ဇန်နဝါရီ ၄ ရက်ထိပ်တန်း သတင်းများ - KNC ဥက္ကဋ္ဌ ဒေါက်တာ အမ် ကောန်လလည်း ပြန်လွတ်

ရေးသားခဲ့သည်။

ကချင်အမျိုးသား ကွန်ဂရက်ပါတီ(KNC)ဥက္ကဋ္ဌ ဒေါက်တာ အမ် ကောန်လလည်း စစ်ကောင်စီ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဒီနေ့မှာပြန်လည်လွတ်မြောက်လာတယ်သိရပါတယ်။

မြစ်ကြီးနား အကျဥ်းထောင်ကနေ ဒေါက်တာ အမ် ကောန်လ ပြန်လွတ်လာတဲ့အကြောင်း ပါတီဘက်က အတည်ပြုထားတာဖြစ်ပါတယ်။

ဒေါက်တာ အမ် ကောန်လ ဟာ ၂၀၂၁ ခုနှစ်၊ သြဂုတ်လမှာ နေပြည်တော်မှာ ဖမ်းဆီးခံရပြီး ၂၀၂၂ ခုနှစ်၊ မတ်လမှာ ပုဒ်မ ၅၀၅(က)နဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ခံခဲ့ရပါတယ်။

အဲဒီနောက် အလားတူ ပုဒ်မနဲ့ မြစ်ကြီးနားအမှတ် ၁ ရဲစခန်းမှာ အမှုဖွင့်ခံခဲ့ရတာကြောင့် အဲဒီအမှုကို ရင်ဆိုင်ဖို့ မြစ်ကြီးနား ထောင်ကို ပြောင်းရွှေ့ခံခဲ့ရပေမဲ့ အမှုအထမမြောက်ခဲ့တာကြောင့် အရင် ကျခံပြီးသား ထောင်ဒဏ်ပြည့်ဖို့  လပိုင်းသာလိုတော့တဲ့အချိန်မှာ စစ်ကောင်စီ လွတ်ငြိမ်းနဲ့ ပြန်လည် လွတ်မြောက်လာတာဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီး ၂ ရက်အကြာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်မှာ ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှာ ပါဝင်ဖို့  စစ်တပ်ဘက်က KNC ပါတီဘက်ကို ကမ်းလှမ်းတာခံခဲ့ရပေမဲ့ ပြည်သူအပ်နှင်းတဲ့လုပ်ပိုင်ခွင့်ပုံစံမဟုတ်တဲ့ ခန့်အပ်မှုတွေကို လက်ခံမှာမဟုတ်ဘူးဆိုပြီး ကမ်းလှမ်းချက်ကို ငြင်းဆိုခဲ့တယ်လို့ ဒေါက်တာ အမ် ကောန်လက ဘီဘီစီကို အဲဒီတုန်းက ပြောခဲ့ဖူးပါတယ်။

စစ်ကောင်စီရဲ့ပြစ်ဒဏ်လျှော့ပေါ့မှုမှာ ဒေါ်အောင်ဆန်းစုကြည်ကို ချမှတ်ထားတဲ့အမိန့်တွေ ပါဝင်လား

စစ်ကောင်စီက ဒီနေ့ ဇန်နဝါရီ ၄ ရက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့အကျဥ်းသား ၇၀၀၀ ကျော်ကို ပြန်လွှတ်ခဲ့ပြီး အမှု ၉ ခုမှ အပ ကျန်အမှုတွေမှာ ပြစ်ဒဏ် ၆ ပုံတစ်ပုံ လျှော့ပေါ့ခွင့်ပေးကြောင်း ထုတ်ပြန်လာပါတယ်။

စစ်ကောင်စီက ပြစ်ဒဏ် ၆ ပုံတစ်ပုံလျှော့ချခဲ့တဲ့အထဲမှာမပါတဲ့ အမှုကြီးရှစ်မျိုးကတော့ ၂၀၂၃ ခုနှစ် ဇန်နဝါရီမတိုင်မီက အဂတိမှု၊ လက်နက်မှု၊ မတရားအသင်းဆက်သွယ်မှု၊ မူးယစ်မှု၊ မုဒိမ်းမှု၊ လူသတ်မှု၊ သဘာဝဘေးစီမံခန့်ခွဲရေးဥပဒေ၊ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများအက်ဥပဒေ စတဲ့အမှုတွေကလွဲလို့ကျန်အမှုတွေမှာ ကျခံနေရတဲ့ပြစ်ဒဏ်ကို ၆ ပုံ တစ်ပုံ လျှော့ချမယ်လို့ ကြေညာခဲ့တာပါ။

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီက စွဲဆိုတဲ့အမှုပေါင်း ၁၉ မှုနဲ့ ထောင်ဒဏ် စုစုပေါင်း ၃၃ နှစ် ချခံထားရပြီး အဲဒီထဲမှာ အဂတိမှုက ၁၂ မှုနဲ့ သဘာဝဘေးက ၂ မှု ဖြစ်ပါတယ်။

ဒါကြောင့် ကျန် ငါးမှုမှာ နိုင်ငံတော်လျှို့ဝှက်အက်၊ ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ)၊ ဆက်သွယ်ရေးနဲ့ပို့ကုန်သွင်းကုန် နှစ်မှုနဲ့ ရွေးကောက်ပွဲကော်မရှင်အပေါ်မလျော်သြဇာသုံးစွဲမှု ဆိုတဲ့ ငါးမှုမှာ ကျခံရဖို့ကျန်တဲ့ပြစ်ဒဏ်တွေထဲက တစ်နှစ်ခွဲခန့်သာလျှော့ပေါ့မှုရရှိတာဖြစ်ကြောင်း တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။

လက်ရှိမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးကောင်းမွန်ပြီး နေပြည်တော်အချုပ်ထောင်တွင်းမှာသာ ထိန်းသိမ်းခံထားရကြောင်းနဲ့တစ်ပတ်ကို တနင်္လာနေ့တစ်ကြိမ် ထောင်ဝင်စာပို့ဆောင်ခွင့်ရကြောင်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က သူ့ကိုချမှတ်ထားတဲ့အမိန့်တွေအားလုံးကို အယူခံတက်ဖို့ ရှေ့နေအဖွဲ့ထံ ညွှန်ကြားထားပြီး အဲဒီထဲက တချို့တဝက်ကိုအယူခံတက်ထားပြီးဖြစ်ကြောင်းလည်းသိရပါတယ်။

စစ်ကောင်စီလွတ်ငြိမ်း - ဖမ်းဆီး ထောင်ချခံသတင်းသမားအချို့လည်း ပါဝင်

လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဆိုပြီး စစ်ကောင်စီက လွတ်ငြိမ်းသက်သာခွင့်နဲ့ပြန်လွှတ်ပေးလိုက်တဲ့ အကျဥ်းသူ အကျဥ်းသားတွေထဲမှာ အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံရပြီး ထောင်ဒဏ်ချမှတ်ခံရတဲ့သတင်းထောက်အချို့ ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။

ဘီဘီစီက သိရှိရသလောက် စစ်အာဏာသိမ်းနောက် ရာဇသတ်ကြီး ပုဒ်မ ၅၀၅-ကနဲ့ ထောင်ဒဏ်ချမှတ်ခံရတဲ့ သတင်းထောက် ၆ ဦးထက်မနည်းပြန်လွတ်လာပါတယ်။

ပြန်လွတ်လာသူတွေထဲ အလွတ်တန်းသတင်းထောက် အလှလေးသူဇာ၊ 7Day သတင်းထောက်ဟောင်း ကိုစိုင်းကိုကိုထွန်း၊ ရွေဖီမြေသတင်းဌာနက မလွေးအမ်းဖောင်း၊ VOM သတင်းဌာနက ကိုပြည့်ဖြိုးအောင်တို့ ပါဝင်တယ်လို့ သိရပါတယ်။

‘‘သတင်းထောက် မသူဇာကတော့ ဒဂုံအရှေ့(မြို့နယ်)ရဲစခန်းကနေ ပြန်လွတ်လာပြီလို့ အတည်ပြုနိုင်ပါတယ်။ အင်းစိန်၊ ဒိုက်ဦး၊ ပြည် စတဲ့ အကျဥ်းထောင်တွေကနေ ပြန်လွတ်လာကြတာပါ’’ လို့ သတင်းသမားတွေရဲ့ အမှုတွေကို လိုက်ပါဆောင်ရွက်ပေးခဲ့တဲ့ ဝါရင့်ရှေ့နေ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဒီနေ့ ပြန်လွတ်မြောက်လာသူတွေထဲမှာ မော်ကွန်းသတင်းဌာနက သတင်းထောက်ချုပ် ကိုကျော်ဇေယျလည်း ပါဝင်တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ ကိုကျော်ဇေယျ ပြန်လည်လွတ်မြောက်လာတာ မရှိဘူးလို့ မိသားစုဘက်က ပြောပါတယ်။

စစ်ကောင်စီဟာ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဆိုပြီး အကျဥ်ထောင်၊ အချုပ်ထောင်တွေမှာ ပြစ်ဒဏ် ကျခံနေရသူ ၇ ထောင်ကျော်ကို လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်တာပါ။

စစ်ကောင်စီက သတင်းထောက်ကို အခုလို ပြန်လွှတ်ပေးတာ ရှိနေပမဲ့ တစ်ဖက်မှာလည်း သတင်းသမား ၄ ဦးထက်မနည်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ နှစ်ကုန်ပိုင်း၊ ဒီဇင်ဘာလ နောက်ဆုံးသီတင်းပတ်မှာ ဖမ်းဆီးခံရတာနဲ့ ထောင်ဒဏ်ချမှတ်ခံရတာတွေရှိနေပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် ဖမ်းဆီးထိန်းသိမ်းခံနေရဆဲ သတင်းသမား ၅၀ ကျော်အထိ ရှိနေဆဲလို့ ဒီသတင်းသမားတွေအရေးကူညီပေးနေသူတွေက ပြောပါတယ်။

စစ်ကောင်စီလွတ်ငြိမ်း - ပြစ်ဒဏ်လျှော့ပေါ့ရာမှာ ရခိုင်ဝန်ကြီးချုပ်ဟောင်းနဲ့ စည်ပင်ဝန်ကြီးဟောင်းတို့လည်း ပါဝင်

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မှာကျရောက်တဲ့ ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်း အမှတ်အဖြစ် တစ်နိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်တွေက အကျဉ်းသား ၇ ထောင်ကျော်ကို လွတ်ငြိမ်းခွင့်ပေးခဲ့ပါတယ်။

အဲဒီထဲ ရခိုင်ပြည်နယ်မှာရှိတဲ့ စစ်တွေအကျဉ်းထောင်၊ ဘူးသီးတောင်အကျဉ်းထောင်၊ သံတွဲအကျဉ်းထောင်နဲ့ ကျောက်ဖြူအကျဉ်းထောင်တွေကနေ အကျဉ်းသား ၃၀၀ ကျော်လွတ်ငြိမ်းခွင့်ရရှိခဲ့တယ်လို့သိရပါတယ်။

လွတ်ငြိမ်းခွင့်ရရှိခဲ့တဲ့အကျဉ်းသားတွေကိုတော့ ဒီကနေ့နေ့လယ်ပိုင်းမှာပဲ အကျဉ်းထောင်အသီးသီးကနေ လွှတ်ပေးခဲ့ပြီး လွတ်မြောက်လာသူတွေထဲမှာတော့ နိုင်ငံရေးမှုနဲ့ အကျဉ်းကျခံနေရသူတွေမပါဝင်ဘဲ တခြားရာဇဝတ်အကျဉ်းသားတွေသာ လွတ်မြောက်လာခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

ရခိုင်ဝန်ကြီးချုပ်ဦးညီပုအပါအဝင် အစိုးရအဖွဲ့ဝင်ဝန်ကြီးဟောင်းတွေကတော့ စစ်ကောင်စီရဲ့လွတ်ငြိမ်းခွင့်ပေးတဲ့အထဲ မပါဝင်ခဲ့ပါဘူး။

“ဦးညီပုတို့ကတော့ လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အထဲမှာတော့မပါဘူး။ ဒါပေမဲ့ ပြစ်ဒဏ်လျှော့ပေါ့ပေးတဲ့အထဲမှာ‌တော့ ၅၀၅ နဲ့ပြစ်ဒဏ်ကျခံနေရတဲ့ ဦးညီပုနဲ့ ဝန်ကြီးငါးဦးထဲက စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်တို့နှစ်ဦး ခံစားခွင့်ရကြမှာဖြစ်ပါတယ်”လို့ သူတို့ရဲ့ရှေ့နေ ဦးငြိမ်းချမ်းကျော်က ပြောပါတယ်။

အစိုးရအဖွဲ့ဝင်ဝန်ကြီးချုပ်ဟောင်းအပါအဝင် ဝန်ကြီးငါးဦးစလုံးမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ််မနဲ့ထောင်ဒဏ်တွေချမှတ်ခံထားရတာဖြစ်လို့ ပြစ်ဒဏ် ၆ ပုံ ၁ ပုံလျှော့ချတဲ့အထဲမှာတော့ အဲဒီပုဒ်မတွေအတွက်မပါဝင်ဘူးလို့သိရပါတယ်။

ဒါ့အပြင် ဝန်ကြီးချုပ်ဟောင်း ဦးညီပုမှာ ပြစ်ဒဏ်ကျခံနေရစဉ်အတွင်း မျက်လုံးတစ်ဘက်တိမ်စွဲကပ်ပြီး ဝေဒနာခံစားနေရသလို အမြင်အာရုံချို့တဲ့နေတဲ့အတွက် ဆေးကုသခွင့်တောင်းခံထားပေမယ့် ကုသခွင့်မရရှိသေးပါဘူး။

သူတို့ငါးဦးစလုံးဟာ ဖမ်းဆီးခံလိုက်ရချိန်ကနေ စစ်တွေအကျဉ်းထောင်အတွင်းမှာ ထိန်းသိမ်းခံနေကြရတာဖြစ်ပြီး မိသားစုတွေနဲ့လည်းတွေ့ခွင့်မရကြဘူးလို့ ဦးညီပုရဲ့သမီးဖြစ်သူ ဒေါ် ကြည်ကြည်ဦးက ပြောဆိုထားပါတယ်။

စစ်တွေမှာ ပစ်သတ်ခံရသူ အမျိုးသား ၃ ဦးထဲ ALP စစ်ဦးစီးချုပ်ပါဝင်တယ်ဆိုတဲ့ သတင်းတွေထွက်နေ

 ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဒီကနေ့ မနက်ပိုင်းတုန်းက သေနတ်နဲ့ ပစ်သတ်ခံရပြီး သေဆုံးခဲ့သူ အမျိုးသား ၃ ဦးထဲမှာ  ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP)ရဲ့ စစ်ဦးစီးချုပ်လည်း ပါဝင်ပြီး ကျန် ၂ ဦးက ALP တပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

သေဆုံးသွားသူတွေဟာ ရခိုင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ALP ရဲ့ စစ်ဦးစီးချုပ် ဦးစောမြ ၅၃ နှစ်၊ တပ်ရင်းမှူး ခိုင်ကျော်စိုး ၃၄ နှစ်နဲ့ ဗိုလ်ကြီး ကျော်မင်းစိုး (ခ) သူရိန္ဒ ၃၁ နှစ်တို့ ဖြစ်တယ်လို့ ရခိုင်အခြေစိုက် သတင်းတွေက ဖော်ပြပါတယ်။

သူတို့ ၃ ဦးဟာ ဇန်နဝါရီ ၄ ရက် ဒီကနေ့မနက်ပိုင်းမှာ လွတ်လပ်ရေးနေ့  အခမ်းအနားတက်ပြီး သူတို့နေထိုင်တဲ့ စက်ရုံစုရပ်ကွက်ကို အဖြူရောင် အိမ်စီးကားနဲ့ပြန်လာချိန် ပစ်ခတ်ခံခဲ့ရတာလို့လည်း ကနဦးသတင်းတွေအရ သိရပါတယ်။

ALP ရဲ့ စစ်ဦးစီးချုပ်အပါအဝင် အရာရှိ ၃ ဦးပစ်သတ်ခံလိုက်ရတာနဲ့ပတ်သက်လို့ အတည်ပြုချက်ရယူဖို့ ALP ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါ်စောမြရာဇာလင်းကို  ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အတည်ပြုပေးလို့ မရသေးဘူးလို့ပဲ သူ့ရဲ့ကိုယ်ရေးအရာရှိက ပြန်လည်တုံ့ပြန်ပါတယ်။

 အခင်းဖြစ်ပွားတဲ့နေရာဟာ အာဂျိတ်တော်ကုန်းမှာရှိတဲ့ စိတ္တသုခ ကမ္မဌာန်းကျောင်းတိုက်ရှေ့နားမှာဖြစ်ပြီး  လမ်းဘေးထိုးကျနေတဲ့ ကားနဲ့အတူ ပစ်ခတ်ခံရတဲ့သူတွေရဲ့ သေဆုံးနေတဲ့အခြေအနေကို တွေ့ခဲ့ရတာလို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့သူတွေက ပြောပါတယ်။

 “မနက်က ကျွန်တော်တို့ကို အကြောင်းကြားလာတဲ့အတွက် အသင်းက ကားတစ်စီးနဲ့လိုက်သွားတော့ အဲ့ဒီမှာ သေဆုံးနေတာက သုံးယောက်ဖြစ်နေတာတွေ့ရတယ်။ ပြီးတော့ ကားမတော်တဆမှုမဟုတ်ဘဲ သေနတ်နဲ့ပစ်သတ်ထားတာကို မြင်တွေ့ရတာပေါ့။ ဘယ်သူတွေဆိုတာ မသိခဲ့ရဘူး။ နောက်မှပဲ ALP ကဆိုတာ သိရတာပါ”လို့ ကူဆယ်ရေးမှာပါဝင်သူတစ်ဦးကပြောပါတယ်။

အဲဒီအမျိုးသားတွေဟာ ဦးခေါင်း၊ နားထင်၊ ရင်ဘတ်၊ ခြေထောက်စတဲ့နေရာတွေမှာ သေနတ်ဒဏ်ရာတွေရရှိထားတာတွေ့ရပြီး ဘယ်သူတွေပစ်ခတ်သွားခဲ့တယ်ဆိုတာ မသိရသေးပါဘူး။

ကြာအင်းဆိပ်ကြီးတိုက်ပွဲမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်

ကြာအင်းဆိပ်ကြီးတိုက်ပွဲ - စစ်တပ်က လေကြောင်းတိုက်ခိုက် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားအစည်းအရုံး - ကေအဲန်ယူ တပ်မဟာ ၆ နယ်မြေထဲက ကရင်အမျိုးသားလွတ်မြောက်ရေး KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ ဇန်နဝါရီလ ၄ ရက် မနက်ပိုင်းမှာ တိုက်ခိုက်တာကြောင့် စစ်တပ်က လေကြောင်းကနေ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

‘‘တိုက်လေယာဥ်တစ်စီးက မနက်တုန်းက ဝဲသွားပြီး ပစ်တယ်။ အခုက ရဟတ်ယာဥ်တွေက ဝဲပြီး ပစ်နေတာပါ။ မနက်ကတည်းက ဆိုရင် ၇ ကြိမ်၊ ၈ ကြိမ်လောက်ရှိနေပါပြီ။ တောစပ်တွေ့ရင် ပစ်နေတယ်။ ဘယ်သူမှ အိမ်အပြင် မထွက်ရဲကြသေးဘူး။ ရွာထဲ ပစ်ခတ်တာ၊ လက်နက်ကြီးကျမှာ စိုးရိမ်နေကြတယ်’’ လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

မနေ့ညနေ ၆ နာရီဝန်းကျင်ကတည်းက တိုက်ပွဲစဖြစ်တာဖြစ်ပြီး စစ်ကောင်စီတပ်က ဒီနေ့မနက်ပိုင်းကစလို့ လေကြောင်းပစ်ခတ်မှု ပြုလုပ်တာလို့လည်း ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့နေရာ တိတိကျကျမသိရသေးပေမဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတော့ စစ်ကောင်စီတပ်ရဲ့ ခလရ ၃၂ တပ်ရင်း မှာ ဒီနေ့ မနက် ၆ နာရီလောက်က စပြီး တိုက်ပွဲဖြစ်နေတာလို့ လူမှုကွန်ယက်ကနေ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီလွတ်ငြိမ်း -သူရဦးအောင်ကို နေအိမ်ပြန်ရောက်ပြီ

အမျိုးသားဒီမိုကရေစီအစိုးရလက်ထက်မှာ သာသနာရေးနဲ့ ယဥ်ကျေးမှု ဝန်ကြီးတာဝန်ယူခဲ့တဲ့ သူရဦးအောင်ကို ကို စစ်ကောင်စီက အင်းစိန်အကျဥ်းထောင်ကနေ ပြန်လွှတ်ပေးလိုက်ပြီး နေအိမ်ကိုပြန်လည်ပို့ဆောင်ခဲ့တယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေထံကနေ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

"အိမ်ပြန်ရောက်ပါပြီ။ ခုနက အိမ်နဲ့ အဆက်အသွယ်ရပါတယ်။ ကျန်းမာရေးလည်းကောင်းပါတယ်" လို့ တရားရုံးအသိုင်းအဝိုင်းနဲ့နီးစပ်သူတစ်ဦးက ဘီဘီစီကိုအတည်ပြုပါတယ်။

ဒါ့အပြင် သူရဦးအောင်ကို နေအိမ်ကိုပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း မိသားစုဝင်တချို့ကလည်း လူမှုကွန်ရက်မှာ ဒီနေ့ ဇန်နဝါရီ ၄ ရက်နေ့ မွန်းလွဲပိုင်းမှာရေးသားလာပါတယ်။

စစ်ကောင်စီက သူရဦးအောင်ကို ကို အဂတိမှု လေးမှုနဲ့ စုစုပေါင်း ထောင် ၁၂ နှစ် ကို ၂၀၂၂ ခုနှစ် မတ်လက ချမှတ်ထားတာဖြစ်ပြီး ပြစ်ဒဏ်တစ်ဝက်ကို ပြန်လည်လျှော့ချပေးခဲ့ပါတယ်။

စစ်ကောင်စီက သူရ ဦးအောင်ကို ကို ပြည်ထောင်စုဝန်ကြီးတာဝန်ထမ်းဆောင်ချိန်က သာသနာ့နုဂ္ဂဟဘွဲ့ တံဆိပ်ချီးမြင့်မှုအပိုင်းမှာ ငွေကြေးရယူတာနဲ့ လုပ်ငန်းရှင်တစ်ဦးဆီကနေ ငွေတွေယူခဲ့တာတွေအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၄ ခုနဲ့တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

အသက် ၇၅ နှစ် ရှိပြီဖြစ်တဲ့ သူရဦးအောင်ကိုဟာ စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက သမ္မတဦးဝင်းမြင့်၊ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့အတူ အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ပြည်နယ်ဝန်ကြီးချုပ်တွေနဲ့ ဝန်ကြီးတွေအများစုနည်းတူ ဖမ်းဆီးထိန်းသိမ်းခံရပြီး အခုအမှုတွေကိုလည်း အင်းစိန်ထောင်တွင်းကနေ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

စစ်ကောင်စီလွတ်ငြိမ်း - အကျဥ်းသူအကျဥ်းသား ၇ ထောင်ကျော် ပါဝင်

မြန်မာစစ်ကောင်စီက နိုင်ငံထဲက အကျဥ်းထောင်၊ အကျဥ်းစခန်းတွေထဲ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဥ်းသူအကျဥ်းသား ၇ ထောင်ကျော်ကို လွတ်ငြိမ်းခွင့်ပေးလိုက်တယ်လို့ ထုတ်ပြန်ကြေညာလာပါတယ်။ အဲဒါအပြင် သတ်မှတ်ပြစ်ဒဏ်တွေမှအပ အခြားအကျဥ်းသားတွေကိုလည်း မူလပြစ်ဒဏ်ရဲ့ ခြောက်ပုံတစ်ပုံ လျော့ချ လွတ်ငြိမ်းခွင့်ကိုလည်း ဒီကနေ့မှာ ထုတ်ပြန်ခွင့်ပြုခဲ့ပါတယ်။ ဒီနေ့ ဇန်နဝါရီလ ၄ ရက်မှာကျရောက်တဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အခုလို လွတ်ငြိမ်းခွင့် ပေးတာလို့ ဆိုပါတယ်။ ပြစ်ဒဏ်လျော့ချလွတ်ငြိမ်းခွင့်ရသူတွေထဲ လူသတ်မှု၊ မုဒိန်းမှု၊ ပေါက်ကွဲစေတတ်တဲ့ဝတ္ထုပစ္စည်းများ အက်ဥပဒေ၊ မတရားအသင်းများ အက်ဥပဒေ၊ လက်နက်ဆိုင်ရာဥပဒေတွေ၊ မူးယစ်ဥပဒေ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေဆိုင်ရာ အမှုတွေ၊ အဂတိအမှု တွေနဲ့ ပြစ်ဒဏ် ကျခံနေရသူတွေမပါဘဲ အခြားဥပဒေ ပုဒ်မတွေကို ကျူးလွန်မှုနဲ့ ပြစ်ဒဏ်ချခံနေရသူတွေကိုသာ ပြစ်ဒဏ်လျော့ပေါ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးတာလို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

လွတ်ငြိမ်းခွင့်မရတဲ့ ပြစ်ဒဏ်သတ်မှတ်ချက်တွေထဲ ပြည်တွင်းစစ်အာဏာသိမ်းမှုဖြစ်ပြီးနောက် နိုင်ငံရေးသမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ ဖမ်းဆီးထိန်းသိမ်းခံရကာ ထောင်ဒဏ်တွေချမှတ်ခံရတဲ့ သဘာဝဘေး စီမံခန့်ခွဲမှု၊ အဂတိမှုတွေ ပါဝင်နေပါတယ်။

ဒါကြောင့် အဲဒီအမှုတွေနဲ့ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့အပါအဝင် NLD အစိုးရ လက်ထက်တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝန်ကြီးတွေ၊ ဝန်ကြီးချုပ်ဟောင်းတွေဟာ အခုတစ်ကြိမ် လွတ်ငြိမ်းခွင့်မှာ မပါဝင်နိုင်ပေမယ့် သတ်မှတ်ချက်မပါဝင်တဲ့ ပြစ်ဒဏ်တွေအတွက်တော့ ပြစ်ဒဏ်လျော့ပေါ့တာတွေရှိနိုင်မယ်လို့ ဘီဘီစီက လတ်တလောသိရှိထားရပါတယ်။

စာရေးဆရာ ဒေါ်သန်းမြင့်အောင်၊ ဦးထင်လင်းဦးတို့ လွတ်မြောက်စာရင်းမှာပါတယ်လို့ သတင်းတွေထွက်နေပြီး မိသားစုက မျှော်လင့်နေ

စစ်ကောင်စီက အကျဥ်းသားအကျဥ်းသူ ၇၀၀၀ ကျော်ကိုပြစ်ဒဏ်လျှော့ပေါ့လွတ်ငြိမ်းခွင့်ပြုတယ်လို့ကြေညာစာရေးဆရာလည်းဖြစ်၊ ပရဟိတမိခင်လို့လည်းတင်စားကြတဲ့ NLD အစိုးရလက်ထက် ရန်ကုန်စည်ပင်ကော်မတီဝင်ဟောင်း စာရေးဆရာဒေါ်သန်းမြင့်အောင် ဒီနေ့ အင်းစိန်အကျဥ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာမယ့်စာရင်းမှာပါဝင်တယ်လို့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပြီး ဒါနဲ့ပတ်သက်လို့ မိသားစုဝင်တစ်ဦးက ဘီဘီစီကိုခုလိုပြောပါတယ်။

“အိမ်ကပဲမျှော်နေပါတယ်။ ထောင်ရှေ့မှာ မစောင့်တော့ပါဘူး၊ ခဏခဏ လွတ်မယ် လွတ်မယ်ဆိုပြီး သတင်းတွေထွက်ပြီး တကယ်တမ်းကျ မပါလာတော့ ကျွန်မတို့လည်း ထောင်ရှေ့မသွားတော့ပါဘူး”လို့ ဒေါ်သန်းမြင့်အောင်ရဲ့မိသားစုဝင်က ဘီဘီစီကိုအတည်ပြုပါတယ်။

ဒီနေ့ လွတ်ငြိမ်းနဲ့ပြန်လွတ်တဲ့အထဲ NLD ပါတီဝင် စာရေးဆရာဦးထင်လင်းဦးလည်း ပါဝင်တယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။

ဒေါ်သန်းမြင့်အောင်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းတဲ့နေ့ကတည်းက အစောဆုံးဖမ်းဆီးခံရသူတွေထဲမှာ ပါဝင်ပြီး စစ်ကောင်စီက သူ့ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်ထားတာဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက်နှစ်နှစ်နီးပါးအတွင်း စစ်ကောင်စီက ပေးတဲ့လွတ်ငြိမ်းချမ်းသာခွင့် ၈ ကြိမ်ထက်မနည်းရှိခဲ့ပေမဲ့ ဒေါ်သန်းမြင့်အောင်ကတော့မပါဝင်သေးဘဲဒီနေ့ ပြန်လွတ်မလွတ်ကိုတော့ ဆက်လက်စောင့်ကြည့်ရဖို့ရှိပါတယ်။

ဦးထင်လင်းဦးကို စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က သူ့နေအိမ်ကို လက်နက်ကိုင်ထားတဲ့ စစ်သားတွေ အလုံးအရင်းနဲ့ လာရောက် ဖမ်းဆီးတာ ခံခဲ့ရပြီး နောက် တစ်လ အကြာ ၂၀၂၁ ခုနှစ် မတ်လ ၁ ရက်နေ့ မှာ အင်းစိန်ထောင်ကို ပို့ပြီး ပုဒ်မ ၅၀၅- က နဲ့ အမှုဖွင့်ခဲ့တာဖြစ်ပြီး ထောင် ၃ နှစ်ချမှတ်ခဲ့ပါတယ်။

စစ်ကောင်စီကတော့ ဒီကနေ့ ကျရောက်တဲ့ ၇၅ နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အနေနဲ့ အကျဥ်းသားအကျဥ်းသူ ၇၀၀၀ ကျော်ကို ပြစ်ဒဏ်လျှော့ပေါ့လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ ထုတ်ပြန်လာပါတယ်။

သူရဦးအောင်ကို ကိုလည်း စစ်ကောင်စီက ၂၀၂၂ ခုနှစ် မတ်လမှာ အဂတိလေး မှုနဲ့ထောင် ၁၂ နှစ်ချမှတ်ခဲ့တဲ့နောက် ပြစ်ဒဏ်တစ်ဝက်လျှော့ချခဲ့ပြီး အခုအခါအင်းစိန်ထောင်ကနေ ပြန်လွှတ်ပေးလိုက်တယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။

ဗလာဒီဗော့စတော့မြို့တွေ့ဆုံမှု အရေးပါကြောင်း စစ်ကောင်စီဥက္ကဋ္ဌကို ရုရှားသမ္မတပြောလာ

ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့မြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက တွေ့ဆုံမှုဟာ အရေးပါတဲ့အကြောင်း ရုရှားသမ္မတ ပူတင်က မြန်မာစစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပြောလာပါတယ်။

ဒီနေ့ ဇန်နဝါရီလ ၄ ရက်မှာကျရောက်တဲ့ မြန်မာ့လွတ်လပ်ရေးနေ့ကို ပေးပို့တဲ့ သဝဏ်လွှာမှာ သမ္မတ ပူတင်က အခုလိုပြောလာတာပါ။

ဒါ့အပြင် နှစ်နိုင်ငံကြားရရှိထားတဲ့သဘောတူညီချက်တွေဟာ နှစ်နိုင်ငံပြည်သူတွေအတွက်၊ ဒေသတွင်း တည်ငြိမ်မှုနဲ့ လုံခြုံမှု အတွက် နယ်ပယ်စုံ နှစ်နိုင်ငံ ဆက်ဆံရေးကို အထောက်အကူဖြစ်စေမယ်လို့ ယုံကြည်တဲ့အကြောင်းလည်း အဲဒီ သဝဏ်လွှာမှာ ရေးထားတာ တွေ့ရပါတယ်။

မြန်မာစစ်ခေါင်းဆောင်နဲ့ သမ္မတ ပူတင်တို့ဟာ ဗလာဒီဗော့စတော့မြို့မှာကျင်းပခဲ့တဲ့ အရှေ့ဖျားဖိုရမ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ တုန်းက တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

မြန်မာနဲ့ ရုရှားဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်တွေအတွင်း လက်နက်ဝယ်ယူတာနဲ့ မြန်မာတပ်မတော်သားတွေကို ပညာတော်သင်စေလွှတ်တာလို စစ်ရေးဆက်ဆံရေးကနေ မြန်မာမှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးတဲ့နောက် နှစ်နိုင်ငံ ဆက်ဆံရေးဟာ နိုင်ငံရေးဆက်ဆံမှု အသွင်အထိပါရောက်လာတာဖြစ်ပါတယ်။

ရွေးကောက်ပွဲအနိုင်ရပါတီကို အာဏာလွှဲပေးမယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ကတိထပ်ပေး

ပုဂ္ဂိုလ်ရေးလွန်ကဲစွာယုံကြည်မှုက ဒီမိုကရေစီနဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်လို့လည်းပြောပြန်

အထွေထွေရွေးကောက်ပွဲကိုကျင်းပပေးပြီး အနိုင်ရပါတီကို နိုင်ငံတော် တာဝန်လွှဲအပ်ဖို့ဆိုတဲ့ရှေ့လုပ်ငန်းစဉ် အတိုင်း ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီလ ၄ ရက် ဒီကနေ့ကျရောက်တဲ့ ၇၅ နှစ် မြောက်စိန်ရတု၊ လွတ်လပ်ရေးနေ့မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ရွေးကောက်ပွဲကို တနိုင်ငံလုံး အကြားအလပ်မရှိကျင်းပပေးနိုင်အောင်ကြိုးစားနေတယ်လို့ သူကဆက် ပြောပါတယ်။ ရွေးကောက်ပွဲမှာ မဲပေးသူတွေ ခြိမ်းခြောက်အကျပ်ကိုင်ခံရမှု ကင်းဝေးစေရ မယ်လို့လည်း ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာတော့ နိုင်ငံအတွင်းမြို့နယ်ပေါင်း ၃၃၀ ထဲက ၂၀၁၀ ခုနှစ်မှာ ၃၂၅ မြို့နယ်၊ ၂၀၁၅ ခုနှစ်မှာ ၃၂၃ မြို့နယ်နဲ့၊ ၂၀၂၀ ခုနှစ်မှာ‌တော့ ၃၁၅ မြို့နယ်တို့မှာ ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ပါတယ်။

အဲဒါအပြင် ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရာမှာ ဒီမိုကရေစီနဲ့ ပတ်သက်လို့၊ ဖက်ဒရယ်စနစ်နဲ့ ပတ်သက်လို့ တိုင်းရင်းသားပြည်သူတွေအကြား အယူအဆ ဘယ်လို ကွဲပြားမှုတွေရှိနေရှိနေ မိမိနိုင်ငံနဲ့ ကိုက်ညီ သဟဇာတဖြစ်တဲ့အရာကို ရွေးချယ်ဖို့ လိုအပ်တယ်လို့ စစ်ကောင်စီခေါင်းဆောင်က ဒီကနေ့မှာပဲ သတိပေးပြောဆိုလာပါတယ်။

ပုဂ္ဂိုလ်ရေးအရ လွန်ကဲစွာယုံကြည်ကိုးကွယ်ခြင်းကလည်း လူ့အဖွဲ့အစည်းအတွင်း ကွဲပြားမှုများကို ဖြစ်ပေါ်နိုင်ပြီးတော့ အမျိုးသားစည်းလုံးညီညွတ်ရေးကို ထိခိုက်စေနိုင်တဲ့အတွက် ဒီမိုကရေစီစနစ်နဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်လို့လည်း ထည့်သွင်းပြောခဲ့ပါသေးတယ်။

မိတ်ဆွေနိုင်ငံ၊ မိတ်ဆွေအဖွဲ့အစည်းတွေအနေနဲ့ စစ်ကောင်စီရဲ့နိုင်ငံရေးလုပ်ငန်းစဉ်မှာ ပူးပေါင်းပါဝင် အားပေးပြီး မြန်မာ့ဒီမိုကရေစီအရေးကိုဝိုင်းဝန်းကာကွယ်ပေးကြဖို့လည်း စစ်ကောင်စီဥက္ကဋ္ဌက ဒီကနေ့ မိန့်ခွန်းမှာ ပြောဆိုခဲ့ပါတယ်။

စစ်ကောင်စီကျင်းပမယ့်ရွေးကောက်ပွဲကို အမေရိကန်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ တို့ကအသိအမှတ် မပြုဘူးလို့ ထုတ်ပြောထားတဲ့အချိန်မှာဘဲ စစ်ကောင်စီဥက္ကဋ္ဌက စစ်ကောင်စီရဲ့ နိုင်ငံရေးလုပ်ငန်းစဥ်တွေကို ပူးပေါင်းအားပေးဖို့ အခုလိုတုံ့ပြန် ထည်သွင်းပြောဆိုလာတာလည်း ဖြစ်ပါတယ်။

အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ လာအိုနဲ့ဘဂ်လားဒေ့ရှ်နိုင်ငံတို့နဲ့ နီးကပ်ပူးပေါင်း ဆက်ဆံနေသလို မြန်မာနိုင်ငံနယ်မြေကို အသုံးပြုပြီးအိမ်နီးချင်းနိုင်ငံတွေကို ဆန့်ကျင်မယ့်ဘယ်အဖွဲ့အစည်း ကိုမှ လက်ခံသွားမှာ မဟုတ်ဘူးလို့လည်း စစ်ကောင်စီဥက္ကဋ္ဌက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

နေပြည်တော်မှာ စိန်ရတုလွတ်လပ်ရေးနေ့ကို ဒီကနေ့ဇန်နဝါရီ လ ၄ ရက် မနက်အစောပိုင်းကတည်းက ကျင်းပနေတာဖြစ်ပြီး စစ်ကောင်စီဥက္ကဋ္ဌက ဗိုလ်ရှုခံအဆောက်အဦကနေ အလေးပြုခံပြီး မိန့်ခွန်းပြောခဲ့ တာဖြစ်ပါတယ်။

မန္တလေးက ကလေးငယ်ဖမ်းဆီးသူကို ဘယ်လိုအရေးယူထားလဲ

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်က ငါးရက်ကြာ ကလေးငယ်တစ်ဦးပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး ခေါ်ဆောင်ထားသူအမျိုးသမီးကို လူခိုးမှု ရာဇသတ်ကြီးပုဒ်မ (၃၆၃)နဲ့ တရားစွဲတင်ဖို့ ကနဦးဆောင်ရွက် ထားတယ်လို့ ကလေးငယ်ရဲ့မိသားစုဝင်တွေထံကသိရပါတယ်။

ရာဇသတ်ကြီး ပုဒ်မ ၃၆၃ အရပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၇နှစ်နဲ့ ငွေဒဏ်ပါ ချမှတ်နိုင်တဲ့ ပြစ်မှုလည်း ဖြစ်ပါတယ်။

ကလေးငယ်မိသားစုဝင်အနေနဲ့ လူခိုးမှုအပြင် ငွေတောင်းခြိမ်းခြောက်မှုတွေကိုပါ တင်ပြကာနောက်ထပ် ကလေးငယ်တွေပါအလားတူမဖြစ်နိုင်ရေး ကာကွယ်လုပ်ဆောင်ပေးဖို့ ပြင်ဆင်လုပ်ဆောင်နေတာလည်း ရှိတယ်လို့ ကလေးငယ်မိသားစုဝင်တွေက ဘီဘီစီကိုပြောပါတယ်။

“တောင်းတာတွေရှိတယ်၊ ဘိုက်ဘာကနေ အသံတွေဘာတွေနဲ့၊ အခုလိုလုပ်တာက တယောက်တည်း တော့ မဖြစ်နိုင်ဘူးလို့ ယူဆတယ်။ ဒါတွေကိုပြောချင်တာ သူတို့ထွက်ပေါက်မရှိတော့မှ အုပ်အော်သောင်းနင်းဖြစ်မှ ကလေးကိုထုတ်ပေးတာ၊ သူတို့ဘဲလုပ်တာလား၊ အဖွဲ့အစည်းနဲ့ လုပ်တာမျိုးဆိုရင်အခြား ကလေးတွေ အတွက်ပါ စိုးရိမ်လို့ ဖော်ထုတ်ပြချင်တာပါ” လို့ ကလေးငယ်ဖခင်က ပြောပါတယ်။

ဒါကြောင့် ငွေတောင်းခံ ပြန်ပေးစွဲမှုတွေပါ ရဲစခန်းကို သက်သေတင်ထားတယ်လို့ ကလေးငယ်မိသားစုက ပြောပါတယ်။

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်က ငါးရက်ကြာပျောက်ဆုံးနေတဲ့ အသက် ငါးနှစ်အရွယ် ကလေးငယ် မောင်ဇွဲဝေယံထွန်းကို ဘေးအိမ်ကနေ ဒီဇင်ဘာ ၁၆ရက်နေ့မှာ ပြန်တွေ့ခဲ့ပါတယ်။

ကလေးငယ်ပျောက်ဆုံးတာနဲ့ ပတ်သက်လို့ မသင်္ကာလို့ ရပ်ကွက်ဒေသခံတွေနဲ့အတူ ဘေးအိမ်ကို ဝင်ရောက် ရှာဖွေရာကနေ ကလေးငယ်ကို ပြန်တွေ့ ခဲ့တာပါ။

ကလေးငယ်ဖွက်ထားသူကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ရက်နေ့မှာ ဖမ်းဆီးနိုင်ခဲ့ပြီး အခုအခါ အမှတ်(၃)ရဲစခန်း အချုပ်ထဲမှာပဲရှိသေးတယ်လို့ ဖခင်ဖြစ်သူက ပြောပါတယ်။

ကလေးငယ်က ကျန်းမာရေးကောင်းမွန်ပေမယ့် တခါတရံမှာ ဖမ်းဆီးခဲ့တဲ့ အမျိုးသမီးနဲ့ ပတ်သက်တဲ့ ကြောက်စိတ်ပုံစံမျိုးပေါ်လာတာမျိုးရှိနေသေးတယ်လို့ မိသားစုဝင်တွေက ပြောကြပါတယ်။

နုတ်ထွက်တဲ့ အုပ်ချုပ်ရေးမှုး ၉၀ခန့် အေအေတိုက်တွန်းချက်နဲ့ တာဝန်ပြန်ယူမယ်လို့ ပြော

စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ ကျေးရွာရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို နှုတ်ထွက်ထားကြတဲ့ရာထူးတွေမှာ ပြန်လည်တာဝန်ထမ်းဆောင်ကြဖို့ ဇန်နဝါရီ ၂ ရက်နေ့က ULA/AA ကနေ တိုက်တွန်းလိုက်တယ်လို့ သိရပါတယ်။

စစ်ကောင်စီနဲ့ အေအေတို့အကြား နှစ်ဘက်အပစ်ခတ်ရပ်စဲလိုက်ပြီးတဲ့နောက်ပိုင်းမှာ ပုဏ္ဏားကျွန်းမြို့နယ် အတွင်းက အုပ်ချုပ်ရေးမှူး ၇၀ ကျော်နဲ့ ရသေ့တောင်မြို့နယ်အတွင်းက ၂၀ ဝန်းကျင်တို့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလတွေအတွင်း စစ်ကောင်စီနဲ့အေအေတို့အကြား တာဝန်ထမ်းဆောင်ရတာ လုံခြုံမှု မရှိဟုဆိုပြီး နှုတ်ထွက်ခဲ့ကြတာပါ။

အဲ့ဒီ အုပ်ချုပ်ရေးမှူးတွေကို တာဝန်ကနေနှုတ်ထွက်ကြဖို့ အေအေက ပြောဆိုတဲ့အတွက် နှုတ်ထွက်ခဲ့ကြတာ ဖြစ်ပြီး အခုပြန်လည်တာဝန်ထမ်းဆောင်ခိုင်းတဲ့အတွက် ဆက်လက်တာဝန်ယူကြမှာဖြစ်တယ်လို့ အုပ်ချုပ် ရေးမှူးတစ်ဦးက ပြောပါတယ်။

အခုလို အပစ်ရပ်ထားတဲ့ကာလအတွင်းမှာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေနှုတ်ထွက်တာနဲ့ပတ်သက်လို့ စစ်ကောင်စီကနေ စီစစ်မှုတွေပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

နုတ်ထွက်ပြီးနောက်ပြန်လည် တာဝန်ထမ်းဆောင်မယ့် အုပ်ချုပ်ရေးမှူးတွေကို တာဝန်ပြန်လည်ပေးအပ်မယ့် အခြေအနေရှိမရှိကိုတော့ မဖြေကြားနိုင်သေးဘူးလို့ ပြည်နယ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကပြောပါတယ်။

ဒါ့အပြင် အုပ်ချုပ်ရေးမှူးတွေအလုပ်ပြန်လုပ်ကြဖို့ စစ်ကောင်စီနဲ့ အေအေတို့အ အကြား ညှိနှိုင်းခဲ့မှုရှိမရှိကိုလည်း မသိရသေးပါဘူး။

အေအေဘက်ကတော့ အုပ်ချုပ်ရေးမှူးတွေကို ပြန်လည်တာဝန်ထမ်းဆောင်ဖို့ တိုက်တွန်းမှုနဲ့ ပတ်သတ်တာ၊ နယ်မြေတွေအတွင်း အုပ်ချုပ်ရေးမှူးတွေ စစ်ကောင်စီရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းတွေကို လုပ်ဆောင်ခွင့် ပေးမပေးစတာတွေကို ရှင်းရှင်းလင်းလင်းထုတ်ပြောတာမျိုးမရှိသေးပါဘူး။

စစ်ရေးတင်းမာမှုတွေရှိနေတဲ့ ဒေသတွေမှာ ကျေးရွာရပ်ကွက်အုပ်ချုပ်ရေးတာဝန်ကို ထမ်းဆောင်နေကြ သူတွေဟာ နှစ်ဘက်အဖွဲ့အစည်းတွေနဲ့ သင့်မြတ်ဖို့လိုအပ်တဲ့အတွက် အခုလိုဖြစ်ရတာဖြစ်တယ်လို့ ရခိုင် နိုင်ငံရေးသမားလည်းဖြစ် လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြစ်တဲ့ ဒေါက်တာအေးမောင်က ထောက်ပြပါတယ်။

"တချို့ကျေးလက်မှာ အေအေလွှမ်းမိုးမှုကများနိုင်တယ်။ တချို့မှာလည်း တပ်မတော်ဘက်ကရှိနိုင်တယ်။ အုပ်ချုပ်ရေးမှူးတွေကတော့ မျှတအောင်နေကြတဲ့အစဥ်အလာရှိတော့ အဲဒါကိုတော့ သဘောပေါက်ကြဖို့လိုတယ်" လို့ ‌သူကပြောပါတယ်။

နှစ်ဘက်အဖွဲ့အစည်းတွေ အားပြိုင်ကြတဲ့အခါမှာ အုပ်ချုပ်ရေးမှူးတွေမရှိလို့ရှိရင် ကျန်းမာရေး၊ ခရီးသွား လာရေးကအစ အခက်အခဲတွေဖြစ်လာပြီး ပိတ်ဆို့မှုတွေနဲ့ကြုံနေရတဲ့ဒေသတွေက ပြည်သူတွေအပေါ် နစ်နာမှုတွေ ပိုပြီးသောက်ရောက်စေတယ်လို့ ထောက်ပြပြောဆိုမှုတွေလည်း ရှိနေပါတယ်။