ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်ဆင်ရေးအတွက် ရာဖာအရှေ့ပိုင်းက လူ ၁ သိန်း ထွက်ခွာဖို့ အစ္စရေးစစ်တပ် ပြော
ပါလက်စတိုင်းတွေ အနေနဲ့ ဂါဇာတောင်ပိုင်းမှာရှိတဲ့ ရာဖာမြို့ရဲ့ အရှေ့ပိုင်းကနေ စွန့်ခွာကြဖို့ စတင်အမိန့်ထုတ် ထားတယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။
ခန်းယူနစ်စ်နဲ့ အယ်လ် မဝါစီ တို့မှာ ရှိတဲ့ တိုးချဲ့ထားတဲ့ စာနာမှုဇုန်တွေဆီကို ပြောင်းရွှေ့ကြဖို့ ဂါဇာ ဒေသခံပေါင်း ၁ သိန်းလောက်ကို ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။
ဟားမတ်စ်တို့ကို အနိုင်ရဖို့ ရာဖာကို သိမ်းယူမှ ဖြစ်မယ်လို့ အစ္စရေးက လတ်တလော ဂါဇာစစ်ပွဲ ဆင်နွှဲပြီး ၇ လ အကြာမှာ ပြောကြားလိုက်တာပါ။
"ကျွန်တော်တို့ ဂါဇာထဲကို ဝင်မယ်။ အလုံးစုံနိုင်ပွဲရဖို့ အပစ်ရပ်သဘောတူညီချက်ရသည်ဖြစ်စေ မရသည်ဖြစ်စေ ဟားမတ်စ်တပ်ရင်းတွေကို ချေမှုန်းဖယ်ရှားသွားမယ်'' လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟု ရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပါလက်စတိုင်း အယောက် ၁ သန်းကျော် ခိုလှုံနေတဲ့ ဒေသမှာ အစ္စရေး အနေနဲ့ စစ်ဆင်ရေးဆင်နွှဲမယ် ဆိုရင် လူမှုကပ်ဘေးဆိုးရဲ့ နောက်ဆက်တွဲ ပြဿနာတွေ ရင်ဆိုင်ရနိုင်တယ်လို့ ကုလသမဂ္ဂနဲ့ အမေရိကန် တို့က သတိပေး ထားပါတယ်။
မနေ့ညကလည်း ရာဖာမှာ အစ္စရေးက လေကြောင်းက တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ပြည်သူ အနည်းဆုံး ၁၉ ယောက် သေဆုံးခဲ့ပါတယ်။
အဲဒီ အခင်းဖြစ်ပွားမှု မတိုင်ခင်က ဂါဇာထဲကို လူမှုအကူအညီတွေ ဝင်ပေးရာ အစ္စရေးတို့ ထိန်းချုပ်တဲ့ ခရမ်ရှလုံး နယ်စပ်ဂိတ်ကို ဟားမတ်စ် ဒုံးကျည်ဒဏ်ကြောင့် အစ္စရေး စစ်သား ၃ ယောက် သေဆုံးခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုတွေဟာ အပစ်အခတ်ရပ်စဲဖို့နဲ့ ဖမ်းထားတဲ့ ဓါးစာခံတွေကို ပြန်လွှတ်ပေးရေး သဘောတူညီမှုရဖို့ ကြိုးပမ်းနေစဉ် ပေါ်ပေါက်ခဲ့တာပါ။
အစ္စရေးနဲ့ ဟားမတ်စ်ကြား နှစ်ဖက် ညှိနှိုင်းရေးသမားတွေကတော့ ဆက်ညှိနေဆဲပဲလို့ ပြောပါတယ်။
အစ္စရေး စစ်တပ် ပြောခွင့်ရ နဒက်ဗ် ရှိုရှာနီ ကတော့ ရာဖာမှာ စစ်ဆင်ရေးကို အကန့်အသတ်နဲ့ ဆင်နွှဲသွားမှာပါလို့ ဒီနေ့ တနင်္လာနေ့ မနက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။
စစ်ဆင်ရေး ဆင်နွှဲမယ့် အချိန် အတိုင်းအတာကိုတော့ သူက ကြေညာမသွားဘဲ ပါလက်စတိုင်း ဒုက္ခသည် ၁ သိန်းကျော်ကို တဖြည်းဖြည်း ရွှေ့ပြောင်း နေရာချသွားမယ်လို့ ဆိုပါတယ်။
ဒါပေမယ့် အစ္စရေး ရဲ့ ကြေညာချက်ကြောင့် ဒေသခံတွေနဲ့ ရွှေ့ပြောင်းခံရမယ့် ဒုက္ခသည်တွေအတွက် ဖြစ်ပေါ်လာမယ့် ကျယ်ပြန့်တဲ့ စစ်ဆင်ရေးအပေါ် စိုးရိမ်မှုတွေ တိုးလာစေပါတယ်။
ပြီးခဲ့တဲ့ လပိုင်းလောက်တုန်းကလည်း အပြည့်အဝ စစ်ဆင်ရေး မလုပ်ဘဲနဲ့ ဟားမတ်စ် အပေါ် အောင်ပွဲခံနိုင်မှာ မဟုတ်ဘူးလို့ အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျာမင် နက်တန် ရာဟူးက ပြောကြားထားပါတယ်။
ရာဖာမှာ ဟားမတ်စ် တပ်ရင်း ၄ ခုလောက်ဟာ ထောင်နဲ့ချီတဲ့ တိုက်ခိုက်ရေးသမားတွေနဲ့ အတူ ဆက်လက် ကျန်ရှိနေဆဲဘဲလို့ အစ္စရေးက ပြောပါတယ်။
အနောက်နိုင်ငံတွေ ၊ အင်အားကြီး အာရပ်တိုင်းပြည်တွေနဲ့ အတူ ကုလသမဂ္ဂ တို့ကတော့ အစ္စရေး အနေနဲ့ အခုလို ရာဖာမှာ ကျယ်ပြန့်တဲ့ မြေပြင် စစ်ဆင်ရေး ဆင်နွှဲရင် အရပ်သား ထိခိုက်မှုတွေ အကြီးအကျယ် ရှိလာနိုင်တယ်လို့ သတိပေးထားပါတယ်။
အစ္စရေး အရာရှိတွေနဲ့ သူ့ရဲ့ အနီးကပ် မဟာမိတ် အမေရိကန် ကတော့ တခြားရွေးစရာလမ်း ရှာဖို့နဲ့ အသေးစိတ် အစီအစဉ်တွေကို ဆွေးနွေးဖို့ အစည်းအဝေး လုပ်နေပါတယ်။
လက်ရှိ ပါလက်စတိုင်း ဒုက္ခသည်တွေကို ဘေးလွတ်ရာ ပို့ဆောင်နေတာဟာ အဆိုပါ အစီအစဉ်တွေရဲ့ တစိတ်တဒေသ ဆိုတာလားတော့ သေသေချာချာ မသိရသေးပါဘူး။
ဟားမတ်စ် တိုက်ခိုက်ရေးသမားတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့တုန်းက အစ္စရေး တောင်ပိုင်းကို ဝင်ရောက် တိုက်ခိုက်ခဲ့မှုကြောင့် လူပေါင်း ၁၂၀၀ ကျော် သေဆုံးသွားပြီး ဓါးစာခံ ၂၅၂ ယောက်ကို ဖမ်းဆီး ထားတယ်လို့ အစ္စရေးက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုနောက်ပိုင်း ဂါဇာမှာ အစ္စရေးရဲ့ ကျူးကျော်တိုက်ခိုက်မှုကြောင့် လူပေါင်း သုံးသောင်းခွဲ နီးပါး သေဆုံးခဲ့ရတယ်လို့ ဟားမတ်စ် ထိန်းချုပ်တဲ့ ကျန်းမာရေး ဌာနက ပြောပါတယ်။