ဖေဖော်ဝါရီ ၉ ရက်ထိပ်တန်းသတင်းများ- နေပြည်တော်ကိုသွယ်တန်းထားတဲ့ လျှပ်စစ်တာဝါတိုင် ၉ ခုကိုဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ KNDF ထုတ်ပြန်

ရေးသားခဲ့သည်။

အရပ်သားကားကို မှားယွင်းမိုင်းဆွဲမိကြောင်း ရေဖြူ PDFထုတ်ပြန်

ဖြစ်စဥ်အတွင်း ရာဖူးရွာသစ်ကျောင်းထိုင်ဆရာတော်နဲ့ အရပ်သားတစ်ဦး သေဆုံး၊ ၆ ဦးဒဏ်ရာရ

တနင်္သာရီတိုင်း ရေဖြူမြို့နယ်၊ နှမ်းကျဲကျေးရွာအနီးမှာ အရပ်ဝတ်နဲ့ စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့ ယာဥ်နှစ်စီးကို ပစ်မှတ်ထားတဲ့ မိုင်းဆွဲတိုက်ခိုက်မှုမှာ အဲဒီယာဥ်နှစ်စီးကြား အရပ်သားယာဥ်တစ်စီး ကြားဝင်မောင်းနှင်လာတာကိုမသိခဲ့ဘဲ မိုင်းဆွဲတိုက်ခိုက်ခဲ့မိလို့ အနူးအညွတ်တောင်းပန်ကြောင်း ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် YePhyu PDF က ဖေဖော်ဝါရီ ၉ ရက်နေ့မှာ သတင်းထုတ်ပြန်လာပါတယ်။

ဒီဖြစ်စဥ်ကြောင့် YPPDF ရဲဘော်တွေကိုယ်စား တစ်ဖွဲလုံးက တာဝန်ယူမှုတာဝန်ခံမှုနဲ့ ဖြစ်စဥ်မှာပါဝင်သူအားလုံးကိုအနူးအညွတ်တောင်းပန်ကြောင်းနဲ့ နောက်နောင်မှာ ဒီလိုဖြစ်စဥ်မျိုးမဖြစ်ပွားစေရေး ဝန်ခံကတိပြုကြောင်းလည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

ဖေဖော်ဝါရီ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်မှာ ကလိန်အောင်မြို့နယ်အခြေစိုက် တပ်ရင်းကနေ အရပ်ဝတ်နဲ့ စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့ ဟိုက်ဂျက်ယာဥ်နှစ်စီးဟာ ရေဖြူမြိုန့ယ်အခြေစိုက်တပ်ရင်းကို ဆင်းလာကြောင်းသတင်းအတိအကျရခဲ့လို့ ခုလို မိုင်းဆွဲတိုက်ခိုက်ခဲ့ပေမဲ့ အဲဒီကားနှစ်စီးကြားမှာ ပြည်သူတွေလိုက်ပါလာတဲ့ ဟိုက်ဂျက်တစ်စီး ဖြတ်ဝင်လာတာကိုသတိမပြုမိဘဲရှေ့ထွက်မိုင်းဆွဲခဲ့မိတယ်လို့ ဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်ပြီးမှ ပြည်သူတွေလိုက်ပါလာတဲ့ကားဖြစ်နေကြောင်းသိခဲ့ရပြီး ကူညီဆောင်ရွက်ပေးချင်ပေမဲ့အခက်အခဲတွေကြောင့် နီးစပ်ရာဆေးရုံနဲ့ အရေးပေါ်ကယ်ဆယ်ရေးကားတွေကိုသာ ဖုန်းဆက်အကြောင်းကြားခဲ့ရပြီး ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ဖော်ပြထားပါတယ်။

ဖြစ်စဥ်နဲ့ပတ်သက်လို့ ဒေသကာကွယ်ရေးအဖွဲ့တချို့ထံ ဘီဘီစီက ဆက်သွယ်မေးမြန်းရာ ဟုတ်မှန်ကြောင်းအတည်ပြုပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ရေဖြူမြို့နယ်၊ ရာဖူးရွာသစ်မှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းက ကျောင်းထိုင်ဆရာတော်အပါအဝင် ၈ ဦးလိုက်ပါလာတဲ့ အဲဒီယာဥ်ဟာ မိုင်းထိခဲ့ပြီး ကျောင်းထိုင်ဆရာတော်နဲ့ အသက် ၆၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ နေရာမှာတင်သေဆုံးခဲ့ပြီး ယာဥ်မောင်းအပါအဝင် ကျန် ၆ ဦး ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။

လှိုင်သာယာဗိုလ်တေဇပတ်လမ်း မီးလောင်မှု အမျိုးသားတစ်ဦး သေဆုံး

ရန်ကုန်မှာ နှစ်ပတ်အတွင်း မီးလောင်မှုကြောင့် သေသူ ၆ ဦးထိရှိလာ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ၂၀ ရက်ကွက်အနောက်ပိုင်း ဗိုလ်တေဇပတ်လမ်းမှာ ဒီနေ့ ဖေဖော်ဝါရီ ၉ ရက် မနက်အာရုဏ်မတက်မီ ၁ နာရီခွဲခန့်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အသက် ၁၆ နှစ်အရွယ်အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ မီးသတ်ဦးစီးဌာနကသိရှိရပါတယ်။

ဒီဖြစ်စဥ်နဲ့ဆိုရင် ရန်ကုန်မှာနှစ်ရက်အတွင်းမီးလောင်မှု ၁၀ ကြိမ်ကျော်အတွင်း သေဆုံးသူ ၂ ဦး ရှိခဲ့ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက်တုန်းကလည်း မီးလောင်မှုကြောင့် မြောက်ဒဂုံမှာ လူ လေးဦး သေဆုံးခဲ့ပြီးဖြစ်ပါတယ်။

လှိုင်သာယာဖြစ်စဥ်မှာတော့အိပ်ရာဘေးမှာ ခြင်ဆေးခွေထွန်းထားရာကနေ မီးစတင်ကူးစက်လောင်ကျွမ်းခဲ့တာဖြစ်ပြီး နေအိမ် ၁၇ လုံးခန့် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ မီးသတ်ဦးစီးဌာနထံက သိရှိရပါတယ်။

ရန်ကုန်မှာ မနေ့ ဖေဖော်ဝါရီ ၈ ရက်တစ်ရက်တည်းတင် နေရာကိုးခုမှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဒီနေ့ ဖေဖော်ဝါရီ ၉ ရက်မှာလည်း မရမ်းကုန်း၊ တွံ့တေး၊ လှိုင်သာယာနဲ့မှော်ဘီတို့မှာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မီးသတ်ဦးစီးဌာနထံက သိရှိရပါတယ်။

နေပြည်တော်ကိုသွယ်တန်းထားတဲ့ လျှပ်စစ်တာဝါတိုင် ၉ ခုကိုဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ KNDF ထုတ်ပြန်

နေပြည်တော်ကို သွယ်တန်းထားတဲ့ ဖယ်ခုံမြို့နယ်ထဲက လျှပ်စစ် တာဝါတိုင် ၉ ခု ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း(၁၁)က ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

တပ်ရင်း ၁၁ ဟာ ဒီဖောက်ခွဲဖျက်ဆီးမှုမတိုင်မီ ကရင်နီ-ကယားပြည်နယ်ထဲကတစ်ဆင့် နေပြည်တော်ကို သွယ်တန်းထားတဲ့ တာဝါတိုင် ၃၀ ကျော်နဲ့ မန္တလေးကို သွယ်တန်းထားတဲ့ တာဝါတိုင် ၂၀ ကျော်ကို ဖျက်ဆီးခဲ့ပြီး တခြားအဖွဲ့တွေကလည်း ဖျက်ဆီးနေကြတယ်လို့ KNDF က ဘီဘီစီကိုပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း PDF အဖွဲ့ပေါင်းစုံက လျှပ်စစ် တာဝါတိုင်တွေကို အကြိမ်ပေါင်း ၂၀၀ ကျော်အထိ ဖျက်ဆီးခဲ့တယ်လို့ စစ်ကောင်စီကသတင်းထုတ်ပြန်ထားပါတယ်။

အခုနေပြည်တော်ကိုသွယ်တန်းထားတဲ့ တာဝါတိုင်တွေဖျက်စီးခံရတယ်ဆိုတာနဲ့ပတ်သက်လို့တော့ စစ်ကောင်စီရဲ့ လျှပ်စစ်ဝန်ကြီးဌာနက သတင်းထုတ်ပြန်တာမရှိသေးသလို ဘီဘီစီကလည်း သတင်းအတည်ပြုနိုင်ရေး ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။

လျှပ်စစ် တာဝါတိုင်တွေကို ဖျက်ဆီးရင် ပြည်သူလူထုပါသက်ရောက်မှုရှိမှာကို နားလည်တယ်လို့လည်း KNDF တပ်ရင်း(၁၁) က ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ရှမ်းကယားနယ်စပ်မှာရှိတဲ့ မိုးဗြဲမှာလည်း စစ်ကောင်စီရဲ့ဗျူဟာမြောက်စခန်းကုန်းတစ်ခုကို မိုးဗြဲ PDF နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ပေါင်းတိုက်လို့ တိုက်ပွဲတွေ ရက်ဆက်ဖြစ်ပွားနေပါတယ်။ တိုက်ပွဲတွေနဲ့နီးတဲ့ မိုးဗြဲ-ပီကင်းလမ်းပိုင်းကို အသုံးမပြုဖို့ မိုးဗြဲ PDF က ဒေသခံတွေကို သတိပေးထားတာ တစ်ပတ်နီးပါးရှိနေပြီဖြစ်ပါတယ်။

စက်တော်ရာ တောင်ပေါ်မှာ ၆ လကြာတပ်စွဲထားတဲ့ တပ်စခန်းကို တိုက်တဲ့ စစ်ဆင်ရေးမှာ စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ကူပေးလို့ မသိမ်းပိုက်နိုင်ခဲ့ဘူးလို့ မိုးဗြဲ PDF ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ဖေဖော်ဝါရီ လဆန်းမှာ ကြေညာတဲ့ စစ်အုပ်ချုပ်ရေးအမိန့်မှာ ကယားပြည်နယ်က ၄ မြို့နယ်ပါဝင်ခဲ့ပြီး တစ်ပြည်နယ်လုံးရဲ့ နယ်မြေတစ်ဝက်ကျော် ကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။ ကယားပြည်နယ်ဟာ တောတောင်ထူထပ်တဲ့အတွက် စစ်ကောင်စီတပ်တွေအနေနဲ့ ဒေသခံ PDF တွေကို မထိန်းချုပ်နိုင်ဘဲ တိုက်ပွဲတွေမကြာခဏဖြစ်ပွားခဲ့တဲ့အတွက် စစ်ဘေးရှောင် တစ်သိန်းဝန်းကျင် ရှိနေပါတယ်။

ကယားပြည်နယ်ထဲက စစ်ရှောင်တွေ ရိက္ခာအပြင် သောက်သုံးရေရှားပါးပြတ်လပ်မှုနဲ့ကြုံ

စစ်ကြောင်းထိုး ၊ တိုက်ပွဲတွေဆက်တိုက်ရှိနေတဲ့ ကယားပြည်နယ်ထဲက စစ်ဘေးရှောင်တွေဟာ ရိက္ခာအပြင် ရေရှားပါးပြတ်လပ်တဲ့ အခက်အခဲကို ရင်ဆိုင်နေကြရတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေက ပြောကြပါတယ်။

အရင် အာဏာမသိမ်းခင်ကာလတွေတုန်းကလည်း ကယားပြည်နယ်မှာ ရေရှားပါးတယ်ဆိုပေမဲ့ ရွာထဲက ရေတွင်းတွေကနေ ခပ်ယူပြီး ချွေတာသုံးလို့ရတာ၊ အနီးဝန်းကျင် ချောင်းတွေကနေ ခပ်လို့ရတာတွေကြောင့် အဆင်ပြေခဲ့ကြပါတယ်။

အခု အာဏာသိမ်းပြီး စစ်ကြောင်းထိုးခံရတာ၊ တိုက်ပွဲတွေပြင်းထန်လာတာတွေကြောင့် စစ်ဘေးရှောင်နေရတဲ့အတွက် ရေရနိုင်တဲ့နေရာတွေနဲ့ တဖြည်းဖြည်းဝေးဝေးလာတာကြောင့် ရေရှားပါးပြတ်လပ်မှုအခက်အခဲနဲ့ ကြုံတွေ့နေရတယ်လို့ လွိုက်ကော်မြို့ အရှေ့ဘက် စစ်ဘေးရှောင်ကူညီသူ အမျိုးသမီးက ပြောပါတယ်။

စစ်ဘေးရှောင်တွေကို လက်ခံထားတဲ့ ကျေးရွာတွေမှာလည်း မူလရှိနှင့်တဲ့လူအရေအတွက်နဲ့ ရှိတဲ့ရေကို ချွေတာသုံးစွဲနေရတာဖြစ်ပြီး နောက်ထပ်ရောက်ရှိလာတဲ့ စစ်ဘေးရှောင်တွေအတွက်ပါ အဲဒီထဲက မျှသုံးကြရတဲ့အတွက် ရေအခက်အခဲကိုစစ်ရှောင်ရသူတွေရာ စစ်ရှောင်တွေကိုလက်ခံထားတဲ့ရွာတွေမှာပါ ကြုံလာရတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးတာကြောင့် ရေရှိနိုင်တဲ့ နေရာတွေကနေ ရေသယ်ကားတွေကို တစ်စီး နှစ်သောင်းခွဲကနေ ငါးသောင်းအထိ ပေးဝယ်ကြရပါတယ်။

အဲဒီရေကလည်း စစ်ဘေးရှောင်စခန်းမှာရှိတဲ့ လူဦးရေ အရေအတွက်အလိုက် တစ်အိမ်ကို ငါးဂါလံပုံး ၁ ပုံးကနေ ၂ ပုံးအထိ ဝေပုံကျခွဲပေးလိုက်ပေမဲ့ တစ်ပတ်စာသာ လုံလောက်တယ်လို့ ပြောကြပါတယ်။

သုံးရေအတွက်ကိုတော့ အချိန် နာရီဝက်ကနေ တစ်နာရီ အကွာအဝေးရှိတဲ့ ရေထွက်ပေါက်နေရာနေတွေကို သွားခပ်ကြရပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ စစ်ကြောင်းထိုးနေတာတွေကြောင့် အန္တရာများတဲ့အတွက် ရေကားတွေ ပုံမှန်မလာနိုင်ကြပါဘူး။

ဒ့ါကြောင့် ရေထွက်ပေါက်ရှိတဲ့ နေရာနဲ့ စစ်ဘေးရှောင်စခန်းရှိတဲ့ နေရာတွေကို ရေပိုက်သွယ်တန်းပေးမယ်ဆိုရင် ပိုအဆင်ပြေနိုင်တဲ့အတွက် ရန်ပုံငွေ၊ အလှူငွေတွေ လိုအပ်နေတယ်လို့လည်း ပြောကြပါတယ်။

ကယားပြည်နယ်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကြောင်းထိုး၊ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် တစ်သိန်းဝန်းကျင် ရှိနေတယ်လို့သိရပါတယ်။

ရေဦးတိုက်ပွဲမှာ ရွှေဘိုခရိုင်တပ်ရင်း(၉) ကဒုရင်းမှူး ကိုဇင်အောင် နဲ့တပ်ဖွဲ့ဝင် ၁ ဦးသေဆုံး

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ရေဦးမြို့နယ်၊ မြင်းပေါက်ကျေးရွာ အနီး ဖေ‌ဖော်ဝါရီ ၆ရက်က ဖြစ်ခဲ့တဲ့တိုက်ပွဲမှာ ရွှေဘိုခရိုင် PDF တပ်ရင်း(၉) က ဒုတိယတပ်ရင်းမှူး ကိုဇင်အောင် ခေါ် ရဲဘော်ဇင်ယော် ဟာ ‌နောက်ထပ် ရဲဘော်တစ်ဦးနဲ့အတူ သေဆုံးခဲ့တယ်လို့ နီးစပ်တဲ့တော်လှန်ရေးအင်အားစုတွေက အတည်ပြုပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီရဲ့တရားဝင် သတင်းထုတ်ပြန်တဲ့ လူမှုကွန်ရက်စာမျက်နှာမှာလည်း ကိုဇင်အောင်ဟာ လက်နက်ကိုင် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရတဲ့အတွက် ဝမ်းနည်းကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

''ကျွန်တော်တို့ကြားရတာကတော့ စစ်တပ်စစ်ကြောင်းနဲ့ ထိပ်တိုက်တိုးတယ်လို့သိရတယ်။ ဖြစ်စဥ်အသေးစိတ်ကိုတော့ ပြောဖို့ခက်သေးတယ်။ ကျဆုံးတာကတော့အတည်ပြုနိုင်ပါတယ်၊ နာရေးလည်းသွားကြပါတယ် '' လို့ ကိုဇင်အောင်နဲ့ နီးစပ်တဲ့ဒီပဲယင်းနယ်က တော်လှန်ရေးအဖွဲ့တစ်ဖွဲ့ကလည်း အတည်ပြုပါတယ်။

ကိုဇင်အောင် ဟာ အာဏာမသိမ်းခင်ကာလတွေက စစ်ကိုင်းတိုင်း လူငယ်ရေးရာကော်မတီဝင်၊ ရွှေဘိုခရိုင် လူငယ်ကိုယ်စားလှယ် ဖြစ်ပြီးစစ်တပ်က အာဏာသိမ်းခဲ့တဲ့နောက် အာဏာသိမ်းမှုကို လက်နက်ကိုင်ဆန့်ကျင်ခဲ့တာလို့ နီးစပ်သူတွေကပြောပါတယ်။

သူဟာ ရွှေဘိုခရိုင် လူငယ်ကိုယ်စားလှယ်အနေနဲ့ မြန်မာနိုင်ငံ လူငယ်မူဝါဒ ပေါ်ပေါက်ရေးနှင့် လူငယ်မူဝါဒဆိုင်ရာ အမျိုး သားအဆင့် မဟာဗျူဟာ စီမံချက် ရေးဆွဲအကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်တွေမှာ တက်ကြွစွာပါဝင်ဆောင်ရွက် ခဲ့သူ ဖြစ်တာကိုလည်း စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီရဲ့ထုတ်ပြန်ချက်ကဖော်ပြပါတယ်။

စစ်ကောင်စီ‌ထောက်ခံသူတွေရဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဖေဖော်ဝါရီ ၆ရက်က ရေဦးမြို့နယ် မြင်းပေါက်ရွာအနီး ရွှေဘိုခရိုင် PDF တပ်ရင်း(၉)ကို စစ်ကောင်စီတပ်က သွားရောက် တိုက်ခိုက်ခဲ့ရာ ကာကွယ်ရေး တပ်ဖွဲ့ဝင် ၂ ဦးရဲ့ အလောင်းနဲ့ သေနတ်တစ်လက်နဲ့ကျည်အချို့ ရခဲ့တယ်ဆိုပြီး ဖော်ပြနေကြပါတယ်။

ရန်ကုန်၊ မရမ်းကုန်းမှာ ကားတစ်စီး အပူလွန်ပြီးမီးလောင်

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ အမှတ် ၆ ရပ်ကွက်၊ မင်းဓမ္မလမ်းမှာ ဒီနေ့ ဖေဖော်ဝါရီ ၉ ရက်မွန်းလွဲပိုင်းမှာ မော်တော်ယာဥ်တစ်စီး အပူလွန်ကဲလို့မီးလောင်ခဲ့ပြီး ယာဥ်တစ်စီးလုံးထိခိုက်ပျက်စီးခဲ့တယ်လို့ ကူညီငြှိမ်းသတ်ပေးခဲ့တဲ့ ရွှေရောင်သမိုင်း အရေးပေါ်ကယ်ဆယ်ရေးလူမှုအထောက်အကူပြုအသင်းထံက သိရပါတယ်။

"ကားက တိုယိုတာဟိုက်အေ့စ် လူစီးယာဥ် အမျိုးအစားပါ။ မောင်းလာရင်းနဲ့ ရုတ်တရတ်ထဖြစ်တာပါ။ လူထိခိုက်မှုတော့မရှိပါဘူး။ မီးသတ်ယာဥ် ၂ စီးနဲ့ ကျွန်တော်တို့ လူမှုရေးအသင်းတွေဝိုင်းဝန်းငြှိမ်းသတ်ခဲ့လို့ ခဏအကြာမှာ ငြိမ်းသွားခဲ့ပါတယ်"လို့ အထက်ပါအသင်းဥက္ကဋ္ဌ က ပြောပါတယ်။

ကားတစ်စီးလုံးမီးလောင်လို့ပျက်စီးဆုံးရှုံးခဲ့ရပြီး လူထိခိုက်ဒဏ်ရာရတာတော့မရှိဘူးလို့ သိရပါတယ်။

ကားမီးလောင်မှုကို မွန်းလွဲ ၁၂ နာရီ ၄ မိနစ်မှာ ငြှိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ်ဦးစီးဌာနကလည်း သတင်းထုတ်ပြန်ထားပါတယ်။

ဘူးသီးတောင်မြို့နယ်မှာ ခမီအမျိုးသားတစ်ဦး အသတ်ခံရ၊ ငါးရက်ကြာမှပြန်တွေ့

ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်အတွင်းမှာ ပျောက်ဆုံးနေတဲ့ ခမီအမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို ဓားဒဏ်ရာတွေနဲ့ ငါးရက်အကြာမှာ ပြန်လည်ရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပါတယ်။

အဲဒီအမျိုးသားဟာ ဂန္ဓာရုံကျေးရွာက အသက် ၄၀ အရွယ် ဦးစိန်ဖြူဖြစ်ပြီး သူဟာ ဖေဖော်ဝါရီ ၄ ရက်နေ့ညနေပိုင်းက ဆိုင်ကယ်နဲ့ထွက်သွားချိန်ကစလို့ ပျောက်ဆုံးသွားခဲ့ကာ ၈ ရက်နေ့မွန်းလွဲ ၂ နာရီလောက်မှာ သေဆုံးနေတဲ့အလောင်းကို ရှာတွေ့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အသတ်ခံလိုက်ရသူ ဦးစိန်ဖြူဟာ ကျေးရွာအနီး ငါးရှာဖို့အတွက် ဆိုင်ကယ်နဲ့ထွက်သွားပြီး ပြန်မရောက်လာတာကြောင့် ကျေးရွာသားတွေနဲ့ အနီးဝန်းကျင်ကျေးရွာကလူတွေ လိုက်လံရှာဖွေခဲ့ကြပေမဲ့ ရှာမတွေ့ဘူးလို့သိရပါတယ်။

ဖေဖော်ဝါရီ ၈ ရက်နေ့မွန်းလွဲပိုင်းမှာတော့ ဂန္ဓာရုံကျေးရွာရဲ့ အနောက်ဘက် ကျောင်းတောင်ကျေးရွာအနီး ချုံတောထဲမှာ ဓားဒဏ်ရာတွေအများအပြားနဲ့ သေဆုံးနေတာကို ရှာဖွေတွေ့ရှိခဲ့ကြတာလို့ ရွာသားတွေက ပြောပါတယ်။

မုံရွာ လူထုသပိတ် ၂ နှစ်ပြည့်ပြီ

စစ်အာဏာသိမ်းမှုကိုလက်နက်ကိုင်ဆန့်ကျင်မှုအားကောင်းတဲ့ စစ်ကိုင်းတိုင်းထဲမှာ စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားပေမဲ့ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲတွေကလည်း နေ့စဥ်လိုလိုရှိနေတာပါ။

အနောက်မြောက်တိုင်းရဲ့ မြို့တော်မုံရွာမှာဆိုရင် ဒီနေ့ ဖေဖော်ဝါရီ ၉ ရက်မှာ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ ဖွဲ့စည်းခြင်းနှစ်နှစ်ပြည့်မြောက်တဲ့အထိမ်းအမှတ်အနေနဲ့ မုံရွာမြို့လမ်းမထက်မှာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

၂ နှစ်ပြည့်ကနေ ရှေ့သို့ချီ စုပေါင်းအားနဲ့ရုန်းကြမည် ဆိုတဲ့ ကြွေးကြော်သပိတ်စာတန်းကိုင်ဆောင်လို့ လူထုသပိတ်စစ်ကြောင်း ချီတက်ခဲ့ကြပြီး ဒီနှစ်နှစ်တာအတွင်း လူထုလှုပ်ရှားမှုတွေအားကောင်းလာစေရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်မျှော်မှန်းချက်မှာ ပြည်သူတွေကိုယ်တိုင်ပါဝင်လာရေး ကြိုးစားခဲ့ပြီး စစ်အာဏာရှင်စနစ်ဆိုးကို ဆန့်ကျင်တော်လှန်နေတယ်လို့ သပိတ်ကော်မတီက ထုတ်ပြန်လာပါတယ်။

(၂) နှစ်တာကာလအတွင်း ဖက်ဒရယ် ဒီမိုကရေစီအရေးတွက် အသက်ပေးခဲ့ရသူတွေရှိသလို မတရားဖမ်းဆီးခံထားရတဲ့ ရဲဘော်တွေလည်းကျန်ရှိနေသေးပြီး

မတရားဖမ်းဆီးခံထားရသူတွေ၊ မလွတ်မြောက်သေးသူတွေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွက် ဆက်လက်တိုက်ပွဲဝင်ကြဖို့လည်း သပိတ်ကော်မတီက လူထုကိုတိုက်တွန်းထားပါတယ်။

ရန်ကုန်မှာတစ်ရက်တည်း မီး ၆ ကြိမ်လောင်ပြီး အမျိုးသားတစ်ဦးသေဆုံး

နှစ်လအတွင်း မီးလောင်မှုကြောင့် လူငါးဦး သေဆုံးထား

ရန်ကုန်မှာ မနေ့ ဖေဖော်ဝါရီ ၈ ရက်နေ့က တစ်ရက်တည်းနဲ့ မီး ၆ ကြိမ်လောင်ခဲ့ပြီး အသက် ၅၇ နှစ်အရွယ်အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ မီးသတ်ဦးစီးဌာနနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေထံက သိရှိရပါတယ်။

မနေ့က ရန်ကုန်မှာ တောင်ဥက္ကလာ၊ အလုံ၊ ဗိုလ်တထောင်သင်္ဘောကျင်း၊ ကျောက်တံတား၊ တောင်ဒဂုံနဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်တို့မှာ မီးလောင်မှုတွေဖြစ်ပွားခဲ့ပြီး အဲဒီထဲက အလုံ ဌာနာရပ်ကွက်၊ နှင်းဆီလမ်းက တိုက်ခန်းတစ်ခုမှာ မီးလောင်မှုအတွင်း အသက် ၅၇ နှစ်အရွယ်အမျိုးသားတစ်ဦး သေဆုံးခဲ့တာလို့ ကရုဏာကမ်းလက် လူမှုကူညီကယ်ဆယ်ရေးပရဟိတအသင်းထံက သိရပါတယ်။

“အလုံက မီးလောင်မှုမှာ သေတာက အသက် ၅၇ နှစ် အမျိုးသားဖြစ်ပါတယ်။ သူ့ကို မီးသတ်က အ ပေါ်ကိုတက်ပြီးခေါ်တဲ့အချိန်မှာ သတိလစ်နေပြီး လဲနေပြီ။ ရောဂါအခံလည်းရှိတယ်ထင်ပါတယ်။ ဆေးရုံရောက်မှ ဆုံးတာ။ အမျိုးသမီးတစ်ဦးကတော့ ရန်ကုန်ဆေးရုံကြီးကို ပို့လိုက်ရတယ်။ အခုတော့ ဆေးရုံက ဆင်းသွားပါပြီ။ သေဆုံးတဲ့သူနဲ့တော့ သားအဖတော်စပ်ပါတယ်။ အခန်းတံခါးက လော့ကျနေလို့ မီးသတ်တွေက ဖျက်ပြီး ဝင်ကယ်ရတာ။ ဒဏ်ရာရတာကတော့ ကျန်တဲ့ အမျိုးသား ၃ ဦးက အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ပရဟိတအသင်းသားတစ်ဦးပါ”လို့ အထက်ပါအသင်းအဖွဲ့ဝင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ဒီမီးလောင်မှုဟာ မနေ့ည ၇ နာရီခွဲခန့်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မိနစ် ၂၀ ကြာငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဒီဖြစ်စဥ်နဲ့ဆိုရင် ရန်ကုန်မှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလအတွင်း မီးလောင်လို့ သေဆုံးသူဟာ စုစုပေါင်း ငါးဦးအထိ ရှိလာတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်တုန်းကလည်း မြောက်ဒဂုံက နေအိမ်တစ်လုံးမီးလောင်မှုမှာ အိမ်အတွင်းက သက်ကြီးရွယ်အို လူနာတစ်ဦးနဲ့ သူ့ကိုပြုစုစောင့်ရှောက်သူ သူနာပြု ၂ဦးနဲ့ အိမ်ရှင်အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့ရပါတယ်။

သတင်းလုံခြုံမှုမကျိုးပေါက်စေရေး သတိထားဖို့ စစ်ခေါင်းဆောင်ထပ်ပြော

နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ တစ်ဦးချင်းလုပ်ငန်းတာဝန်တွေကို ကျေပွန်အောင်ဆောင်ရွက်ဖို့ တာဝန်ရှိပြီး သတင်းလုံခြုံမှုမကျိုးပေါက်စေရေးအတွက်လည်း သတိပြုဆေင်ရွက်ဖို့လိုကြောင်း စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဌာနဆိုင်ရာတာဝန်ရှိသူတွေနဲ့ ဖေဖော်ဝါရီ ၈ ရက်က ပုသိမ်လေဆိပ်မှာတွေ့ဆုံစဥ် သူက ပြောကြားခဲ့တာပါ။

ဒါ့အပြင် ဝန်ထမ်းတွေဟာ ဌာနနဲ့လုပ်ဖော်ကိုင်ဖက်တွေကိုရော ကိုယ့်ကိုယ်ကိုယ်ပါသစ္စာရှိရမှာဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဝန်ထမ်းတွေလိုက်နာရမယ့်စည်းကမ်းတွေနဲ့အညီ လုပ်ကိုင်ရမယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာ လျှို့ဝှက်အဆင့်ဆိုပြီး သတ်မှတ်ထားတဲ့ စစ်ကောင်စီရဲ့အစည်းအဝေးမှတ်တမ်းတွေ၊ ဝန်ကြီးဌာနတချို့ရဲ့ဆွေးနွေးဆုံးဖြတ်ချက်တွေဟာ မကြာခဏဆိုသလိုပေါက်ကြားမှုရှိနေပြီး သတင်းဖော်ပြမှုတွေလည်း မကြာမကြာ ထွက်ပေါ်လာနေတာပါ။

အဲဒီလိုဖြစ်စဥ်တွေရှိတဲ့နောက် သတင်းလုံခြုံရေးကို ဂရုစိုက်ဖို့ ဆိုပြီး အခုနောက်ပိုင်းမှာ စစ်ကောင်စီဥက္ကဋ္ဌက မကြာခဏပြောကြားလာတာဖြစ်ပါတယ်။

ပြည်တွင်းမှာ အိုမီခရွန် မျိုးဗီဇပြောင်းကိုဗစ်ရောဂါပိုး တွေ့ရှိ

မြန်မာမှာ အိုမီခရွန် မျိုးဗီဇပြောင်းကိုဗစ်ရောဂါပိုးတွေ့ရှိသူ ၁၇ ဦးမှာ စစ်ဆေးတွေ့ရှိခဲ့ပြီး အဲဒီအနက် ၃ ဦးဟာ ပြည်တွင်းကူးစက်မှုတွေ ဖြစ်တယ်လို့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လာပါတယ်။

ဖေဖော်ဝါရီ ၆ ရက်နေ့မှာ သံသယဖြစ်ဖွယ်ဓာတ်ခွဲနမူနာ ၁၇ ခုကို ဆေးသုတေသနဦးစီးဌာနမှာ စစ်ဆေးခဲ့တဲ့အခါ အိုမီခရွန်မျိုးဗီဇပြောင်း ရောဂါပိုး BA.5 နဲ့ သူ့ရဲ့မျိုးကွဲတွေကို ဓာတ်ခွဲနမူနာ ၉ ခုမှာတွေ့ရှိခဲ့ရပြီး အိုမီခရွန် မျိုးဗီဇပြောင်း ရောဂါပိုး BA.2 နဲ့ သူ့ရဲ့မျိုးကွဲတွေကို ဓာတ်ခွဲနမူနာ ၈ ခုမှာ တွေ့ခဲ့ရတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။ ဒီဓာတ်ခွဲနမူနာတွေအနက် BA.2 ရဲ့နောက်ထပ်မျိုးကွဲတစ်ခုဖြစ်တဲ့ XBB.1 အမျိုးအစား ဗီဇပြောင်းကိုဗစ်မျိုးကွဲနှစ်ခုကိုပါ တွေ့ရတယ်လို့ ဆိုပါတယ်။

အခု ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိသူ ၁၇ ဦးအနက် ၁၄ ဦးဟာ ပြည်ပက ပြန်လည်ဝင်ရောက်လာသူတွေဖြစ်ပြီး ကျန် ၃ ဦးဟာ ပြည်တွင်း ကူးစက်မှုတွေရှိကာ အားလုံးကို သီးခြားထားရှိကုသမှုပေးထားပြီး ကျန်းမာရေးအခြေအနေကောင်းမွန်တယ်လို့ ဆိုပါတယ်။

လေ့လာတွေ့ရှိချက်တွေအရ အိုမီခရွန် မျိုးဗီဇပြောင်းကိုဗစ်ပိုးဟာ ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံထားသူတွေဆီမှာ ရောဂါလက္ခဏာပြင်းထန်မှုနဲ့သေဆုံးမှုလျော့နည်းကြောင်းတွေ့ရလို့ လူထုအနေနဲ့ ကာကွယ်ဆေးနဲ့ထပ်ဆောင်းကာကွယ်ဆေး(Booster) ထိုးနှံကြဖို့ကိုလည်းကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

မြန်မာမှာ ကိုဗစ်ရောဂါပိုးစတင်တွေ့ရှိခဲ့တဲ့ ၂၀၂၀ ခုနှစ်မတ်လကနေ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၆ သိန်းကျော်တွေ့ရှိခဲ့ပြီး ကိုဗစ်ကြောင့်သေဆုံးသူ ၁၉၀၀၀ ကျော် ရှိထားပါတယ်။