ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မတ်လ ၂၈ရက် ထိပ်တန်းသတင်းများ- တာမွေမှာ ဗုံးပစ်ခံရလို့ ယာဥ်ထိန်းရဲမေတစ်ဦး ဒဏ်ရာရ
ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်းမှာ လမ်းရှင်းနေတဲ့ယာဥ်ထိန်းရဲတပ်ဖွဲ့ဝင်တွေဟာ ဒီနေ့ မနက် ၁၀ နာရီလောက်က ဗုံးနဲ့ ပစ် တိုက်ခိုက်ခံရတာကြောင် ယာဥ်ထိန်းရဲမေ တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အရှေ့မြင်းပြိုင်ကွင်း လမ်းပေါ်မှာ လမ်းရှင်းနေတဲ့ ယာဥ်ထိန်းရဲတွေကို တာမွေ ကုန်းကျော် တံတားပေါ်ကနေ မောင်းလာတဲ့ ကားတစ်စီးကနေ ဗုံးနဲ့ပေါက်ခဲ့တာလို့သိရှိရတဲ့အကြောင်း ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။
အဲဒီဗုံးပေါက်ကွဲမှုကြောင့် ယာဥ်ထိန်းရဲမေတစ်ဦးရဲ့ ဘယ်ဘက်ပုခုံး ဒဏ်ရာရခဲ့ပြီး အနီးနားက အလူမီနီယံနဲ့ မှန်ဆိုင်က မှန်အချို့ ကွဲအက်ခဲ့တယ်လို့လည်း သိရပါတယ်။
တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အနီးနားက ဒေသခံတွေကို စစ်ဆေးမေးမြန်းတာတွေလည်း ရှိခဲ့ပါတယ်။
အာဏာသိမ်းပြီးတဲ့နောက် တာမွေလမ်းဆုံ၊ Ocean စျေးဝယ်စင်တာရှေ့က ယာဥ်ထိန်းရဲရုံအဆောက်အဦဟာ ၃ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီတပ်တွေဟာ အဲဒီနေရာတဝိုက်မှာ ရံဖန်ရံခါ စောင့် ကြပ်နေလေ့ရှိတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။
မန္တလေးရွှေဆိုင်တစ်ဆိုင်အနီးမှာ ကျပ်ငွေ သိန်းတစ်ထောင်ကျော် လုယက်ခံရ
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၈၅ လမ်း၊ ၃၁ လမ်းနဲ့ ၃၂ လမ်းကြားမှာရှိတဲ့ ရွှေအရောင်းဆိုင်အနီးမှာ ရွှေလာရောက် ရောင်းချသူတွေရဲ့ ကျပ်ငွေ သိန်းတစ်ထောင်ကျော်ကို အမျိုးသား ၃ ဦးက သေနတ်ပြပြီး လုယက်မှု မနေ့ညနေပိုင်းတုန်းက ဖြစ်ခဲ့ပါတယ်။
လုယက်မှုဟာ စိန်ကျော်မိုး ရွှေသန့်စင်နဲ့ မီးလင်းရွှေ အရောင်းဆိုင် အဝင်အထွက်ပေါက်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ဆိုင်ရှေ့မှာ ပိုက်ဆံထုတ်တွေကို သယ်ပိုးနေသူတွေကို အိမ်စီးကားငယ်နဲ့ရောက်လာတဲ့ အမျိုးသား ၃ ဦးက သေနတ်ပြခြိမ်းခြောက်ပြီး ငွေတွေကို ယူသွားခဲ့တာကို လုံခြုံရေးကင်မရာ ရုပ်သံ မှတ်တမ်းတွေအရ သိရပါတယ်။
အဲဒီငွေထုတ်တွေဟာ ရွှေလာရောက်ရောင်းချသူတွေရဲ့ ငွေတွေဖြစ်ပြီး လုယက်သူတွေကို ညတွင်းချင်း ဖမ်းမိတယ်လို့ စစ်ကောင်စီဘက်က သတင်းတွေကို ဖော်ပြနေတဲ့ တယ်လီဂရမ်တွေမှာ ဖော်ပြပါတယ်။
လုယက်ခံလိုက်ရတဲ့ ငွေကြေးတွေဟာ စိန်ကျော်မိုးဆိုင်နဲ့ ဆက်စပ်မှုရှိ မရှိ ဆိုင်ဘက်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းချိန် ဆိုင်ဘက်က မှတ်ချက်ပေးဖို့ ငြင်းဆိုပေမဲ့ ဆိုင်နဲ့ သက်ဆိုင်မှု မရှိဘဲ ဆိုင်အပြင်ဘက်မှာဖြစ်သွားခဲ့တာလို့ပဲ ဝန်ထမ်းတစ်ဦးက ဘီဘီစီကို တုံ့ပြန်ပြောဆိုပါတယ်။
လုယက်သူတွေကို ဖမ်းဆီးမိမှု ရှိ၊ မရှိကိုတော့ ဘီဘီစီက သီးခြား အတည်မပြုနိုင်သေးပါဘူး။
မန္တလေးမှာ ရွှေသန့်စင်လုပ်ငန်းအပါအဝင် ရွှေဆိုင်တွေကို ပစ်မှတ်ထားတဲ့ လုယက်မှုတွေ ပြီးခဲ့တဲ့ နှစ်အတွင်း ဖြစ်ပွားထားပြီး အခုဖြစ်ရပ်ဟာ ဒီနှစ် ၂၀၂၃ ခုနှစ်အတွင်း ပထမဆုံးဖြစ်ရပ်ဖြစ်ပါတယ်။
ရွှေဘိုမြို့မှာ တနေ့တည်း သုံးကြိမ်ပေါက်ကွဲမှုဖြစ်၊ အမျိုးသား ၁ ဦးသေဆုံး
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ ဒီနေ့ မတ်လ ၂၈ ရက် မနက်ခင်းပိုင်းဖြစ်တဲ့ ပေါက်ကွဲမှုတွေမှာ အမျိုးသား ၁ ဦးသေဆုံးပြီး နောက်ထပ် ၂၀ ဦး ဒဏ်ရာရခဲ့တယ်လို့ မြို့ခံ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာတင် ရွှေဘိုမြို့မှာ ပေါက်ကွဲမှု ၃ကြိမ်အထိဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ရွှေဘိုကားကြီးကွင်းနား တံတားအနီးမှာ ပထမအကြိမ် မိုင်းကွဲခဲ့တာဖြစ်ပြီး ကလေးငယ် တစ်ဦး အပါအဝင် ထိခိုက်သူတွေ ရှိတယ်လို့ ဆိုကာ အကူအညီတောင်းခံလာမှုကို သွားရောက်ကူညီခဲ့ပြီး ဒုတိယ ပေါက်ကွဲမှု ထပ်ဖြစ်ခဲ့တာလို့ ရွှေဘိုခရိုင် လူမှုကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။
ဒုတိယပေါက်ကွဲမှုဟာ ကားကြီးကွင်းမြောက်ဘက် လမ်းပေါ်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီပေါက်ကွဲမှု နှစ်ခုမှာ ထိခိုက်ဒဏ်ရာရသူ ၂၀ အထိရှိကာ အဲဒီထဲက စိုးရိမ်ရသူ ၇ ဦးကို ရွှေဘိုနဲ့ မန္တလေး ဆေးရုံတွေဆီ ကူညီပို့ဆောင်ခဲ့တယ်လို့ဆိုပါတယ်။
ကားကြီးဝင်းအနီး ပေါက်ကွဲမှုတွေမှာ ဒဏ်ရာရသူတွေထဲကလေး ၂ ဦး၊ အမျိုးသမီး ၈ ဦးနဲ့ အမျိုးသား ၁၂ ဦး ပါဝင်ပြီး အဲဒီထဲက ဒဏ်ရာရ အမျိုးသားတစ်ဦးကတော့ ရွှေဘိုဆေးရုံအရောက်မှာ သေဆုံးခဲ့တာလို့ ကူညီ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
တတိယအကြိမ်ပေါက်ကွဲမှုကတော့ ရွှေဘိုမြို့၊ အမှတ် ၆ ရပ်ကွက်၊ သီရိမင်္ဂလာရပ်မှာဖြစ်တယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။
မှော်ဘီမြို့အနီးကို ဗဟိုချက်ပြုပြီး ငလျင်ငယ်တစ်ခု လှုပ်ခတ်သွား
ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင်ထဲက မှောဘီမြို့အနီးကို ဗဟိုချက်ပြုပြီး ငလျင်ငယ်တစ်ခု ဒီနေ့ မတ်လ ၂၈ ရက် မွန်းလွဲပိုင်းမှာ လှုပ်ခတ်သွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကတော့ ရန်ကုန်မြို့ မှော်ဘီမြို့ရဲ့ အနောက်မြောက်ဘက် ၁၂ မိုင်အကွာလောက်ကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး (၃.၇) အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ လှုပ်ခတ်မှုဖြစ်အပြီး မိနစ်ပိုင်းအကြာမှာပဲ သတင်းထုတ်ပြန်ပါတယ်။
အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်လို့ မိုးဇလဌာနက ထုတ်ပြန်ပေမဲ့ ငလျင်ဗဟိုချက်နဲ့ အနီးဆုံးမှာရှိတဲ့ မှော်ဘီမြို့ထဲက ဒေသခံတစ်ဦးကတော့ '’အသံပါ တခါတည်း ပါလာတာဆိုတော့ အရင်က ကြုံဖူးတဲ့ငလျင်နဲ့ မတူလို့ ကြောက်မိသွားတယ်’’ လို့ မှော်ဘီ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပြပါတယ်။
ဒီနေ့လှုပ်ခတ်သွားတဲ့ငလျင်ကို ငလျင်ဗဟိုချက်နဲ့ နီးတဲ့ မှော်ဘီ၊ မင်္ဂလာဒုံမြို့နယ်တွေအပြင် အင်းစိန်၊ လှည်းကူး၊ ရွှေပြည်သာ၊ ရွှေပေါက်ကံ၊ သာကေတ၊ ဒဂုံဆိပ်ကမ်းမြို့သစ်မြို့နယ်တွေမှာပါ ခံစားခဲ့ရတယ်လို့ အဲဒီမြို့နယ်တွေမှာနေထိုင်သူတွေက ပြောပါတယ်။
မြန်မာ- ထိုင်း နယ်စပ်က စစ်တပ်စခန်း တိုက်ခိုက်ခံရ
မြန်မာ-ထိုင်း နယ်စပ်၊ သံလွင်မြစ်ကမ်းဘေးက စစ်ကောင်စီတပ်ရဲ့ မယ့်ခါထာ စခန်းကို ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA) တပ်ဖွဲ့ဝင်တွေက ဒီနေ့ မတ်လ ၂၈ ရက်မှာ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
KNLA တပ်ဖွဲ့ဝင်တွေက မယ့်ခါထာစခန်းကို ဒီနေ့ မနက် ၇ နာရီလောက်မှာ တိုက်ခိုက်ခဲ့တာလို့ သိရပြီး စစ်ကောင်စီတပ်ဘက်က အကျအဆုံးရှိသလို လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ဒီနေ့ မနက်ပိုင်းမှာ KNLA တပ်ဖွဲ့ဝင်တွေက မယ့်ခါထာစခန်းအပြင် နောက်ထပ် စခန်း ၂ ခုကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ဘီဘီစီကို ပြောပေမဲ့ KNLA ဘက်ကတော့ သတင်းမထုတ်ပြန်သေးပါဘူး။
မယ့်ခါထာ စခန်းဟာ ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ကမ်းတစ်လျှောက်က စစ်ကောင်စီတပ်ရဲ့ တပ်စခန်းကြီးတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပြီး စစ်ကောင်စီတပ်သားတွေအနေနဲ့ စခန်းကို စွန့်ခွာကာ CDM မှာပါဝင်ဖို့ KNLA ဘက်က အစောပိုင်းလတွေ ကတည်းက သတိပေးခံထားရတဲ့ စခန်းတစ်ခုလည်းဖြစ်ပါတယ်။
ပျော်ဘွယ်မြို့နယ်က ညောင်ကုန်းရဲစခန်း တိုက်ခိုက်ခံရ
မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်ထဲက ညောင်ကုန်းတိုက်နယ်ရဲစခန်းကို တိုက်ခိုက်ခဲ့တယ်လို့ အလယ်ပိုင်းတိုင်း တော်လှန်ရေးမဟာမိတ်များ တပ်ပေါင်းစု (CRC-PLA)က သတင်းထုတ်ပြန်ပါတယ်။
ညောင်ကုန်းရဲစခန်းကို မနေ့ မတ်လ ၂၇ ရက် မွန်းတည့်မှာ တပ်ပေါင်းစုအဖွဲ့ဝင်တွေက မောင်းပြန်လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီအဖွဲ့က ထုတ်ပြန်တဲ့ တိုက်ခိုက်မှုဖြစ်စဥ်ရုပ်သံမှာတော့ ဆိုင်ကယ်စီး အနည်းဆုံး ၃စီး စီးနင်းလာတဲ့ မောင်းပြန်သေနတ်ကိုင် အမျိုးသားတစုက ညောင်ကုန်းတိုက်နယ် ရဲစခန်းရှေ့အရောက်မှာ သေနတ် အချက်ရေ ဆယ်ချီနီးပါးကို အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့တာကိုတွေ့ရပါတယ်။
ဒီပစ်ခတ်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဘက်က ဘယ်လောက်ထိခိုက်မှုရှိတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပေမဲ့ တိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီဘက်က အဲဒီရဲစခန်းကို စစ်ကားတွေနဲ့ အင်အားဖြည့်တင်းတာ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပျော်ဘွယ်မြို့နယ်ထဲ စစ်ကောင်စီလက်အောက်ရဲစခန်းကို အခုလို တိုက်ခိုက်မှုဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး ကတည်းက ဆိုရင် အခုတစ်ကြိမ်က ပထမဆုံးဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
စစ်တပ်က KNU နယ်မြေတွေထဲ အကြိမ် ၂၃၀ အထိ လေကြောင်းတိုက်ခိုက်ခဲ့
လက်နက်ကြီးပစ်ခတ်မှုကြောင့်လည်း လူ ၁၀၀ ကျော်သေဆုံး
အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၂ခုနှစ် ဒီဇင်ဘာလအထိ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေတွေလေကြောင်းတိုက်ခိုက်မှုတွေ၊ အဲဒီတိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေ သေဆုံးထိခိုက်မှု၊ အိုးအိမ်စွန့်ခွားပြေးနေရသူတွေအကြောင်းအပါအဝင် စစ်ကောင်စီဘက်က တိုက်ခိုက်မှုအခြေအနေတွေကို မှတ်တမ်းပြုစုထားတဲ့ မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုများကြောင့် ရှင်သန်မှုပျောက်ဆုံးနေသော လူသားများ ဆိုတဲ့ အစီရင်ခံစာကို KNU က မတ်လ ၂၇ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။
အာဏာသိမ်းပြီးချိန်ကစလို့ ၂၀၂၂ခုနှစ် ဒီဇင်ဘာလအထိ အရပ်သားတွေနေထိုင်တဲ့ နေရာတွေအပါအဝင် KNU ထိန်းချုပ်နယ်မြေတွေထဲ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၃၀ အထိ စစ်တပ်ဘက်က တိုက်ခိုက်ခဲ့တယ်လို့ အဲဒီအစီရင်ခံစာမှာဖော်ပြပါတယ်။
အဲဒီလေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၂၂ဦး သေဆုံးခဲ့ပြီး၊ ၄၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အိုးအိမ် အဆောက်အအုံ၊ ဘာသာရေးအဆောက်အအုံ၊ ကျောင်း၊ ဆေးရုံအပါအဝင် အဆောက်အအုံစုစုပေါင်း ၂၁၁ လုံးအထိ ပျက်ဆီးခဲ့တယ်လို့ အစီရင်ခံစာအတွင်းပါဝင်ပါတယ်။
အလားတူ လက်နက်ကြီးနဲ့ ဒေသခံကျေးရွာတွေဘက်ကို ပစ်ခတ်မှုကလည်း ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းကနေ ၂၀၂၂ခုနှစ် ဒီဇင်ဘာအထိဆိုရင် အကြိမ်ရေ ၇၅၀ ကျော်အထိရှိခဲ့တယ်လို့ အစီရင်ခံစာက မှတ်တမ်းတင်ထားပါတယ်။
၂၀၂၁ ခုနှစ်အတွင်း အကြိမ်ရေနည်းနည်းသာရှိခဲ့ပြီး အဲလိုပစ်ခတ်မှုကြောင့် ဒေသခံ ၁ဦးသေဆုံးခဲ့ပေမယ့်၊ ၂၀၂၂ခုနှစ်အတွင်းမှာတော့ ပစ်ခတ်မှုအများအပြားရှိခဲ့ကာ လူ ၁၁၉ ဦး သေဆုံးခဲ့တယ်လို့လည်း အစီရင်ခံစာမှာဖော်ပြပါတယ်။
အဲဒါတွေအပြင် စစ်တပ်က KNU ထိန်းချုပ်နယ်မြေထဲကဒေသခံတွေရဲ့ နေအိမ်အလုံး ၂၇၀ လောက်အထိကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မှတ်တမ်းတွေအရသိရပါတယ်။
KNU ထိန်းချုပ်နယ်မြေအတွင်း အဲဒီလိုတိုက်ခိုက်မှုတွေ၊ ဖမ်းဆီးခံရမှုတွေအပါအဝင် စစ်တပ်ဘက်က တိုက်ခိုက်မှုတွေကြောင့် မူလနေရပ်ကိုစွန့်ခွာထွက်ပြေးရသူပေါင်းက ၃၆၅,၀၀၀ ကျော်အထိရှိတယ်လို့ အစီရင်ခံစာအတွင်း ဖော်ပြပါတယ်။