ချောင်းဦးက ကျေးရွာ ၂ရွာမှာ နေအိမ် ၂၀၀ကျော်မီးရှို့ခံရ

ရေးသားခဲ့သည်။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ်တွေကစစ်ကြောင်းထိုးဝင်ရောက်ပြီးရွာလုံးကျွတ်နီးပါး မီးရှို့ခဲ့လို့ နေအိမ် ရာချီမီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောလာပါတယ်။

နေအိမ်တွေမီးလောင်သလို သေနတ်ပစ်ခံရလို့ ဒေသခံအမျိုးသား၂ဦးလည်း‌သေဆုံးတယ်လို့ ဆိုပါတယ်။

မီးရှို့ခံရတဲ့ရွာတွေက‌ ချောင်းဦးမြို့နယ်ထဲက မထိသာကျေးရွာ နဲ့ ငါးလုံးတင်ကျေးရွာတို့ဖြစ်ပြီး ၂ရွာပေါင်း အိမ်ခြေ၂၀၀ကျော် မီးလောင်ခဲ့တယ်လို့ဆိုပါတယ်။

မှန်ချိုကျေးရွာကတော့ စစ်ကြောင်းထိုးခံရပြီး သေနတ်နဲ့ပစ်ခတ် တာတွေရှိခဲ့တယ်လို့ ပြောပါတယ်။

''စစ်ကြောင်းကငါးလုံးတင်ကို တန်းသွားပြီး အရင်ရှို့တာ ပြီးတော့ မထိသာကိုထပ်သွားတယ်ရှို့တယ်။ တနေ့လုံးတညလုံး‌ရှို့ခံရပြီးလောင်ကုန်တာ။ မထိသာမှာကသေနတ် တွေနဲ့ ပစ်လို့ ယောက်ကျားလေး ၂ယောက်သေတယ်'' လို့ ဒေသခံတစ်ဦးကပြောပြပါတယ်။

လက်ရှိမှာတော့ ‌စစ်ကြောင်းကမရှိတော့ပေမဲ့အဲဒီရွာတွေက ဒေသခံ ထောင်ချီဟာ ထွက်ပြေးနေကြသလို ပြန်ရင်လည်းနေစရာအိမ်လည်းမရှိတော့တဲ့အခြေအနေဖြစ်လို့ အခက်အခဲတွေရှိနေကြတယ်လို့ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ မီးရှို့တာတွေကိုသူတို့လုပ်ဆောင်တာမဟုတ်ဘူးလို့တောက်လျှောက်ငြင်းဆိုထားတာပါ။

ရေနံတင်သင်္ဘောနစ်မြုပ်မှုမှာ မြန်မာလူမျိုးအရာရှိတစ်ဦးသေဆုံး

ထိုင်ဝမ်ရေလက်ကြားမှာ မနေ့အောက်တိုဘာ၁၅ရက်ကနစ်မြုပ်ခဲ့တဲ့ရေနံတင်သင်္ဘော KELSEY 2ပေါ်မှာ သင်္ဘောပေါ်ပါ အမှုထမ်း ၂၀ ထဲက ၁ ဦးသေဆုံးတယ်လို့ ထိုင်းအခြေစိုက် Maritime Bulletin သတင်းကဖော်ပြပါတယ်။

သင်္ဘော ကုမ္ပဏီဖြစ်တဲ့ Wooshin Marineကလည်း ထိုင်ဝမ်ပိုင် ဝူကျူကျွန်းရဲ့ တောင်ဘက် ရေမိုင် ၂၅ မိုင်လောက် အကွာမှာနစ်မြုပ်ကြောင်း‌ဖော်ပြထားပါတယ်။

မြန်မာသင်္ဘောသားအသိုင်းအဝိုင်းကတော့ အသက်ဆုံးရှုံးခဲ့သူတစ်ဦးဟာမြန်မာနိုင်ငံသားသင်္ဘောသားအရာရှိ Chief Officer ကိုတင်မောင်ဦး ဆိုသူဖြစ်တယ်လို့အတည်ပြုထားကြသလို Myanmar Seaman Union ကလည်းဝမ်းနည်းကြောင်းရေးသားထားပါတယ်။

အဲဒီရေနံတင်သင်္ဘောဟာ ရေနံနဲ့ဓာတုစုစုပေါင်း တန်ချိန် ၇၅၀၀ တင်ဆောင်လာပြီးဟောင်ကောင် ကနေ ဂွန်ဆန်ကိုရီးယားကို သွားတာဖြစ်ပါတယ်။

အောက်တိုဘာ ၁၄ ရက်ကတည်းက စက်ပိုင်းဆိုင်ရာပြဿနာ ရှိလို့ အရှိန်လျှော့ထားရာကနေအင်ဂျင်ခန်း ရေဝင်ပြီး နစ်မြုပ်ခဲ့တာလို့ ကနဦးဆန်းစစ်ချက်တွေကဆိုပါတယ်။

လက်ယက်ကုန်းရွာတိုက်ခိုက်အပြီး ယာဥ်မောင်းဖို့ ခေါ်ဆောင်ခံရတဲ့ ဒေသခံ ၂ ဦး ပြန်လွတ်

စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုခံခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာက ဖမ်းဆီးခံ ပြည်သူတွေထဲက ယာဥ်မောင်းဖို့ခေါ်ဆောင်ခံသွားရဒေသခံအမျိုးသား ၂ ဦးဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ပြန်လည်လွတ်မြောက်လာတယ်လို့ ဒီပဲယင်းမြို့နယ် ဒေသခံတွေကပြောပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံ ဒဏ်ရာရကလေးတွေရဲ့ မိဘတွေကလည်း ‌‌‌သူတို့ရဲ့ ကလေးတွေကို ရေဦးတိုင်းရင်းဆေးရုံမှာလိုက်တွေ့ခွင့် ရခဲ့တယ်လို့ဆိုပါတယ်။

''ကားဆရာ ၂ယောက်ကပြန်လွတ်လာတော့ မိဘတွေက သူတို့က‌လေးတွေကိုသွားကြည့်ချင်ကြတယ်။ အမေတွေချည်းပဲစုသွားကြတာ၊ ခဏပဲတွေ့ခွင့်ရတယ်။ ပြန်လာရတယ်။ ကလေး၅ယောက်တွေ့ခွင့်ရခဲ့တာပေါ့။ ကျန်တဲ့ကလေး ၂ယောက်မှာ ၁ယောက်ကမုံရွာနမခမှာကုပေးနေတယ်ပြောတယ်။ နောက် ၁‌ယောက်က ဒဏ်ရာပြင်းလို့ရန်ကုန်ကိုပါသွားတယ်ပြောတယ်'' လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်က စစ်ကောင်စီက လေယာဉ်နဲ့ လက်ယက်ကုန်းကျေးရွာကို တစ်နာရီနီးပါး လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ပြီး အဲဒီပစ်ခတ်မှု ဖြစ်စဉ်မှာဒဏ်ရာရ ကလေးငယ်တွေ ၊ဆရာ၊ ဆရာမတွေနဲ့ဒေသခံ အပါအဝင် စုစုပေါင်း ၁၇ ဦး ဖမ်းဆီးခံခဲ့ရတာပါ။

ယာဥ်မောင်းဖို့ခေါ်ဆောင်သွားခံရတဲ့ အမျိုးသား၂ဦး လွတ်မြောက်လာပြီဖြစ်ပေမဲ့ လက်ရှိမှာတော့ ကလေး ၇ဦးက ဆေးကုမှုခံယူနေရင်းထိန်းသိမ်းခံထားရသလို ဆရာ၊ဆရာမ ၈ ဦးကလည်း ဖမ်းဆီးခံထားရဆဲ အခြေအနေလို့ပြောပါတယ်။

စက်တင်ဘာ ၁၆ရက်မှာဖြစ်ခဲ့တဲ့ လက်ယက်ကုန်းရွာကိုလေကြောင်းနဲ့တိုက်ခိုက်တဲ့ဖြစ်စဉ်မှာမြေပြင်မှာတင် ကလေးငယ် ၇ ဦးအထိ သေဆုံးခဲ့တယ်လို့ ကနဦးသိထားရသလို ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြည်တွင်းရော နိုင်ငံတကာကပါ စစ်ကောင်စီကို အပြင်းအထန်ရှုတ်ချထားကြပါတယ်။

စစ်ကောင်စီဘက်ကတော့ ဒါဟာ ကာကွယ်ရေးအဖွဲ့တွေရှိတယ်လို့ သတင်းရတာကြောင့်တိုက်ခိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ထားပြီး ကာကွယ်ရေးအဖွဲ့တွေက ကလေးငယ်တွေကိုလူသားဒိုင်းအဖြစ်အသုံးပြုခဲ့တာလို့ စွပ်စွဲထားတာပါ။

ပြည်ကြီးတံခွန်သပိတ်ဆရာတော် သီတင်းသုံးခဲ့တဲ့ကျောင်း ၃ ကြိမ်မြောက် စီးနင်းရှာဖွေခံရ

မန္တလေးမြို့၊ ပြည်ကြီးတံခွန်သပိတ်အင်အားစု ဦးဆောင်ဆရာတော် သီတင်းသုံးခဲ့တဲ့ စိတ္တသုခ ပတ္တမြားကျောင်းတိုက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မနေ့အောက်တိုဘာလ ၁၅ ရက် ညနက်ပိုင်းမှာ ဝင်ရောက် စီးနင်းရှာဖွေမှုလုပ်ခဲ့တယ်လို့ နီးစပ်သူတွေကပြောပါတယ်။

၅၁ လမ်း၊ ၁၂၉-၁၃၀ လမ်းကြားမှာရှိတဲ့အဲဒီကျောင်းတိုက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အိမ်စီးကား ၉ စီး၊ လက်နက်အင်အားအပြည့်အစုံနဲ့ ဝင်ရောက် မွှေနှောက်ရှာဖွေသွားတယ်လို့ ပြည်ကြီးတံခွန်သပိတ်အင်အားစု-မန္တလေး ကလည်း သတင်းထုတ်ပြန်ပါတယ်။

သတင်းအရလို့ဆိုကာ ဝင်ရောက်ရှာဖွေတဲ့ အဲဒီ စီးနင်းမှုအတွင်း လူငယ် ၂ ဦးလည်း ထိုးနှက်ခဲ့တာကြောင့် တစ်ဦးကို ဆေးရုံတင်ထားရတယ်လို့ အဲဒီအဖွဲ့က ပြောပါတယ်။

အခုတစ်ကြိမ်ဟာ စစ်ကောင်စီတပ်က အဲဒီကျောင်းတိုက်ကို သုံးကြိမ်မြောက်ရှာဖွေမှုဖြစ်ပြီး ဆရာတော်ကတော့ ဘေးကင်းတယ်လို့လည်း အဲဒီအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

မန္တလေးမြို့ ၊ ‌‌ဒေါနခြံအရပ်က မိုင်တဲတာဝါတိုင် ထပ်မံဗုံးပစ်ခံရ

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သံလျှပ်မှော်တောင်ရပ်ကွက်၊ ဒေါနခြံရပ်မှာရှိတဲ့ မိုင်တဲတာဝါတိုင်ကို မနေ့ အောက်တိုဘာလ ၁၅ ရက်ညပိုင်းတုန်းက ဗုံးပစ်မှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

 ဒေါနခြံရပ်၊ ၈၆ လမ်းပေါ်က အဲဒီတာဝါတိုင် ဗုံးပစ်ခံရမှုကြောင့် ပေါက်ကွဲချိန်အနီးနားမှာရှိတဲ့ အမျိုးသမီး ၂ ဦးလည်း ဗုံးစမှန်ပြီး မစိုးရိမ် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

 ‘‘လူနေအိမ်တွေက ၈၆ လမ်းပေါ်ရှိတာ။ တာဝါတိုင်က အိမ်တွေရဲ့အနောက်ပိုင်းမှာ ရှိတာဆိုတော့ အဲဒီလို ပေါက်ကွဲချိန်မှာ ဒဏ်ရာရခဲ့တာ။ အခုတော့ မန္တလေးဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရတယ်’’ ဆိုပြီး ဒေသခံတစ်ဦးက ပြောပါတယ်။

 အဲဒီဖြစ်စဥ်ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက်စစ်ဆေးတာရှိသလို ဒီနေ့ အောက်တိုဘာလ ၁၆ ရက်မနက်ပိုင်းမှာလည်း စစ်ကောင်စီတပ်က မိုင်တဲတာဝါတိုင်အနီး ၈၆ လမ်းပေါ်မှာ စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 မန္တလေးအခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့ကတော့ အဲဒီတာဝါတိုင်ကို သူတို့တိုက်ခိုက်ခဲ့တာဖြစ်ပြီး တာဝါတိုင်အနီးက စစ်ကောင်စီတပ်သားတွေကို ပစ်မှတ်ထားတာလို့ သတင်းထုတ်ပြန်ပါတယ်။

အဲဒီတာဝါတိုင်ဟာ ပြီးခဲ့တဲ့ မတ်လတုန်းကလည်း အလားတူတိုက်ခိုက်ခံခဲ့ရပါသေးတယ်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အားလုံးနဲ့တွေ့ဆုံဆွေးနွေးဖို့ စစ်ကောင်စီကို မွန်ပြည်သစ်ပါတီတိုက်တွန်း

နိုင်ငံတွင်းက အကျပ်အတည်း ပဋိပက္ခတွေ ဖြေရှင်းနိုင်ဖို့ နဲ့ ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်တွေဆုံးရှုံးမှုဆက်လက်မဖြစ်ပေါ်စေဖို့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါဝင်သင့် ပါဝင်ထိုက်တဲ့သက်ဆိုင်ရာလူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေအားလုံးနဲ့တွေ့ဆုံဆွေးနွေးဖို့ လိုအပ်ကြောင်း စစ်ကောင်စီကို တိုက်တွန်းခဲ့တယ်လို့မွန်ပြည်သစ်ပါတီက မနေ့အောက်တိုဘာ ၁၅ရက်ကထုတ်ပြန်ပါတယ်။

မွန်ပြည်သစ်ပါတီဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ရက်ကနေ ၁၄ရက်နေ့အထိ ၃ရက်တာ စစ်ကောင်စီငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ တွေ့ဆုံပြီးနောက် ထုတ်ပြန်လာတဲ့ သူတို့ရဲ့ ကြေညာချက်မှာ အဲဒီလိုထည့်ပြောထားတာပါ။

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းကို ကြိုတင်ကန့်သတ်ချက်မထားဘဲ တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်သလို အခြားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ဆန့်ကျင်ဘက်အဖွဲ့အစည်းကိုလည်း တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်စေလိုကြောင်း စစ်ကောင်စီကိုတိုက်တွန်းခဲ့တယ်လို့ ဖော်ပြပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ နဲ့တွေ့ဆုံချိန်မှာ တိုင်းပြည်မှာ လိုအပ်နေတဲ့ ငြိမ်းချမ်းရေးအမြန်ဆုံးရနိုင်ဖို့ မြန်မာ့တပ်မတော်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၊ တိုင်းရင်းသားနိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့ လိုကြောင်း အကြံပြုတိုက်တွန်းခဲ့တယ်လို့ လည်း ဆိုပါတယ်။

လက်ရှိမှာ မွန်ပြည်သစ်ပါတီဟာ စစ်ကောင်စီငြိမ်းချမ်းရေးအဖွဲ့နဲ့ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား (၁) ပြည်ထောင်စုစာရင်းပြုစာရင်းနဲ့ ဇယား (၂) တိုင်းဒေသကြီး/ပြည်နယ် ဥပဒေပြုစာရင်း နဲ့အတူ (၉) ကြိမ်မြောက် JICM ဆုံးဖြတ်ချက်ပါ ဆက်လက်ညှိနှိုင်းဆွေးနွေးရမယ့် ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်တွေနဲ့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁၊၂၊၃) တို့ပါ သဘောတူညီမှုတွေကို တည်ဆဲဥပဒေတွေနဲ့ ကိုက်ညီမှု ရှိ၊ မရှိ စတာတွေကိုဆွေးနွေးထားတယ်လို့ထုတ်ပြန်ထားပါတယ်။ ဆွေးနွေးချက်တွေထဲ မရှင်းလင်းတာတွေကိုပြန်လည်မေးမြန်းဖို့နဲ့ ပါတီတွင်း အသေးစိတ်ဆွေးနွေးပြင်ဆင်ဖို့ လိုအပ်နေတဲ့အတွက် စစ်ကောင်စီနဲ့ ဆက်လက် တွေ့ဆုံဆွေးနွေးသွားဖို့လည်း သဘောတူ လက်မှတ်ရေးထိုးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီနဲ့တွေ့ဆုံဆွေးနွေးလို့ဆိုပြီး လကမွန်အဖွဲ့အစည်းတွေနဲ့ မွန်လူငယ်တွေက မွန်ပြည်သစ်ပါတီကို ကန့်ကွက်နေတာဖြစ်ပါတယ်။ မွန်ပြည်သစ်ပါတီကတော့ နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဖို့အတွက် အစိုးရအဆက်ဆက်နဲ့ တွေ့ဆုံဆွေးနွေးထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

မြဝတီ-မဲဆောက် အမှတ် ၁ ချစ်ကြည်ရေးတံတားအနီးပေါက်ကွဲမှု အပျက်အစီးတွေကို ရှင်းလင်း

ကရင်ပြည်နယ်၊ မြဝတီမြို့နဲ့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကို ဆက်ထားတဲ့ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ် ၁ အနီးမှာ မနေ့ အောက်တိုဘာလ ၁၆ ရက် ညပိုင်းတုန်းကဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုမှာ အပျက်အစီးတွေကို ရှင်းလင်းနေပြီလို့ သိရပါတယ်။

ပေါက်ကွဲမှုမှာ အနီးနားက နေအိမ် ၄ လုံးထက်နည်း ထိခိုက်ပျက်စီးမှုရှိခဲ့သလို  ကား ၃ စီးနဲ့ ဆိုင်ကယ် ၂ စီးထက်မနည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

‘‘ပေါက်တဲ့နေရာအနီး နေအိမ်ကဆိုရင် အောက်ထပ်တစ်ခုလုံးနီးပါးပျက်စီးတယ်။ ဆိုင်ကယ် ၂ စီးနဲ့ ကွန်ပြူတာ ပျက်တယ်။ အခုမနက်တော့ ရှင်းလင်းရေးလုပ်နေပြီ။ ရှင်းလင်းရေးကလည်း ကိုယ့်ဘာသာလုပ်ကြရတာပါ’’ လို့ ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့နေရာအနီးမှာနေထိုင်သူတစ်ဦးက ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်တဲ့နေရာအနီး နေအိမ်ထဲက အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာဟာ တံတားခြေရင်းက နယ်စပ်ဖြတ်ကူးစခန်း မုခ်ဦး ဘေးက လူနေတိုက်ခန်းနဲ့ စျေးဆိုင်တချို့ရှိရာ လမ်းကျဥ်းထဲမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အဲဒီမုခ်ဦးမှာ ပြီးခဲ့တဲ့ဧပြီလတုန်းကလည်း ပေါက်ကွဲမှုဖြစ်ခဲ့တာကြောင့် အနီးနားက အဆောက်အအုံတွေ ပျက်စီးမှုဖြစ်ခဲ့ပါတယ်။

မြန်မာနယ်စပ်မှာ မဏိပူရ်ပြည်နယ်အစိုးရက ရဲကင်းစခန်း၃၀ကျော်တည်ဆောက်နေ

မဏိပူရ်ပြည်နယ်အစိုးရကတည်ဆောက်နေတယ်လို့ အိန္ဒိယကလာတဲ့သတင်းတွေကဖော်ပြပါတယ်။ မဏိပူရပြည်နယ်ဟာ မြန်မာနိုင်ငံ နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အယူနာပရာဒက်ရှ်၊နာဂလန်း နဲ့ မီဇိုရမ် တို့လိုဖြစ်ပြီးအိန္ဒိယရဲ့ အရှေ့မြောက်ပြည်နယ် လေးခုမှာပါဝင်တာပါ။

အဲဒီဒေသတွေကို မြန်မာနိုင်ငံ ၊ချင်းပြည်နယ်က စစ်ဘေး‌ရှောင်ဒုက္ခသည် သောင်းချီဟာအာဏာသိမ်းပြီးနောက် ချင်းပြည်နယ်အတွင်းစစ်ရေးတင်းမာမှုတွေနဲ့တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံရဲ့ နယ်စပ်မြို့တွေကိုဝင်ရောက်နေထိုင်ကြရတာပါ။

မြန်မာနိုင်ငံ နယ်စပ်ကတစ်ဆင့် ဝင်ရောက်လာတဲ့ မှောင်ခိုလုပ်ငန်းတွေကိုစစ်ဆေးဖို့အတွက် အဓိကရည်ရွယ်တယ်ဆိုတဲ့ ဒီရဲကင်းစခန်းတွေဟာ ၂၀၂၁ ခုနှစ် စစ် အာဏာသိမ်းပြီး နောက်ပိုင်း မြန်မာနိုင်ငံက ဒုက္ခသည်တွေ မဏိပူရဘက်ကိုခိုလှုံကြတဲ့နောက်ဖြစ်လာတာဆိုတဲ့ သုံးသပ်ချက်တွေလည်းရှိနေပါတယ်။ လက်ရှိမှာလည်း မဏိပူရပြည်နယ်လွှတ်တော်ဟာ တရားမဝင်နေထိုင်တဲ့နိုင်ငံခြားသားတွေကို ရှာဖွေဖော်ထုတ်ဖို့နဲ့ ဖယ်ရှားဖို့မှာ အထောက်အကူဖြစ်စေမယ့် “နိုင်ငံသားများ မှတ်ပုံတင်ခြင်းကို ကျင့်သုံးရန်” ပြီးခဲ့တဲ့ သြဂုတ်လကဆုံးဖြတ်ထားတာပါ။

မြန်မာနဲ့ထိစပ်နေတဲ့ နောက်ထပ် ပြည်နယ်တခုဖြစ်တဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာတော့ ပြည်နယ်စိုးရက မြန်မာစစ်ရှောင်ပေါင်း သောင်းချီကိုခိုလှုံခွင့် ပေးထားပြီးကလေးငယ် ထောင်ချီကိုလည်းကျောင်းတက်ခွင့်ပေးထားတယ်လို့ စစ်ရှောင်အရေးဆောင်ရွက်သူတွေကပြောပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့လအတွင်း မူးယစ်ဆေးဝါးနဲ့လူသတ်မှုတွေဖြစ်ခဲ့လို့ စည်းကမ်းတားမြစ်ချက်တွေထုတ်ပြီး စိစစ်နေတာလည်းဖြစ်ပါတယ်။