ဖေဖော်ဝါရီ ၂၉ ရက် ထိပ်တန်းသတင်းများ - ဖေဖော်ဝါရီလတစ်လအတွင်း ထိုင်းဘက်တရားမဝင်ခိုးဝင်သူ မြန်မာနိုင်ငံသား(၄၀၀)ဝန်းကျင်ဖမ်းဆီးခံရ

ရေးသားခဲ့သည်။

ထိုင်း-မြန်မာ နယ်စပ်တွေကနေ တရားမဝင်ဖြတ်ကျော်ဝင်ရောက်လို့ ဖေဖော်ဝါရီလအတွင်း ဖမ်းဆီးခံရသူ ၄၀၀ ဝန်းကျင်ရှိတယ်လို့ ထိုင်း - မြန်မာနယ်စပ်က မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)ရဲ့ ဥက္ကဋ္ဌ ဦးမိုးကြိုးကပြောပါတယ်။

“တရားမဝင်ဝင်လာလို့ဖမ်းခံထိတာက တစ်လ နဲ့ တစ်လဖမ်းခံထိတဲ့ အရေအတွက်ကတော့မတူဘူး။ စစ်မှုထမ်းဥပဒေအသက်မဝင်ခင်ကထက်တော့များလာတယ်” လို့ ဦးမိုးကြိုးကပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ တာ့ခ်ခရိုင်၊ ကန်ချနဘူရီခရိုင်၊ ချင်းမိုင်ခရိုင်၊ ချင်းရိုင်ခရိုင်၊ရနောင်းခရိုင်တို့အပါအဝင် ခရိုင် (၁၁)ခုလောက်ကနေ ထိုင်းနိုင်ငံထဲကိုဝင်ရောက်လာချိန်မှာ ဖမ်းဆီးခံခဲ့ရတာပါ။ နိုင်ငံထဲကထွက်လာချင်တဲ့ သူများလာတဲ့အပေါ်မှာ ထိုင်းနိုင်ငံထဲကို တရားမဝင် လမ်းကနေလာဖို့ ကုန်ကျစရိတ်တွေကလည်း အရင်ကထက် အဆများစွာတက်လာပြီး မြန်မာငွေကျပ်(၁၀)သိန်းက နေ သိန်း(၃၀)ဝန်းကျင်လောက်ထိ ပွဲစားတွေက တောင်း ယူနေကြတာဖြစ်ပါတယ်။

ဒီလိုတရားမဝင်ခိုးဝင်ရင်း ဖမ်းဆီးခံရသူတွေဟာ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုအတွက် ထောင်(၄၅)ရက်က နေ(၃)လထိချခံရမှာဖြစ်သလို ထိုင်းလူကုန်ကူး မှုဥပ‌ဒေနဲ့လည်း ထောင်ဒဏ်(၄)လကနေ (၆)လအထိ ချခံရနိုင် ပါတယ်။

ဖမ်းဆီးထားတဲ့ သတင်းထောက်နဲ့အရပ်သားတွေကို သတ်ခဲ့ကြောင်း စစ်တပ်ကဝန်ခံတယ်လို့ အေအေပြော

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ အခြေစိုက်တဲ့ ခမရ ၃၇၈ တပ်ရင်းမှာ ဖမ်းဆီးထားခဲ့တဲ့ သတင်းထောက်ဖိုးသီဟ ခေါ် မြတ်သူထွန်း၊ ကျော်ဇံဝေ ခေါ် ဖိုးလပြည့်တို့ အပါအဝင် ၇ ယောက်ကို သေနတ်နဲ့ ပစ်သတ်ခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီတပ်အရာရှိတွေရဲ့ ဝန်ခံစကားကို ရခိုင့်တပ်တော် အေအေ က ဒီကနေ့ ဖေဖော်ဝါရီ ၂၉ ရက်မှာ ရုပ်သံဖိုင်နဲ့ ထုတ်ပြန်လိုက်ပါတယ်။

သတင်းထောက်အပါအဝင် အကျဉ်းသား ၇ ယောက်ကို သတ်ဖြတ်မှုမှာ ပါဝင်ပတ်သက်တဲ့ ခမရ ၃၇၈ တပ်ရင်း ဌာနချုပ် တပ်ခွဲမှူး ဗိုလ်မှူးသိန်းထိုက်စိုး၊ ဗိုလ်ကြီးအာကာမြင့်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ခင်မောင်စိုးတို့က ဝန်ခံထားတာကို အေအေထုတ်ပြန်တဲ့ရုပ်သံဖိုင်မှာတွေ့ရပါတယ်။

ခမရ ၃၇၈ ဗိုလ်ကြီး အာကာမြင့် ရဲ့ ပြောဆိုချက်အရ တပ်ခွဲမှူး ဗိုလ်မှူးသိန်းထိုက်စိုးက ဖမ်းဆီးခံထားရပြီးနောက် ဒဏ်ရာရခဲ့တဲ့ ခမရ ၃၇၇ မှာ ဆေးကုသမှုခံယူနေတဲ့ အဲ့ဒီအကျည်းသား ၇ ယောက်ကို သတ်ဖို့အမိန့်ပေးခဲ့ကြောင်း၊ ဒါ့ကြောင့် ဗဟိုကင်းအချုပ်ခန်းထဲမှာ ဖမ်းထားတဲ့ သူတို့ ၇ ယောက်ကို မျက်နှာပုဝါနဲ့စည်း၊ လက်ထိပ်ခတ်ပြီးနောက် ဒုတပ်ကြပ်သန်းအောင်နဲ့အဖွဲ့က ဆေးခန်းဝင်းအတွင်း သေနတ်နဲ့ပစ်သတ်ပြီး မြေမြုပ်လိုက်တာဖြစ်တယ်လို့ ဝန်ခံထားပါတယ်။

“တပ်ကြပ်သန်းအောင်ခေါ်သွားပြီး ၁၅ မိနစ်လောက်အကြာမှာ သေနတ်သံ ၇ ချက် ၈ ချက်လောက်ကြားရပါတယ်၊ သေနတ်သံကြားပြီးတော့ နောက်ထပ် ၁၅ မိနစ်လောက်မှာပဲ တပ်ကြပ်သန်းအောင်ဦးစီးတဲ့အဖွဲ့ ပြန်ရောက်လာပြီး ကျွန်တော်တို့ ဆောင်ရွက်ပြီးစီးတဲ့အကြောင်း သတင်းပို့ပါတယ်” လို့ ဗိုလ်ကြီးအာကာမြင့်က ပြောထားပါတယ်။

ခမရ ၃၇၈ တပ်ရင်း ဌာနချုပ် တပ်ခွဲမှူး ဗိုလ်မှူးသိန်းထိုက်စိုးကလည်း အချုပ်သား ၇ ယောက်ကို ရှင်းလင်းရေးလုပ်ဖို့ ညွှန်ကြားခဲ့တယ်လို့ ဝန်ခံထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်မှူးသိန်းထိုက်စိုးနဲ့ ဒုတိယရဲမှူးကြီး ခင်မောင်စိုးရဲ့ ဝန်ခံစကားတွေထဲမှာ သူတို့ရဲ့ အထက်အရာရှိ တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းထွန်းဆီကိုတော့ အကျဉ်းသား ၇ ယောက်ဟာ အမြောက်ဆန်ထိမှန်သေဆုံးသွားတယ်လို့ သတင်းပို့ခဲ့တယ်လို့ ပြောပါတယ်။

နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF က ဖေဖော်ဝါရီ ၂၃ ရက်မှာ သတင်းထောက် ဖိုးသီဟ ခေါ် မြတ်သူထွန်း အသတ်ခံရတဲ့အပေါ် စုံစမ်းစစ်ဆေးပေးဖို့ နိုင်ငံတကာကို တောင်းဆိုထားပါတယ်။

ဒါ့အပြင် UNESCO ညွှန်ကြားရေးမှူးချုပ် Audrey Azoulay ကလည်း မြန်မာစစ်တပ်က ဖမ်းဆီးခံရသူတွေကို သတ်ဖြတ်ပြီးမြေမြှုပ်တဲ့အပေါ် ကန့်ကွက်ရှုတ်ချပြီး ကျူးလွန်သူတွေကို အရေးယူပေးဖို့ ဖေဖော်ဝါရီ ၂၂ ရက်က ထုတ်ပြန်တောင်းဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဒုတိယအဆိုးရွားဆုံး သတင်းထောက်တွေအကျဉ်းချခံထားရတဲ့ နိုင်ငံဖြစ်တယ်လို့ သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေးကော်မတီ CPJ ရဲ့ ၂၀၂၃ ခုနှစ် စစ်တမ်းမှာ ဖော်ပြထားပါတယ်။

မူဆယ်နယ်စပ်ဂိတ်ကနေ တရုတ်ပြည်ဝင်ခွင့် တိုကင်ရဖို့ လူထောင်နဲ့ချီ တန်းစီစောင့်ဆိုင်းနေရ

တိုကင်လိုချင်သူတွေထဲ ငွေကြေးလိမ်လည်ခံရတာတွေလည်းရှိနေ

တရုတ် - မြန်မာနယ်စပ် မူဆယ်မြို့ ကနေတဆင့် တရုတ်နိုင်ငံဘက်ကူးဖို့ နယ်စပ်ဝင်ခွင့်အတွက် တိုကင်ရဖို့ နေ့စဉ် လူ‌ထောင်နဲ့ချီတန်းစီစောင့်ဆိုင်းနေရတယ်လို့ မြေပြင်အခြေသိသူတချို့ကပြောပါတယ်။ တရုတ်ဘက်ကလည်း ဒီလိုဝင်ခွင့်လျှောက်တဲ့သူတွေ များ လာတဲ့အတွက် တစ်နေ့ကို တိုကင်အရေအတွက် (၅၀၀) သာ ထုတ်ပေးတော့တာပါ။

မြန်မာမှာ စစ်မှုထမ်းဥပဒေကြေညာအပြီးမှာ နယ်စပ်ဂိတ်ကနေထွက်ချင်သူတွေပိုများလာတာဖြစ်ပြီး စောင့်ဆိုင်းနေသူတွေထဲမှာ ပဲခူး၊ မကွေး၊ မြစ်ကြီးနားဘက်က အများဆုံးဖြစ်တယ်လို့ မူဆယ်ဒေသခံနဲ့ပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူတွေကပြောကြပါတယ်။

စစ်မှုထမ်းဥပဒေမကြေညာခင်က ၆ရက် နေထိုင်ခွင့်ကတ် နဲ့ အလုပ်လုပ်သူတိုင်းကို သူတို့နေထိုင်တဲ့ လိပ်စာ၊ အိမ်ရှင်ဖုန်းနံပါတ်စတဲ့အချက်အလက်ကို QR codeနဲ့ ရဲစခန်းကိုပေးပို့ပြီး ဆက်လက်နေထိုင်လို့ ရပေမယ့် ဖေဖော်ဝါရီ ၁၀ရက်နောက်ပိုင်းမှာတော့ ၆ရက်နေထိုင်ခွင့် ရက်ကျော်သူတိုင်းကို တရုတ်ရဲတွေက ဖမ်းဆီးပြီး မြန်မာပြည်ဘက်ပြန်လွှတ်တာတွေ လုပ်လာတယ်လို့ တရုတ်ပြည်တွင်း လက်ရှိသွားရောက်နေထိုင်နေသူတွေက ပြောပါတယ်။

စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက်မှာမှ အခုလိုအစုလိုက်အပြုံလိုက် နိုင်ငံအနှံ့ကလူတွေ မူဆယ်ကို ရောက်လာတာလို့ တရုတ်ပြည်တွင်းက အလုပ်အကိုင်တွေချိတ်ဆက်ပေးနေသူတွေက ဘီဘီစီကိုပြောပါတယ်။

အခုလို ပြည်တွင်းကနေ နယ်စပ်တရုတ်ပြည်ဘက်ကို ဝင်ရောက်ခွင့် ရဖို့ ပြုလုပ်သူများလာတာနဲ့ အမျှ အလုပ်အကိုင်ရရှိအောင်လုပ်ပေးမယ်ဆိုကာ ငွေကြေးလိမ်လည်ခံရမှုတွေလည်း ရှိလာတယ်လို့ ဆိုပါတယ်။ စောင့်ဆိုင်းနေသူတွေထဲမှာ ပဲခူး၊ မကွေး၊ မြစ်ကြီးနားဘက်က အများဆုံးဖြစ်တယ်လို့ မူဆယ်ဒေသခံနဲ့ပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူတွေကပြောကြ ပါတယ်။

“ လူမများရင်ချက်ချင်းဝင်လို့ရတယ်။ အခုကလူများလို့ တိုကင်စနစ်ဖြစ်ကုန်တာ။ တိုကင်ရလည်းပြန်ချိန်းတဲ့ရက်မှာ တန်းစီရတာပဲ။ တချို့ဆို တန်းစီတဲ့နေရာမှာကိုအိပ်စောင့်တာ”လို့ မူဆယ်နန်းတော်ဂိတ်နဲ့ ဆင်ဖြူပေါက်က တရုတ်ဘက်ကူးမယ့်သူတွေကြုံရတဲ့အခြေနေကို မူဆယ် ဒေသခံတစ်ဦးကပြောပြပါတယ်။

လက်ရှိမှာ ပြည်မဘက်နေ မူဆယ်နယ်စပ်ကိုသွားချိန်မှာ အဓိကသုံးနေတဲ့ ပြည်ထောင်စုလမ်းမကြီး ကတော့ ၁၀၂၇ စစ်ဆင်ရေးနောက်မှာ ပိတ်ထားဆဲပဲဖြစ်ပါတယ်

မလေးရှားမှာရှိနေတဲ့ အထောက်အထားမဲ့နိုင်ငံခြားသားကို ပြန်ခွင့်ပေးမယ်လို့ မလေးအစိုးရပြော

မြန်မာပြန်ဖို့ CI ထုတ်ပေးမယ်လို့ မလေးရှားက မြန်မာသံရုံးထုတ်ပြန်

မလေးရှားနိုင်ငံအတွင်းမှာရှိနေတဲ့ တရားမဝင်နေထိုင်လုပ်ကိုင်နေတဲ့ အထောက်အထားမဲ့ နိုင်ငံခြားသား တွေကို သက်ဆိုင်ရာသံရုံးရဲ့ နိုင်ငံသားဖြစ်ကြောင်း ထောက်ခံချက် (CI) နဲ့ ပြန်ခွင့်ပေးမယ့် အစီအစဥ်ကို မတ်လကစတင်သွားမယ်လို့ မလေးရှားအစိုးရကထုတ်ပြန်ထားပါတယ်။

မလေးရှားနိုင်ငံရောက်နေတဲ့ အထောက်ထားမဲ့ မြန်မာနိုင်ငံသားတွေ ပြည်တွင်းပြန်ဖို့အတွက် မည်သူ မည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(CI)ထုတ်ပေးမယ်လို့ ကွာလာလမ်ပူမြို့မှာရှိတဲ့ မြန်မာသံရုံး ကလည်း ဒီနေ့ဖေဖော်ဝါရီ (၂၉)ရက်နေ့မှာကြေညာပါတယ်။

CIထုတ်ပေးတာနဲ့ပတ်သတ်တဲ့အသေးစိတ်ကို သံရုံးရဲ့ Whatsapp ကနေ တဆင့်မေးနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီနှစ် မတ်လ(၁)ရက်နေ့ကနေ ဒီဇင်ဘာလကုန်ထိ မလေးရှားမှာရှိနေတဲ့ ရက်လွန်ရွှေ့ပြောင်းအလုပ်သမားတွေ အထောက်ထားမဲ့သူတွေကို ဒဏ်ကြေးပေးဆောင်စေပြီး နိုင်ငံကိုပြန်ခွင့်ပြုမယ့်အစီစဉ်ကို မလေးရှားအစိုးရက ခွင့်ပြုထားတာဖြစ်ပါတယ်။

ဒဏ်ကြေး ရင်းဂစ်(၅၀၀)ပေးဆောင်ရမှာဖြစ်ပေမယ့် ဒီအစီစဉ်နဲ့ပြန်တဲ့သူတွေက စုစုပေါင်းကုန်ကျ စရိတ် ရင်းဂစ်(၁၀၀၀)ကနေ(၁၅၀၀)ကုန်ကျနိုင်တယ်လို့ မလေးရှားရောက်မြန်မာတွေက ဆိုပါတယ်။

မလေးရှားကနေမြန်မာပြန်ဖို့မှာ အသက်အရွယ်ကြီးသူတွေနဲ့ ကျန်းမာရေးမကောင်းသူတွေက စိတ်ဝင်စားကြပေမဲ့ လူငယ်ပိုင်းကတော့ စစ်ကောင်စီကထုတ်ထားတဲ့ စစ်မှုထမ်းဥပဒေကြောင့် စိုးရိမ်စိတ်တွေရှိတယ်ဆိုတဲ့ပြောဆိုချက်တွေရှိပါတယ်။

မလေးရှားမှာ မြန်မာအလုပ်သမား သိန်းချီ ရှိနေပြီး တရားမဝင်နေထိုင်နေတာ(၃)သိန်းဝန်းကျင်ရှိနေတယ်လို့လည်း အလုပ်သမားအရေးကူညီ ပေးနေသူတွေက ခန့်မှန်းထားပါတယ်။

ထားဝယ်နည်းပညာတက္ကသိုလ် ဒုပါချုပ်အပါအဝင် သုံးယောက်ကို ဖမ်းဆီးထားတယ်လို့ ဗထူးတပ်ထုတ်ပြန်

စစ်ကောင်စီကလည်း ပြန်လည်ကယ်ဆယ်ရေးလုပ်နေတယ်လို့ပြော

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာမှာရှိတဲ့ ထားဝယ်နည်းပညာတက္ကသိုလ် ဒုပါမောက္ခချုပ် ဦးကျော်အောင်၊ ပါမောက္ခ ဒေါ်စုစုလတ်၊ ပါမောက္ခဒေါ်နန္ဒာလွင် တို့ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ထားဝယ်အခြေစိုက်ဗထူးတပ်မတော်က ဖေဖော်ဝါရီ ၂၈ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

မောင်မယ်ရှောင်ကျေးရွာ နည်းပညာတက္ကသိုလ်နားက ဘုရားမဲစစ်ဆေးရေးဂိတ်နဲ့ကပ်လျက် ဘုရားမဲဘုန်းကြီးကျောင်းမှာ တပ်စွဲနေတဲ့ ကာကင်းစခန်းနဲ့ ဘုရားမဲစစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဖေဖော်ဝါရီ ၂၈ ရက် နေ့လယ်ပိုင်းမှာ ဗထူးတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီတိုက်ခိုက်မှုကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက် သေဆုံးပြီး MA-3 နှစ်လက်၊ ကျည်ဘောက် ၆ ခု၊ ၄၀ မမ ခြောက်လုံး အပါအဝင် စစ်သုံးပစ္စည်းတချို့ကို ရရှိတယ်လို့လည်း ထုတ်ပြန်ပါတယ်။

စစ်ကောင်စီထုတ်ပြန်ချက်မှာတော့ ဒုတိယပါမောက္ခချုပ် အပါအဝင် ဆရာ၊ဆရာမ ၃ ဦးကို ပြန်လည်ကယ်တင်ဖို့လုပ်ဆောင်နေတယ်လို့ထုတ်ပြန်ပါတယ်။ ဒါအပြင်

ဘုရားမဲကျေးရွာနားမှာ လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေကို PDF တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် တိုက်ပွဲဖြစ်ပွားပြီးနောက်တက္ကသိုလ်အတွင်းဝင်ရောက်ပြီး ဒုတိယပါမောက္ခချုပ် ဒေါက်တာ ကျော်အောင် အပါဝင် ၃ ဦးအား အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ကာ ကျောင်းရဲ့ အနောက်ဘက်ကို ဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တနင်္သာရီတိုင်းမ် ဒေသတွင်းသတင်းဌာနမှာတော့ ဗထူးတပ်မတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူက စစ်ကျွန်ပညာရေးကိုဆက်လက် အသက်သွင်းနေတာကြောင့်အခုလို ဖမ်းဆီးရတာလို့ဆိုထားပြီး နည်းပညာတက္ကသိုလ်ကျောင်းထဲမှာတော့ ဆရာ၊ ဆရာမတွေအများကြီးရှိပေမဲ့ အချိန်အတိုင်းအတာအရ အဓိကကျတဲ့လူသုံးယောက်ကိုပဲ ဖမ်းလာခဲ့တာလို့ ဖြေဆိုထားတာတွေ့ရပါတယ်။

‌ပြီးခဲ့တဲ့နှစ် ဇူလိုင်လကလည်း လောင်းလုံးမြို့နယ်မှာရှိတဲ့ ထားဝယ်စိုက်ပျိုးရေးသိပ္ပံကျောင်းက ကျောင်းအုပ်ဆရာမကြီးအပါအဝင် ဆရာနဲ့ဆရာမ ခြောက်ဦးကို လောင်းလုံး ပကဖက ဖမ်းဆီးခဲ့ဖူးပါတယ်။ အဲဒီနောက်မှာတော့ ဆရာ၊ ဆရာမတွေဘက်က CDM ဝင်ဖို့သဘောတူတာကြောင့်လွတ်မြောက်နယ်မြေကို ပို့ဆောင်လိုက်တယ်လို့ လောင်းလုံး ပကဖက ပြန်လည်ထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။

စစ်တွေမြို့မဈေးလက်နက်ကြီးကျ အနည်းဆုံး ၈ ဦးသေ ဆယ်ချီဒဏ်ရာရ

ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမြို့တွင်းမှာရှိတဲ့ မြို့မဈေးကြီးအနီးမှာ ဖေဖော်ဝါရီ ၂၉ ရက်မနက်ပိုင်း ၈ နာရီကျော်အချိန်မှာ လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲလို့ လူ ၈ ဦးသေဆုံးကာ နောက်ထပ် ဆယ်နဲ့ချီတဲ့လူတွေ ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ ‌မြေပြင်အခြေအနေသိရှိသူက ပြောပါတယ်။

အဲ့ဒီလက်နက်ကြီးကျည်ဟာ စစ်တွေဗျူးပွိုင့်အနီးက ရေတပ်စခန်းတည်ရှိတဲ့ ကုလားတန်မြစ်နဲ့ ဘင်္ဂလားပင်လယ်အော်တို့ဆုံရာနေရာမှာ ရပ်နားထားတဲ့စစ်ရေယာဉ်ကနေ ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျည်ဖြစ်တယ်လို့ မြို့ခံတွေကပြောပါတယ်။

လက်နက်ကြီးကျည်ဟာ စစ်တွေမြို့မဈေးဧရိယာအတွင်းမှာရှိတဲ့ တိုက်တန်းနဲ့ အသစ်ဆောက်လုပ်ထားတဲ့ ဟင်းသီးဟင်းရွက်ဈေးအကြားနေရာမှာ ကျရောက်ပေါက်ကွဲခဲ့တာလို့ ဈေးမှာရှိနေသူတချို့ကပြောပါတယ်။

“ပစ်တာက ရှုခင်းသာလမ်း ရေတပ်နေဗီစခန်းရှေ့မှာရပ်ထားတဲ့စစ်သင်္ဘောကနေပစ်လိုက်တာပါ။ ဈေးတိုက်တန်းရဲ့ ကျောဘက်ကပ်ရက်မှာကျတယ်၊ ဟင်းသီးဟင်းရွက်ဈေးနဲ့ကြားပေါ့။ လူ ၈ ဦးသေပြီးတော့ ဒဏ်ရာရတဲ့လူတွေ တော်တော်များများတွေ့ခဲ့တယ်”လို့ အခင်းဖြစ်ချိန် အဲ့ဒီဈေးထဲကိုရောက်နေတဲ့ စစ်တွေမြို့ခံတစ်ဦးက ပြောပါတယ်။

ဒဏ်ရာရသေဆုံးသူတွေဟာ ဈေးရောင်းသူတွေနဲ့ ဈေးဝယ်သူတွေဖြစ်ကြပြီး မနက်ပိုင်း ၈ နာရီကျော်အချိန်ဟာ ဈေးထဲလူတွေအစည်ကားဆုံးအချိန်လည်းဖြစ်ပါတယ်။ အခုလို မြို့တွင်းနေရာတွေထိ လက်နက်ကြီးကျည်တွေနဲ့ပစ်ခတ်ခံလာရတဲ့အခြေအနေနဲ့ကြုံလာရတဲ့အတွက် မြို့တွင်းနေထိုင်သူတွေအနေနဲ့ စိုးရိမ်မှုတွေရှိနေကြပေမယ့် ဘယ်မှသွားလာလို့မရတဲ့အခြေအနေလို့ပြောပါတယ်။

စစ်တွေမြို့နယ်အတွင်း ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ လက်နက်ကြီးပစ်ခတ်သံတွေ မရှိသလောက်နည်းပါးသွားခဲ့ရာကနေ ဖေဖော်ဝါရီ ၂၈ ရက် မနေ့ကစလို့ လက်နက်ကြီးသံတွေကို ပြန်လည်ကြားလာရသလို ပင်လယ်ထွက်ပေါက်မှာရှိတဲ့ စစ်ရေယာဉ်တွေကနေ မြို့ကိုကျော်ပြီး ပစ်ခတ်နေတာဖြစ်တယ်လို့ မြို့ခံတွေကပြောကြပါတယ်။

ပြည်နယ်ကောင်စီဘက်ကို စစ်တွေမြို့လက်နက်ကြီးကျည်ကျရောက်မှုနဲ့ ပတ်သက်လို့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့တယ်လီဖုန်းပြန်လည်ဖြေဆိုတာမရှိသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။

စစ်ကောင်စီပြန်သိမ်းထားတဲ့ မိုးမိတ်နဲ့ မဘိမ်းကို စစ်အုပ်ချုပ်ရေးကြေညာ

မိုးမိတ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိတယ်လို့ SHRF ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ ကို စစ်ကောင်စီက ပြန်လည်သိမ်းယူလိုက်တဲ့နောက် မိုးမိတ်မြို့နဲ့ မဘိမ်းမြို့တွေကို စစ်အုပ်ချုပ်ရေးကြေညာတယ်ဆိုပြီး ထုတ်ပြန်ပါတယ်။

ဒီမြို့နယ်နှစ်ခုရဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကိစ္စတွေမှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးက စစ်အုပ်ချုပ်ရေးကျင့်သုံးဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အပ်နှင်းလိုက်တယ်လို့လည်းဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေရှိခဲ့တဲ့ မိုးမိတ်မြို့မှာ တစ်မြို့လုံးနီးပါးမီးလောင်ပျက်စီးထားသလို ‌ဒေသခံ(၆,၀၀၀)ကျော် နေရပ်စွန့်ခွာနေကြပြီး အများစုက စိုးရိမ်စိတ်တွေကြောင့် နေရပ်ပြန်မနေရဲ‌သေးဘူးလို့ ပြောပါတယ်။

မိုးမိတ်ဟာ မန္တလေး-မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးပေါ်မှာရှိပြီး အဲဒီလမ်းမကြီးဖြတ်သန်းတဲ့ မဘိမ်းမြို့နဲ့ မိုင် ၄၀ ကျော် အဝေးမှာရှိပါတယ်။

ဇန်နဝါရီလအတွင်း မိုးမိတ်မြို့ မှာစစ်ကောင်စီနဲ့ KIA/PDF ပူးပေါင်းအဖွဲ့တွေကြားတိုက်ပွဲပြင်းထန်ခဲ့ပြီး ပူးပေါင်းအဖွဲ့ကနယ်မြေတချို့ သိမ်းယူနိုင်တာတချို့ရှိခဲ့ပေမဲ့ ဇန်နဝါရီလ ၂၉ ရက်မှာတော့ မိုးမိတ်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ စစ်ကောင်စီက ဓာတ်ပုံတွေနဲ့တကွ ပြန်လည် သတင်းထုတ်ပြန်ခဲ့ပါတယ်။

တဖက်မှာလည်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က မိုးမိတ်မြို့မှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက် ကနေ ဖေဖော်ဝါရီလ ၂ ရက် အထိ တစ်လကျော်အတွင်း လူ့အခွင့်အရေးချိုး‌ဖောက်မှုတွေရှိနေပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်တာ လက်နက်ကြီးပစ်တာနဲ့ မီးရှို့ဖျက်ဆီးတာတွေရှိနေပြီး အဲဒီမှာ အရပ်သား(၂၇)ဦး သေဆုံးပြီး (၁၂)ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။