိမ်းထားနိုင်တဲ့အခြေအနေပါ။
မြို့တော်ဝန်အိမ် ကားနဲ့ဝင်တိုက်ခံရ
မနေ့ညတုန်းက လာလက်ရိုစ်မြို့ မြို့တော်ဝန်ရဲ့နေအိမ်ကို လူတစုက ကားနဲ့ဝင်တိုက်ခဲ့တဲ့ဖြစ်ရပ်ကို ပြင်သစ်အာဏာပိုင်တွေက အတည်ပြုထားပါတယ်။
ကားနဲ့ဝင်တိုက်မှုဟာ ဒေသစံတော်ချိန် တနင်္ဂနွေနေ့မနက် ၁ နာရီခွဲအချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မြို့တော်ဝန် ဗင်းဆင့် ရှောင်ဘန်းက သူ့ရုံးခန်းမှာပဲရှိနေခဲ့ချိန် တိုက်ခိုက်မှုဖြစ်ပွားခဲ့တာပါ။
အမည်မသိတိုက်ခိုက်သူတွေက နေအိမ်ခြံဝင်းဂိတ်တွေကို ကားနဲ့ဝင်တိုက်ပြီး အဲဒီကားကို မီးရှို့ချိန် မြို့တော်ဝန်ရဲ့ဇနီးသည်နဲ့ ကလေးတွေ အိမ်ထဲမှာ အိပ်နေချိန်ဖြစ်ပါတယ်။
သူ့ဇနီးနဲ့ ကလေးတွေ ထွက်ပြေးဖို့ ကြိုးစားချိန်မှာ မီးရှုးမီးပန်းတွေ ထိမှန်ခဲ့တာကြောင့် ဇနီးသည်ရော၊ ကလေးတစ်ယောက်ပါ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
''သူရဲဘောကြောင်ကြောင်လုပ်ရပ်နဲ့ လူသတ်ဖို့ကြိုးပမ်းမှု''လို့ မြို့တော်ဝန်က ဒီတိုက်ခိုက်မှုကို ရှုတ်ချပြောဆိုပါတယ်။
ရဲတပ်ဖွဲ့ကတော့ စုံစမ်းစစ်ဆေးမှု စတင်နေပြီဖြစ်ပါတယ်။
တညလုံးမှာ လူ ၇၁၉ ဦးကို ဖမ်းဆီး
အယ်ဂျီးရီးယားနဲ့ မော်ရိုကိုနွယ်ဖွား ပြင်သစ်နိုင်ငံသားလူငယ် နာအဲလ် အမ်(မ)ကို ရဲက ပစ်ခတ်လို့သေဆုံးခဲ့ပြီးတဲ့နောက်ပေါ်ပေါက်လာတဲ့ ဆန္ဒပြမှု ၅ ရက်မြောက်ညဖြစ်တဲ့ မနေ့ညမှာ ဖမ်းဆီးမှုပေါင်း ၇၁၉ ခုအထိပြုလုပ်ထားတယ်လို့ ပြင်သစ် အာဏာပိုင်တွေက ပြောပါတယ်။
ဒါပေမဲ့ ဒီဖမ်းဆီးမှုဟာ အရင်ညတုန်းကထက် နည်းပါးတာကြောင့် ပြင်သစ်ပြည်ထဲရေးဝန်ကြီး Gérald Darmanin ကတော့ ပိုမိုတည်ငြိမ်လာတဲ့အနေအထားလို့ ပြောပါတယ်။
ရဲအရာရှိ ၄၅ ဦး ထိခိုက်ဒဏ်ရာရခဲ့သလို ဆန္ဒပြသူတွေက မီးရှို့မှု ၈၀၀ ကျော် ပြုလုပ်ထားတယ်လို့လည်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
နိုင်ငံတဝန်းမှာ ရဲ ၄၅၀၀၀ နီးပါးကို ဖြန့်ကြက်ခဲ့ပါတယ်။
နာအဲလ် အမ်(မ)စျာပနနဲ့ ငြိမ်းချမ်းသွားဖို့ ဆုတောင်းနေကြ
ရဲပစ်ခတ်လို့သေဆုံးခဲ့တဲ့ အသက် ၁၇ နှစ်အရွယ် လူငယ် နာအဲလ် အမ်(မ)နေထိုင်ရာ နာတဲလ်အရပ်မှာတော့ စနေနေ့တုန်းက စျာပနပွဲတက်ဖို့ စောင့်နေသူ လူအနည်းနဲ့ တိတ်တဆိတ်ရှိနေခဲ့တယ်လို့ အဲဒီမှာသတင်းယူခဲ့တဲ့ ဘီဘီစီသတင်းထောက်ကပြောပါတယ်။
စကားနဲ့ထုတ်မပြောတဲ့ တင်းမာမှု အခြေအနေတွေကိုလည်း မြင်ခဲ့ရပြီး အသုဘရှုလာသူတွေအနေနဲ့ ဖုန်းနဲ့ဓာတ်ပုံရိုက်တာလည်း ခွင့်မပြုခဲ့ပါဘူး။
တဖက်မှာတော့ မာဆေးနဲ့ လိုင်ယွန်လို ပြင်သစ်နိုင်ငံတောင်ပိုင်းက မြို့ကြီးတွေမှာ ညလုံးပေါက် အဓိကရုဏ်းတွေဆက်ဖြစ်ခဲ့သလို ရဲစခန်းအချို့လည်း တိုက်ခိုက်ခံခဲ့ရတယ်လို့ ပြင်သစ်အစိုးရက ပြောပါတယ်။
အဓိကရုဏ်းလှိုင်းစတင်ရိုက်ခတ်ရာ နာတဲလ်အရပ်မှာတော့ ရဲတပ်ဖွဲ့ကို ပစ်မှတ်ထားတဲ့ ယာဥ်တွေကို မီးရှို့မှုတွေနဲ့ မီးရှုးမီးပန်းပစ်ဖောက်တာတွေနဲ့ပြည့်နေခဲ့ပါတယ်။
နေ့မှာ နာအဲလ်အတွက် ဆုတောင်းတာတွေပြည့်နေခဲ့ပေမဲ့ ညမှာတော့ တရားမျှတမှုအတွက် ဆန္ဒပြတောင်းဆိုတာတွေရှိခဲ့ပါတယ်။
ဒါပေမဲ့ လူထုကြားမှာတော့ ဒီအဓိကရုဏ်းတွေငြိမ်းချမ်းဖို့ ဆုတောင်းတာတွေလည်းရှိနေပါတယ်။
ပြင်သစ်ရဲတပ်ဖွဲ့မှာ လူမျိုးရေးခွဲခြားမှုရှိနေလား
ပြင်သစ်နိုင်ငံတဝန်းမှာ အခုတစ်ကြိမ်ဖြစ်ပွားတဲ့အဓိကရုဏ်းတွေရဲ့အရင်းခံမေးခွန်းက ''ပြင်သစ်ရဲတွေ လူမျိုးရေးခွဲခြားလား''ဆိုတဲ့မေးခွန်းဖြစ်တယ်လို့ ပါရီမြို့က ဘီဘီစီသတင်းထောက်က ပြောပါတယ်။
လမ်းပေါ်တက် ဆန္ဒပြကြသူတွေကတော့ ရဲတွေမှာ လူမျိုးရေးခွဲခြားမှုရှိနေတယ်လို့ ယူဆကြပါတယ်။ နာတဲလ် အရပ်က လူနည်းစုအသိုင်းအဝိုင်းအပြင် ဘီဘီစီနဲ့ စကားပြောဆိုဖြစ်တဲ့သူတွေကလည်း အလားတူခံစားချက်ရှိတယ်လို့ သူကပြောပါတယ်။
နာတဲလ်အရပ်က အယ်ဂျီးရီးယားနဲ့ မော်ရိုကိုနွယ်ဖွား ပြင်သစ်နိုင်ငံသားလူငယ် အသက် ၁၇ နှစ်အရွယ် နာအဲလ် အမ်(မ)ကို ရဲက ပစ်ခတ်လို့ သေဆုံးမှုဖြစ်ပြီးတဲ့နောက် ဆန္ဒပြမှုတွေ ပေါ်ပေါက်လာတာကြောင့် လူတစ်ဦးတစ်ယောက်ချင်းရဲ့အမူအကျင့်အတိုင်းမဟုတ်ဘဲ လူမျိုးရေးကို အခြေခံပြီး ထင်မြင်ယူသုံးသပ်တဲ့ရဲလုပ်ငန်းစဥ်အပေါ် စိုးရိမ်ချက်တွေ ပိုနက်ရှိုင်းလာတာပါ။
သောကြာနေ့တုန်းကတော့ ကုလသမဂ္ဂက ပြင်သစ်နိုင်ငံအနေနဲ့''ဥပဒေစိုးမိုးရေးကျင့်သုံးဖော်ဆောင်သူတွေကြား လူမျိုးရေးခွဲခြားမှုနဲ့ နှိမ်ချဆက်ဆံမှုပြဿနာ နက်နက်ရှိုင်းရှိုင်းဖြစ်ပွားနေတာကို အထူးအလေးထားဖြေရှင်း''ဖို့ တိုက်တွန်းလိုက်ပါတယ်။
ပြင်သစ်အစိုးရကတော့ ဒါဟာ အခြေအမြစ်မရှိတဲ့စွပ်စွဲချက်တွေဆိုပြီး တုံ့ပြန်ပါတယ်။
ဒါပေမဲ့ ဆန္ဒပြသူတွေဘက်ကတော့ အစိုးရဘက်က ဒီလိုပြောဆိုတာကပဲ ပြဿနာလို့ဆိုကြပါတယ်။
တဖက်မှာလည်း စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဆိုင်ရှင်တွေ တည်တည်ငြိမ်ငြိမ်အခြေအနေအောက်မှာ ရုန်းရန်လှုပ်ရှားနေကြရသူတွေအတွက်တော့ ဆန္ဒပြမှုကြောင့်ပေါ်လာတဲ့ ထိခိုက်ပျက်စီးမှုတွေ၊ ကမောက်ကမဖြစ်မှုတွေရဲ့ နောက်ဆက်တွဲ ဒဏ်ကို ခံစားနေကြရပြီး အဓိကရုဏ်းကို အဆုံးသတ်စေချင်နေကြပါတယ်။