ကယ်လီဖိုးနီးယားမှာ ပစ်ခတ်မှုဖြစ်လို့ ၁၀ ဦးသေဆုံး

ရေးသားခဲ့သည်။

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ် လော့စ်အိန်ဂျယ်လိစ်မြို့အနီး Monterey Park မြို့က ကပွဲရုံတစ်ခုမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့အတွက် လူ ၁၀ ဦး သေဆုံးသွားတယ်လို့  ရဲတပ်ဖွဲ့က ပြောပါတယ်။ 

နောက်ထပ်လူ ၁၀ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး သေနတ်နဲ့ ပစ်ခတ်သူကို ဖမ်းမမိသေးကြောင်းလည်း ရဲတပ်ဖွဲ့က ဆိုပါတယ်။

သေဆုံးသူတွေဟာ အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၅ ဦးတို့ဖြစ်ပြီး သူတို့ရဲ့ အသက်အရွယ်တွေကို ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။

ဒီ ပစ်ခတ်မှုဟာ စနေနေ့ည ဒေသစံတော်ချိန် ၁၀ နာရီ မိနစ် ၂၀ မှာ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

အမျိုးသားတစ်ဦးဟာ အဆောက်အအုံထဲကို ဝင်လာပြီး မဲမဲမြင်ရာလျှောက်ပစ်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြည်တွင်း သတင်းမီဒီယာတွေကို ပြောပါတယ်။

လော့စ်အိန်ဂျလိစ် ကောင်တီ ရဲဌာနက အခင်းဖြစ်ပွားရာနေရာကနေ ထွက်ပြေးသွားတဲ့ သံသယရှိသူ အမျိုးသားတစ်ဦးကို ရှာဖွေနေတယ်လို့ ပြောပေမဲ့ အဲဒီလူနဲ့ပတ်သက်တဲ့ အခြား အသေးစိတ်အချက်အလက်တွေကို ပြောကြားခဲ့တာ မရှိပါဘူး။

Monterey Park မြို့ဟာ အာရှနွယ်ဖွားတွေ အများအပြားနေထိုင်တဲ့ မြို့ဖြစ်ပြီး လော့စ်အိန်ဂျလိစ်မြို့နဲ့  ၁၃ ကီလိုမီတာ ခန့်အကွာအဝေးမှာ ရှိပါတယ်။

 ဒီပစ်ခတ်မှုကို ဘာကြောင့် တိုက်ခိုက်ခဲ့တယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူးလို့ ရဲတပ်ဖွဲ့ဘက်က ဆိုပါတယ်။

ဒဏ်ရာရသွားကြတဲ့ နောက်ထပ် လူ ၁၀ ယောက်ကိုတော့ အနီးတဝိုက်က ဆေးရုံတွေကို တင်ခဲ့ကြပါတယ်။  အဲဒီထဲက အချို့က စိုးရိမ်ရတဲ့ အခြေအနေမှာရှိတယ်လို့ ပြောပါတယ်။

 Monterey Park မြို့မှာ တရုတ်နှစ်သစ်ကူးပွဲတော်ကို စနေနေ့ စောစောပိုင်းအချိန်က ကျင်းပခဲ့ပြီး လူတွေ သောင်းချီ လာရောက်ခဲ့ကြပါတယ်။