ဆီးရီးယားမှာ လောင်စာဆီစျေးတက်၊ စီးပွားကျလို့ ဆန္ဒပြ - သြဂုတ်လ ၁၇ ရက် ညပိုင်း နိုင်ငံတကာသတင်းများ

ရေးသားခဲ့သည်။

ဆီးရီးယား နိုင်ငံအနောက်တောင်ပိုင်းမှာ လမ်းတွေပိတ်ပြီး ထောင်သောင်းချီတဲ့သူတွေ ဆန္ဒပြနေကြပါတယ်။

လောင်စာဆီစျေးမြင့်တက်လာပြီး စီးပွားရေး ကျဆင်းလာတာကြောင့် အစိုးရ ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေ ဟစ်ကြွေးကာ တာယာတွေ မီးရှို့ ဆန္ဒပြလျက် ရှိတာပါ။

ဆန္ဒပြမှုတွေ ဖြစ်ခဲလှတဲ့ ဆီးရီးယားမှာ ဆဝေဒါမြို့လယ်မှာ ဆန္ဒပြသူတွေ စုဝေးကာ သမ္မတ ဘာရှားအယ် အာဆတ်ကို ဖြုတ်ချရေး တောင်းဆိုခဲ့ကြပါတယ်။

အစိုးရက လောင်စာဆီ ထောက်ပံ့မှုတွေကို ဖြတ်တောက်လိုက်တာကြောင့် ဆီစျေး အဆမတန် မြင့်တက်သွားခဲ့ပြီး ငွေဖောင်းပွမှုနှုန်း တက်လာကာ ကုန်စျေးနှုန်း မြင့်တက်မှုနဲ့ ကြုံနေကြရပါတယ်။

နိုင်ငံတကာရဲ့ ပိတ်ဆို့ အရေးယူမှုဒဏ်ကို ဆီးရီးယားက ဆိုးဆိုးရွားရွားခံခဲ့ရပြီး ၂ဝ၁၁ ပြည်တွင်းစစ်စဖြစ်ကတည်းက ဆီးရီးယားသုံးငွေကြေး တန်ဖိုးဟာ အကြီးအကျယ် ကျဆင်းနေပါတယ်။

နီဂျဲအာဏာသိမ်းမှုကို သံတမန်ရေးနဲ့မရရင် တပ်တွေ စေလွှတ်မယ်လို့ ECOWAS သတိပေး

နီဂျဲနိုင်ငံက အာဏာသိမ်းမှုပြဿနာကို သံတမန်နည်းအရ ဖြေရှင်းလို့ မရရင် တပ်ဖွဲ့တွေ စေလွှတ်သွားမယ်လို့ အနောက်အာဖရိကနိုင်ငံများအဖွဲ့ ECOWAS အက်ကိုဝါ့စ် တပ်ဖွဲ့ အကြီးအကဲက သတိပေးလိုက်ပါတယ်။

နီဂျဲအာဏာသိမ်းအဖွဲ့ဟာ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ကြောင်နဲ့ကြွက်လို ကစားနေတယ်လို့ အက်ကိုဝါ့စ်အဖွဲ့ရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ကော်မရှင်နာမင်းကြီး အဗ္ပဒဲလ် ဖာတူ မူဆာက ပြောပါတယ်။

နီဂျဲအရေးနဲ့ ပတ်သက်လို့ ဂါနာနိုင်ငံမှာ ကျင်းပတဲ့ အစည်းအဝေးမှာ သူက အခုလို ပြောခဲ့တာပါ။

နိုင်ငံတကာကတော့ နီဂျဲအာဏာသိမ်းမှုနဲ့ပတ်သက်လို့ တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ တိုက်တွန်းနေပြီး အာဏာသိမ်းအဖွဲ့ကတော့ သူတို့လုပ်ရပ်ကို မှန်ကန်ကြောင်း သက်သေပြဖို့ ကြိုးစားလျက် ရှိပါတယ်။

လက်ရှိတော့ အက်ကိုဝါ့စ်အဖွဲ့ အနေနဲ့ သံတမန်နည်းနဲ့ အဖြေရှာဖို့ ဆက်ပြီး အခွင့်အရေးပေးထားပါသေးတယ်လို့ ကော်မရှင်နာ မင်းကြီးက ဆိုပါတယ်။

အက်ကိုဝါ့စ် အဖွဲ့ထဲက တချို့ အဖွဲ့ဝင် နိုင်ငံတွေဟာ နီဂျဲမှာ သမ္မတ ဘနွန်းမ်ကို အာဏာပြန်လွှဲဖို့ စစ်ရေးအရဆောင်ရွက်မယ်ဆိုတာကို ထောက်ခံပေမယ့် တခြား အဖွဲ့ဝင်တွေကတော့ ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြပါတယ်။

ကိုဗစ်ကြောင့်ပိတ်ထားတဲ့ မြောက်ကိုရီးယား ပြန်ဖွင့်တဲ့ အရိပ်လက္ခဏာတွေ့မြင်ရ

မြောက်ကိုရီးယားဟာ ကိုဗစ်ဖြစ်ပွားမှုကြောင့် နယ်စပ်ပိတ်ထားခဲ့ရာက ပထမဆုံးအနေနဲ့ နိုင်ငံကိုယ်စားပြု အားကစားဖွဲ့ကို ပြည်ပစေလွှတ်ခဲ့ပါတယ်။

မြောက်ကိုရီးယား တိုက်ကွမ်ဒို အသင်းဟာ တရုတ်နိုင်ငံကို ရောက်လာတာပါ။

ဒီအဖွဲ့ဟာ လာမယ့် စနေ၊ တနင်္ဂနွေမှာ အဲဒီကနေ ကာဇက်စတန် ဆက်သွားဖို့ရှိပါတယ်။

ဒါဟာ မြောက်ကိုရီးယားမှာ ကိုဗစ်ထိန်းချုပ်မှုတွေကို ဖြေလျှော့ပေးလာတဲ့ လက္ခဏာတွေအဖြစ် ယူဆရပါတယ်။

ကိုဗစ်ကြောင့်ပိတ်ထားတဲ့ တရုတ်နဲ့ ကုန်တင်ရထားပြေးဆွဲမှုတွေကိုတော့ မနှစ်က ပြန်လည်ပြေးဆွဲခဲ့ပြီး ပြီးခဲ့တဲ့လတုန်းကတော့ ပထမဆုံး အဆင့်မြင့် နိုင်ငံတကာ အရာရှိတွေ မြောက်ကိုရီးယားကို သွားလာမှု ရှိခဲ့ပါတယ်။

ကိုရီးယားစစ်ပွဲ အဆုံးသတ်တဲ့ နှစ်ပတ်လည် အခမ်းအနားကို တရုတ်နဲ့ ရုရှားက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ပါကစ္စတန်က ခရစ်ယာန်နဲ့ မွတ်ဆလင်ကြား အဓိကရုဏ်း

ပါကစ္စတန်မှာ ခရစ်ယာန်ဘုရားကျောင်း ၅ ခု မီးရှို့ခံရပြီးနောက် ဂျရန်ဝါလားမြို့မှာ တပတ်ကြာလူထုစုဝေးမှု မလုပ်ကြဖို့ အာဏာပိုင်တွေ တားမြစ်ထားပါတယ်။

ခရစ်ယာန်နှစ်ယောက် ကုရ်အာန်ကျမ်းစာကို မတော်တလျော်လုပ်လို့ ဆိုပြီး မွတ်ဆလင်လူအုပ်ကြီးက လမ်းပေါ်ထွက် အကြမ်းဖက်မှုတွေ လုပ်ခဲ့ကြတာပါ။

အဲဒီနောက် ပန်ဂျပ်ပြည်နယ် အစိုးရက ဒီကိစ္စကို ကော်မရှင်ဖွဲ့ စုံစမ်းစစ်ဆေးဖို့ အမိန့်ထုတ်ထားပါတယ်။

အခင်းဖြစ်ရာ တဝိုက်က ခရစ်ယာန် ဘာသာဝင်တွေရဲ့ အိမ်တွေလည်း အစ္စလာမ်ဝါဒီ အဖွဲ့တခုရဲ့ လှုံ့ဆော်မှုကြောင့် ဝင်ရောက် ဖျက်ဆီး ခံခဲ့ရပါတယ်။

လူပေါင်းတရာကျော်ကို ဖမ်းဆီး ထိန်းသိမ်းထားပြီး အခြေအနေ ဆက်လက် တင်းမာနေဆဲလို့ ရဲက ပြောပါတယ်။