တရုတ်မှာ ကျောင်းဘော်လီဘော အားကစားရုံခေါင်မိုး ပြိုကျမှု ၁၁ ဦးသေဆုံး

ရေးသားခဲ့သည်။

တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းမှာ မိုးသည်းချိန် အလယ်တန်းကျောင်းတစ်ကျောင်းရဲ့ အားကစားရုံ‌ခေါင်မိုး ပြိုကျမှုဖြစ်ခဲ့တာကြောင့် အနည်းဆုံး လူ ၁၁ ဦးသေဆုံးတယ်လို့ တရုတ်နိုင်ငံပိုင်မီဒီယာတွေက သတင်းဖော်ပြပါတယ်။

အဲဒီအားကစားရုံကို ကျောင်းရဲ့အမျိုးသမီးဘောလီဘောကွင်းအဖြစ်အသုံးပြုနေချိန် ခေါင်မိုးပြိုကျမှုဖြစ်ခဲ့တာပါ။

ကျောင်းအားကစားရုံခေါင်မိုးပြိုကျချိန် အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူ ၁၉ ဦးအထိရှိနေတယ်လို့ တရုတ်အာဏာပိုင်တွေက ပြောပါတယ်။

မျက်မြင်တွေအပြောအရ ပြိုကျမှုမှာ သေဆုံးသူတွေနဲ့ ပိတ်မိနေသူအများစုဟာ ကလေးတွေဖြစ်တယ်လို့ မီဒီယာတွေက ဖော်ပြနေပေမဲ့ အာဏာပိုင်တွေဘက်ကတော့ တစုံတရာပြောထားတာမရှိသေးပါဘူး။

ခေးလောင်ကျန်းပြည်နယ်၊ ချီးကျီခါမြို့မှာဖြစ်ပွားတဲ့ဒီဖြစ်ရပ်ကြောင့် ပြိုကျအဆောက်အအုံနဲ့တာဝန်ရှိသူတစ်ဦးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းထားတယ်လို့ သိရပါတယ်။

အသက်ဘေးကနေ ထွက်ပြေးလွတ်မြောက်သူ ၄ ဦးရှိပြီး အပျက်အစီးတွေကြားထဲကနေ လူ ၁၅ ဦးကို ဆွဲထုတ်နိုင်ခဲ့ပေမဲ့ ၄ ဦးသာ အသက်ရှင်လျက် ကယ်ဆယ်ထားနိုင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

မိုးသည်းထန်စွာရွာခဲ့တာကြောင့် အဆောက်အအုံအမိုးအဖြစ် အုပ်မိုးထားတဲ့ ကျောက်ပွကျောက်ချပ်တွေ ရေနူးပြီး တနင်္ဂနွေနေ့ ညနေနှောင်းပိုင်းမှာပြိုကျခဲ့တာလို့ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေက အပျက်အစီးအောက်မှာပိတ်မိနေသူတွေကို ရှာဖွေရေးလုပ်နေချိန်မှာ အမျိုးသမီးဘောလုံးအသင်းနည်းပြက အသင်းသူတွေရဲ့နာမည်တွေကို အော်ခေါ်နေတာကိုလည်း ကြားနေရတယ်လို့ တရုတ်အမျိုးသားရေဒီယို(CNR) က သတင်းဖော်ပြပါတယ်။

ခေါင်မိုးပြိုကျမှုဟာ တနင်္ဂနွေနေ့ညနေပိုင်းကတည်းကဖြစ်ပေမဲ့ တနင်္လာနေ့အထိ ကယ်ဆယ်ရေးဆက်လုပ်နေချိန် ကူညီရေးလုပ်ငန်းတွေမှာ အချိတ်အဆက်ကောင်းမွန်မှုမရှိတဲ့အပေါ် ကျောင်းသားမိဘတွေက အာဏာပိုင်တွေကို မေးခွန်းထုတ်နေကြပါတယ်။

''ကျွန်တော့်သမီးလေး ပါသွားတယ်ဆိုတာပဲ အကြောင်းကြားလာတယ်။ သမီးလေးမျက်နှာကို ကျွန်တော်တို့ မမြင်လိုက်ရဘူး။ ဆေးရုံပို့လိုက်ချိန်မှာ ကလေးတွေအကုန်လုံး မျက်နှာတွေမှာ ရွှံ့တွေ၊ သွေးတွေ ဖုံးနေတယ်။ ကိုယ့်ကလေး ဟုတ်မဟုတ် ဆိုတာကို အတည်ပြုနိုင်အောင် ကြည့်ခွင့်ပေးပါလို့ ကျွန်တော်တောင်းဆိုတာ။ ကျွန်တော့်ကလေး မဟုတ်ရင် ဘယ်လိုလုပ်မလဲ'' လို့ အမျိုးသားတစ်ယောက်က မေးခွန်းထုတ်ထားတဲ့ရုပ်သံတစ်ခုလည်း လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေပါတယ်။

''ကလေးတွေကို ဆေးရုံပို့ပြီး လေး၊ ငါးနာရီကြာတဲ့အထိ(အာဏာပိုင်တွေ) ဘာလုပ်နေကြတာလဲ။ ... ဆရာဝန်တွေကလည်း ကယ်ဆယ်ရေးဘယ်လိုအခြေအနေရှိပြီလဲဆိုတာ ကျွန်တော်တို့ကို ရှင်းမပြဘူး'' လို့ အဲဒီအမျိုးသားက ပြောပါတယ်။

''အိမ်မှာ သက်ကြီးရွယ်အိုတွေရှိတယ်။ ဒီလူတွေကို (စိတ်ပိုင်းဆိုင်ရာ) အဆင်ပြေအောင် အခုသတင်းပြောဖို့ ကျွန်တော်တို့ ပြင်ဆင်ရမယ်။ ဒီမှာ ဆရာဝန်တွေရော၊ ရဲတွေရော၊ အာဏာပိုင်တွေရောရှိတယ်။ ဒါပေမဲ့ အဲဒီလူတွေဆီက ဘာသတင်းမှ ကျွန်တော်တို့ မကြားရဘူး''လို့လည်း သူက ဆက်ပြောပါတယ်။