နိုဝင်ဘာ ၃၀ ရက် နိုင်ငံတဝန်းသတင်းများအနှစ်ချုပ်- ဒါရိုက်တာနဲ့ သရုပ်ဆောင်တွေ ထောင်ဒဏ်ချမှတ်ခံရ

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၅

စစ်ကော်မရှင်ဟာ ပြီးခဲ့တဲ့လတွေအတွင်း ဖမ်းဆီးထိန်းသိမ်းထားခဲ့တဲ့ ဒါရိုက်တာတွေနဲ့ သရုပ်ဆောင်တွေကို ရွေးကောက်ပွဲအကာအကွယ်ပေးရေးဥပဒေပုဒ်မနဲ့ ထောင်ဒဏ်တွေ အသီးသီး ချမှတ်လိုက်ပြီလို့ ဖမ်းဆီးခံရသူတွေရဲ့မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။

စစ်ကော်မရှင်က ဒါရိုက်တာ မိုက်တီး၊ ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင်၊ ဒါရိုက်တာ အောင်ချမ်းလူ၊ ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်နဲ့ ဟာသရုပ်ဆောင် အုန်းဒိုင်းတို့ကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ထောင်ဒဏ်တွေ အသီးသီးချမှတ်ခဲ့တာလို့ ဆိုပါတယ်။

ဒါရိုက်တာ မိုက်တီးကို ရန်ကင်းမြို့နယ်တရားရုံးက ထောင်ဒဏ် ၇ နှစ်၊ ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင်ကို တာမွေမြို့နယ်တရားရုံးကနေ ထောင်ဒဏ် ၇ နှစ်၊ သရုပ်ဆောင် ကျော်ဝင်းထွဋ်ကို ဗဟန်းမြို့နယ်တရားရုံးကနေ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်လိုက်တာလို့ အမှုအကြောင်းသိရှိသူနဲ့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဖမ်းဆီးခံထားရသူတွေ နေထိုင်တဲ့မြို့နယ်တရားရုံးတွေမှာ ပြီးခဲ့တဲ့နိုဝင်ဘာလ ၂၇ ရက်နဲ့ ၂၈ ရက်မှာ ရုံးထုတ်ပြီး ထောင်ဒဏ်တွေကို ချမှတ်ခဲ့တာလို့ သိရပါတယ်။

သရုပ်ဆောင် အုန်းဒိုင်းနဲ့ ဒါရိုက်တာ အောင်ချမ်းလူတို့ကိုလည်း ပြီးခဲ့တဲ့သီတင်းအတွင်း ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခဲ့တယ်လို့ အခြေအနေသိရှိသူတွေက ပြောပေမဲ့ ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒါရိုက်တာ မိုက်တီး၊ ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်နဲ့ ဟာသသရုပ်ဆောင် အုန်းဒိုင်းတို့ဟာ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ ဝါဒဖြန့်ရုပ်သံဇာတ်လမ်းကို လူမှုကွန်ရက်မှာ ဝေဖန်ခဲ့ပြီးတဲ့နောက် ရွေးကောက်ပွဲ ကာကွယ်တားဆီးရေးဥပဒေနဲ့ အောက်တိုဘာလကုန်ပိုင်းမှာ ဖမ်းဆီးခံရတာဖြစ်ပါတယ်။

စစ်ကော်မရှင်ကတော့ ဒါရိုက်တာ မိုက်တီးဟာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ - က နဲ့ အရေးယူ ထောင်ချခံခဲ့ရပေမဲ့ ခံဝန်လွတ်ငြိမ်းနဲ့ ပြန်လွှတ်ပေးခဲ့တာကြောင့် ရွေးကောက်ပွဲ ကာကွယ်တားဆီးရေး ဥပဒေနဲ့အရေးယူမှာဖြစ်သလို ပြီးခဲ့တဲ့အမှုအတွက်လည်း ကျခံရန်ကျန်ရှိတဲ့ ပြစ်ဒဏ်ကိုထပ်မံကျခံရမယ်လို့ ဖမ်းဆီးချိန်တုန်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။

''ခေတ်သမိုင်းကို ဒုန်းစိုင်းမယ့်သူများ'' လို့နာမည်ပေးထားတဲ့ အဲဒီဇာတ်လမ်းကို လူမှုကွန်ရက်မှာ ဝေဖန်တဲ့ပို့စ်တွေကို React ပေးခဲ့တဲ့ ဒါရိုက်တာ ဇဗ္ဗူထွန်းသက်လွင်နဲ့ ဒါရိုက်တာ အောင်ချမ်းလူ တို့ကို စစ်တပ်က ထပ်မံ ဖမ်းဆီးတယ်လို့ စစ်ကော်မရှင်က ကြေညာပါတယ်။

စစ်ကော်မရှင်ပြည်ထဲရေးဝန်ကြီးကတော့ ဒီဇင်ဘာ ၂၈ ရက်မှာပြုလုပ်မယ့်ရွေးကောက်ပွဲကို နှောင့်ယှက်ဖို့ ကြိုးပမ်းမှုတွေကို ပြင်းပြင်းထန်ထန်အရေးယူဖို့ ပြီးခဲ့တဲ့လတွေအတွင်း ပြောထားဖူးပါတယ်။

စစ်ခေါင်းဆောင် လက်မှတ်ရေးထိုးပြဋ္ဌာန်းခဲ့တဲ့ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေနဲ့ ဖမ်းဆီးခံရသူ အရေအတွက်ဟာ ၂၀၂၅ အောက်တိုဘာလအထိစာရင်းအရ ၇၀ နီးပါးရှိပြီဖြစ်ပါတယ်။

ဥပဒေထုတ်ခဲ့တဲ့ ဇူလိုင် ၂၉ ရက်ကစလို့ အောက်တိုဘာနောက်ဆုံးပတ် ၃ လဝန်းကျင်အတွင်း စုစုပေါင်း ဖမ်းဆီးခံထားရသူ ၇၀ နီးပါးရှိပြီး အဲဒီထဲမှာ မြန်မာဒါရိုက်တာတွေအပါအဝင် အနုပညာရှင် ၅ ဦးဟာ ဖမ်းဆီးခံရပြီးတစ်လအတွင်း ထောင်ဒဏ်တွေ အသီးသီးချမှတ်ခံရတာဖြစ်ပါတယ်။

အာရှတလွှား ရေကြီးလို့ သေဆုံးသူ ၆၀၀ ကျော်လာ

အရှေ့တောင်အာရှက ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားတို့အပြင် တောင်အာရှနိုင်ငံအချို့မှာလည်း ဖြစ်နေတဲ့ရေကြီးရေလျှံမှုတွေကြောင့် သေဆုံးသူ ၆၀၀ ကျော်အထိရှိလာပါတယ်။

တောင်အာရှမှာ ၁၀ စုနှစ်တွေအတွင်း ပြင်းထန်တဲ့ မိုးရွာသွန်းမှုကြောင့် လူပေါင်းရာနဲ့ချီ သေဆုံးထားပြီး ပျောက်ဆုံးသူတွေလည်း ဒါဇင်နဲ့ ချီရှိနေပါတယ်။

အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတို့မှာ အဆိုးရွားဆုံးရေကြီးမှုတွေဖြစ်ပေါ်စေခဲ့ပြီး လူသန်းနဲ့ချီအပေါ် ရေဘေးဒဏ် သက်ရောက်စေခဲ့ပါတယ်။

အင်ဒိုနီးရှား၊ ဆူမားတြားကျွန်းမှာ ‌ရေလွှမ်းမှုကြောင့် လူပေါင်း ၃၀၀ ကျော်သေဆုံးပြီး နောက်ထပ် လူ ဒါဇင်နဲ့ချီ ပျောက်ဆုံးနေတာကြောင့် သေဆုံးသူအရေအတွက် ထပ်ပြီးမြင့်တက်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်းက မြို့ကြီးဖြစ်တဲ့ ဟတ်ယိုင်မြို့ရေကြီးမှုမှာလည်း သေဆုံးသူ ၁၇၀ ဦးအထိ ထပ်တိုးလာပြီး ဟတ်ယိုင်နဲ့အစပ် မလေးရှားဘက်ခြမ်းမှာလည်း သေဆုံးတဲ့သူတွေများတယ်လို့ အာဏာပိုင်တွေက အသီးသီးထုတ်ပြောထားကြပါတယ်။

ပြင်းထန်တဲ့ရာသီဥတုတွေကြောင့် ရေကြီးမှုအပြင် ရွှံ့မြေပြိုမှုတွေဖြစ်ခဲ့တဲ့ သီရိလင်္ကာနိုင်ငံမှာလည်း လူပေါင်း ၁၆၀ နီးပါး သေဆုံးထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ ခံစားခဲ့ရတဲ့ ဆန်ယာဆိုင်ကလုန်း အပူပိုင်းမုန်တိုင်းကြောင့် မြေပြိုမှုနဲ့ ရေလွှမ်းမိုးမှုတွေဖြစ်ခဲ့ပြီး ထောင်နဲ့ချီတဲ့ အဆောက်အအုံတွေ မြုပ်ခဲ့ပါတယ်။

ရာသီဥတုဆိုးရွာမှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေကို အဟန့်အတားဖြစ်စေခဲ့ပြီး လူထောင်ပေါင်းများစွာကို ဘေးလွတ်ရာ ရွှေ့ပြောင်းထားပေမယ့် ရာနဲ့ချီတဲ့လူတွေကို ကယ်တင်ဖို့ကျန်နေသေးတယ်လို့ အင်ဒိုနီးရှားသဘာဝဘေးအန္တရာယ်အေဂျင်စီက ပြောပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း ဆောင်ခလာ ခရိုင်မှာလည်း ရေမျက်နှာပြင်ဟာ ပင်လယ်ရေမျက်နှာပြင်ထက် ၁၀ ပေမြင့်တက်ခဲ့ပြီး ဆယ်စုနှစ်အတွင်း အဆိုးရွာဆုံးရေကြီးမှုဖြစ်ခဲ့ပါတယ်။

ထိုင်းရဲ့ ခရိုင် ၁၀ ခုမှာ ရေကြီးရေလျှံခဲ့ပြီး လူပေါင်း ၃ ဒသမ ၈ သန်းကျော် ရေဘေးဒဏ်သင့်ခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ဟတ်ယိုင်မြို့ခံတစ်ဦးကတော့ "ရေထဲမှာ ၇ နှစ်ကြာနစ်မြုပ်နေခဲ့တာ၊ ဘယ်ကယ်ဆယ်ရေးအဖွဲ့ကမှ လာမကူညီခဲ့ဘူး"ဆိုပြီး ဘီဘီစီ ထိုင်းဘာသာဌာနကို ထုတ်ပြောခဲ့ပါတယ်။

ထိုင်းအာဏာပိုင်တွေကတော့ မိသားစုဝင်တွေ ဆုံးရှုံးခဲ့ရတဲ့ အိမ်ထောင်စုတွေအတွက် ဘတ်ငွေ ၂ သန်း (ကန်‌ဒေါ်လာ ၆၂,၀၀၀) အထိ လျော်ကြေးငွေထောက်ပံ့ပေးမယ်လို့ ကြေညာထားပါတယ်။

ဟတ်ယိုင်နဲ့ အိမ်နီးချင်းမလေးရှားနိုင်ငံမှာတော့ သေဆုံးသူဦးရေ ထိုင်းလောက်မများပေမယ့် ပျက်စီးဆုံးရှုံးမှုများပါတယ်။

ရေကြီးမှုကြောင့် လူ ၂ ဦးသေဆုံးပြီး နောက်ထပ်လူဦးရေ သောင်းချီကတော့ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

အာရှတိုက်ရဲ့ တခြားနေရာတွေမှာလည်း ဆိုင်ကလုန်း ဒစ်ဝါမုန်တိုင်းဒဏ်ကြောင့် လူပေါင်း ၂၀၀ နီဂပါးသေဆုံးပြီး နောက်ထပ် ၂၀၀ ပျောက်ဆုံးနေတယ်လို့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး စင်တာက ထုတ်ပြန်ထားပါတယ်။

သီရိလင်္ကာနိုင်ငံကလည်း မကြာသေးတဲ့နှစ်တွေမှာ အဆိုးရွားဆုံး ရာသီဥတုဘေးဒုက္ခတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာကြောင့် အစိုးရကလည်း အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။

သီရိလင်္ကာနိုင်ငံမှာ ရေဘေးကြောင့် နေအိမ်ပေါင်း ၁၅,၀၀၀ ကျော် ပျက်စီးခဲ့ပြီး လူပေါင်း ၇၈,၀၀၀ ခန့်ကို ယာယီတဲတွေထဲ ရွှေ့ပြောင်းခိုင်းစေခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်ထိ နိုင်ငံရဲ့ ၃ ပုံ ၁ ပုံခန့်ဟာ နေထိုင်ရာဒေသတွေမှာ လျှပ်စစ်မီးနဲ့ သုံးရေ မရရှိသေးဘူးလို့လည်း တာဝန်ရှိသူတွေက ပြောနေကြပါတယ်။

ရွှေကုက္ကိုနယ်မြေထဲက အဆောက်အအုံ ၁၀၀ ကျော်ကို စစ်တပ် ချိပ်ပိတ်

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲက ကရင်နယ်ခြားစောင့်တပ်(BGF/ KNA)ထိန်းချုပ်ထားတဲ့ ရွှေကုက္ကိုနယ်မြေထဲက အဆောက်အအုံ ၁၀၀ ကျော်ကို တရားမဝင်အဆောက်အအုံတွေဆိုပြီး စစ်ကော်မရှင်က ချိပ်ပိတ်လိုက်ပါတယ်။

အဆောက်အအုံ ၁၃၅ လုံးရှိပြီး အဲဒီထဲက ၁၀၁ လုံးကို ချိပ်ပိတ်လိုက်တာလို့ စစ်ကော်မရှင်က နိုင်ငံပိုင်သတင်းစာကနေ နိုဝင်ဘာ ၃၀ ရက်မှာ ကြေညာပါတယ်။

စစ်တပ်က နိုဝင်ဘာ ၁၈ ရက်ကစလို့ မြဝတီမြို့ မြောက်ဘက်က ‌ရွှေကုက္ကိုနယ်မြေထဲ စစ်ဆေးနေတာဖြစ်ပြီး တရားမဝင်အဆောက်အအုံတွေကို ပြန်သုံးလို့မရအောင် ချိပ်ပိတ်လိုက်တာလို့ ဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ ‌မြဝတီမြို့တောင်ဘက်မှာရှိပြီး စစ်ကော်မရှင်တပ်က ဖြိုချရှင်းလင်းရေး လုပ်နေတဲ့ KK Park(ကေကေပါ့ခ်) နယ်မြေထဲမှာလည်း အဆောက်အအုံ ၆၃၅ လုံးထဲက အလုံး ၂၇၀ ကို ဖြိုချဖျက်စီးပြီးပြီလို့ စစ်ကော်မရှင်က ဖော်ပြပါတယ်။

KK Park ထဲက တရားမဝင်အဆောက်အအုံ ၃၀၀ နီးပါးကို စစ်တပ်က ဖောက်ခွဲဖြိုချဖျက်ဆီးမှုတွေ လုပ်နေပေမဲ့ ‌ရွှေကုက္ကိုထဲက တရားမဝင်အဆောက်အအုံတွေကိုတော့ စစ်တပ်က ချိပ်ပိတ်လိုက်တာဖြစ်ပါတယ်။

မြဝတီမြို့ခံတချို့နဲ သတင်းရင်းမြစ်တချို့ကတော့ ရွှေကုက္ကိုနယ်မြေနဲ့ စစ်တပ်ဖြိုချ ရှင်းလင်းတာတွေလုပ်နေတဲ့ KK Park မှာ ခိုအောင်းနေတဲ့ကျားဖြန့်(အွန်လိုင်းငွေလိမ်လုပ်ငန်း)အဖွဲ့တွေဟာ ဝမ်ခ၊ သဲပုံ၊ ရွှေ‌ညောင်ပင် ၂၉ ဂိတ်စတဲ့ ကျားဖြန့်လုပ်ငန်းနေရာတွေအပြင် မြို့တွင်းထဲက ကျားဖြန့်လုပ်ငန်းဆိုက်တွေထဲကိုလည်း စိမ့်ဝင်နေတယ်လို့ ပြောပါတယ်။

မြဝတီမြို့တွင်းထဲမှာလည်း ကျားဖြန့်လုပ်ငန်းဆိုက် ၆ ခုထက်မနည်း နိုဝင်ဘာ ၃၀ ရက်အထိ ဆက်လည်ပတ်နေပြီး အဲဒီဆိုက်တွေအတွက် ကျားဖြန့်လုပ်သား(အွန်လိုင်းငွေလိမ်သူ)အဖြစ် လုပ်ကိုင်ဖို့ ကမ်းလှမ်းနေတဲ့ အလုပ်ခေါ်စာတွေလည်း တယ်လီဂရန်ချန်နယ်တွေမှာ မြင်နေရဆဲဖြစ်ပါတယ်။

တောင်ဝိုင်းတောင် မြေဖြိုမှုကို ထောက်ပြတဲ့ သာသနာနွယ်ဖောင်ဒေးရှင်း ဆရာတော် ဖမ်းဆီးခံရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ဈေးကြိုရပ်ကွက်မှာရှိတဲ့ ဇေတဝန်ဘုန်းကြီးကျောင်းက သာသနာနွယ်ဖောင်ဒေးရှင်း ဆရာတော် အရှင် စန္ဒဇောတိကို နိုဝင်ဘာ ၂၇ ရက်တုန်းမှာ ဖမ်းဆီးပြီး မုပွန်ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ပါတယ်။

မော်လမြိုင်မြို့ရဲ့ အထင်ကရဖြစ်တဲ့ တောင်ဝိုင်းတောင်မှာ တောင်မြေဖြိုနေတာတွေကို အာဏာပိုင်တွေအနေနဲ့ လျစ်လျူမရှုဖို့ လူမှုကွန်ရက်ပေါ်မှာ ပြီးခဲ့တဲ့တစ်ပတ်က ဓာတ်ပုံတွေနဲ့အတူ ဆရာတော်က ရေးသားခဲ့ပါတယ်။

အဲဒီနောက် ရက်ပိုင်းအကြာမှာပဲ စစ်ကော်မရှင်က ဇေတဝန်‌ကျောင်းတိုက်အထိလာပြီး ဆရာတော် အရှင်စန္ဒဇောတိနဲ့ တပည့် ၂ ဦးကို ဝင်ရောက်ဖမ်းဆီးသွားတာလို့ ဒီအခြေအနေကိုသိတဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

"လူဝတ်လဲပြီး အမှုဖွင့်စစ်ဆေးခံနေရတယ်။ ရုတ်ရုတ်ရုတ်ရုတ်ဖြစ်ကုန်တယ်။ ဆရာတော်ကို လှူထားတဲ့ကားတွေနဲ့ ကျောင်းပိုင်အလှူငွေတွေလည်း အဖမ်းခံရတဲ့နေ့ကပဲ သိမ်းသွားတယ်" လို့ အဖမ်းခံရတဲ့အခြေအနေကိုသိတဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။

တစ်ဖက်မှာလည်း စစ်ကော်မရှင်ရဲ့ မွန်ပြည်နယ် အာဏာပိုင်အဖွဲ့တွေဟာ တောင်မြေ၊ ကျောက်မြေတွေကို လေဆိပ်သစ် စီမံကိန်းကို မြေဖို့ရာမှာ သုံးဖို့ဖြိုနေကြတာလို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြကြပါတယ်။

စစ်ကော်မရှင်ကတော့ အရှင်စန္ဒဇောတိဟာ နိုင်ငံ တည်ငြိမ်းအေးချမ်းရေးကို ပျက်ပြားအောင်ရည်ရွယ်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ်မှာ လှုံ့ဆော်၊ ဝါဒဖြန့်တာတွေ လုပ်ဆောင်ခဲ့တာကြောင့် တရားဥပဒေနဲ့အညီ ဖမ်းဆီး အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့တာလို့ သတင်းထုတ်ပြန်ပါတယ်။

မုပွန်ဒေသခံတွေကတော့ ဆရာတော်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုနေကြပြီး အာဏာပိုင်တွေရဲ့ မြေဖြိုချမှုလုပ်ဆောင်နေတဲ့အပေါ်မှာလည်း သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးတဲ့အပြင် မြေပြိုမှုနဲ့ ရေအရင်းအမြစ်တွေ ထိခိုက်လာမှာကို စိုးရိမ်နေကြတယ်လို့ မြို့ခံတချို့က ပြောပါတယ်။

မိုးကုတ်မြို့ကို စစ်တပ် ပြန်ဝင်လာပြီးတဲ့နောက် မြို့တွင်း လူသွားလူလာကျဲနေ

မန္တလေးတိုင်း၊ မိုးကုတ်မြို့ထဲကို စစ်ကော်မရှင်တပ်တွေ ဝင်လာပြီးတဲ့နောက် မရေရာတဲ့အခြေအနေတွေကြောင့် မြို့တွင်းမှာ လူသွားလူလာကျဲပါးနေတယ်လို့ မြိုခံတွေက ပြောပါတယ်။

မိုးကုတ်မြို့ကို ပြန်လည်လွှဲပြောင်းဖို့ မြို့ကိုထိန်းချုပ်ထားတဲ့ တအာင်းတပ်(TNLA)နဲ့ စစ်တပ်တို့ကြား သဘောတူညီချက်ကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ မနေ့ နိုဝင်ဘာ ၂၉ ရက် ညနေမှာ မိုးကုတ်မြို့ထဲ ကားတွေနဲ့ ပြန်လည်ဝင်ရောက်လာတာဖြစ်ပါတယ်။

"ညဦးပိုင်းမှာ စစ်ယာဉ်တန်းတွေ အလံထောင်ပြီးဝင်လာကြတာ" လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

စစ်တပ်ရဲ့ယာဉ်တန်းတွေမှာ အလံထောင်ပြီး ကားအစီးရေ ဆယ်ချီနဲ့ မိုးကုတ်မြို့ထဲ ဝင်လာတဲ့ ရုပ်သံဖိုင်လည်း လူမှုကွန်ရက်မှာ ပျံ့နှံ့ထွက်ပေါ်နေပါတယ်။

အဲဒီနောက် နိုဝင်ဘာ ၃၀ ရက် မနက်ပိုင်းကစလို့ မိုးကုတ်မြို့ပေါ်မှာ ဒေသခံတွေ မြို့တွင်းအသွားအလာကျဲပါးနေတယ်လို့ မြို့ခံတချို့က ပြောပါတယ်။

"ဈေးကြီးမှာ‌တော့ ပိတ်ထားတဲ့ဆိုင်တွေ များတယ်။ ရပ်ကွက်ဈေးလေးတွေတော့ ဖွင့်နေတယ်။ မြို့ထဲ အသွားအလာသိပ်မလုပ်ကြဘူး" လို့ မြို့ခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

တအာင်းတပ်(TNLA)နဲ့ စစ်တပ်တို့ အောက်တိုဘာလကုန်ပိုင်းမှာ အပစ်ရပ်လက်မှတ်ထိုးပြီး မိုးကုတ်မြို့ကို စစ်တပ်လက်ထဲ လွှဲမယ်လို့ ကြေညာပြီး တစ်လအကြာမှာပဲ စစ်တပ်က မိုးကုတ်မြို့ထဲ ဝင်ရောက်လာတာဖြစ်ပါတယ်။

စစ်တပ်ယာဉ်တန်းတွေ ဝင်လာတဲ့ မ‌နေ့ နိုဝင်ဘာ ၂၉ ရက်တုန်းကတော့ လုံခြုံရေးအရ TNLA က မြို့ အဝင်အထွက်လမ်းတွေကို ပိတ်ခဲ့ပြီး ဒီနေ့မှာတော့ မြို့ထဲက လမ်းမတွေ အကုန်ပြန်ပွင့်သွားပြီလို့ သတင်းရင်းမြစ်က ဆိုပါတယ်။

လက်ရှိမှာ စစ်တပ်ယာဉ်တန်းမှာပါလာတဲ့ ကားတွေကို မိုးကုတ်မြို့ အထက.၁ စာသင်ကျောင်းအနီးတဝိုက်မှာ ရပ်ထားတာတွေ့တယ်လို့ မြို့ခံတချို့က ပြောပါတယ်။

စစ်တပ်က လားရှိုးမြို့ကို ကိုးကန့်တပ်(MNDAA) လက်ထဲကနေ တရုတ်ကြားဝင်မှုနဲ့ လွှဲယူ ထိန်းချုပ်တုန်းကလည်း အခုလိုပဲ ယာဉ်တန်းတွေသုံးပြီး အင်အားအလုံးအရင်းနဲ့ ပြန်လည်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။

စစ်ကော်မရှင်ကတော့ မိုးကုတ်မြို့ထဲ အင်အားအလုံးအရင်းနဲ့ ဝင်လာတဲ့အခြေအနေနဲ့ပတ်သက်လို့ ဒီနေ့ နိုဝင်ဘာ ၃၀ ရက်နေ့လယ်ပိုင်းအထိ သတင်းမထုတ်ပြန်သေးပါဘူး။

မြန်မာဘက်က လက်နက်ကြီး မဲဆောက်မြို့နယ်ထဲ ကျရောက်ပေါက်ကွဲလို့ ၂ ဦးဒဏ်ရာရ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲက တိုက်ပွဲအတွင်း မြန်မာဘက်က လက်နက်ကြီးကျည်တချို့ ထိုင်းဘက်ခြမ်းထဲကို ဒီနေ့မနက်ပိုင်း ကျရောက်ပေါက်ကွဲမှုမှာ လူ ၂ ဦး ဒဏ်ရာရရှိတယ်လို့ ကနဦး သိရတဲ့အကြောင်း အခြေအနေသိရှိသူ သတင်းရင်းမြစ်က ပြောပါတယ်။

ဒဏ်ရာရသူတွေဟာ ကလေးငယ် တစ်ဦးနဲ့ အမျိုးသား တစ်ဦးဖြစ်ပြီး ထိုင်းရောက်မြန်မာ ရွှေ့ပြောင်းတွေလို့လည်း သူက ပြောပါတယ်။

လက်ရှိမှာတော့ ဒဏ်ရာရသူတွေဟာ မဲဆောက်မြို့နယ်"မယ့်ကိုကင်းရွာထဲက ထိုင်း ရပ်ရွာကျန်းမာရေးဆေးခန်းမှာ ဆေးကုသမှု ခံယူနေတယ်'' လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

ထိုင်း - မြန်မာနယ်စပ်၊ မြဝတီမြို့တောင်ပိုင်းက မင်းလက်ပံဒေသထဲမှာ စစ်တပ်က နယ်မြေ စိုးမိုးနိုင်ရေးအတွက် စစ်ကြောင်းတွေ ထိုးနေတာကြောင့် ကရင်တော်လှန်ရေးတပ်တွေနဲ့ကြား တိုက်ပွဲတွေ ဆက်ရှိနေတယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

ဒီနေ့မနက်ပိုင်း နယ်စပ်က အခြေအနေနဲ့ပတ်သက်ပြီး ထိုင်းစစ်တပ်က တစုံတရာ သတင်းမထုတ်ပြန်သေးပါဘူး။

ဒါပေမဲ့ အခုတစ်ကြိမ်ဟာ ထိုင်း - မြန်မာနယ်စပ်မှာ မြန်မာဘက်ခြမ်းက တိုက်ပွဲကြောင့် ထိုင်းဘက်ကို လက်နက်ကြီးကျရောက်မှုဖြစ်စဉ်ထဲ နောက်ဆုံးဖြစ်ထားတဲ့ ဖြစ်စဉ်တစ်ခုလို့ နားလည်ရပါတယ်။

နိုဝင်ဘာ ၂၂ ရက်တုန်းကလည်း မြန်မာဘက်က တိုက်ပွဲတွေအတွင်း ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေ ထိုင်းဘက်ခြမ်းကို ကျရောက်ခဲ့လို့ ထိုင်းစစ်တပ်က သတိပေးတဲ့အနေနဲ့ မြန်မာဘက်ကို ပြန်လည်ပစ်ခတ်တာတွေ လုပ်ခဲ့ပါသေးတယ်။

ဒါ့အပြင် နယ်စပ်မှာလည်း ထိုင်းစစ်တပ်က လုံခြုံရေးတိုးချပြီး စောင့်ကြပ်တာတွေ လုပ်နေပါတယ်။

မြဝတီမြို့နယ်၊ မင်းလက်ပံဒေသထဲက အွန်လိုင်းလိမ်လည်တဲ့ ကျားဖြန့် လုပ်ငန်းဆိုက်တွေကိုလည်း ကရင်အမျိုးသားအစည်းအရုံး(KNU)လက်အောက်ခံတပ်တွေက သိမ်းပိုက်ပြီး စစ်ဆေးရှင်းလင်းတာတွေ လုပ်နေဆဲဖြစ်ပါတယ်။

အလားတူ မင်းလက်ပံဒေသက KNU ထိန်းသိမ်းထားတဲ့ ကျားဖြန့်အလုပ်ရုံထဲက ကျားဖြန့်နိုင်ငံခြားသား ရာနဲ့ချီကိုလည်း နေရပ်ပြန်ရေးပို့ဆောင်ဖို့အတွက် ထိုင်းဘက်ကို လူစာရင်းပေးပို့ထားပေမဲ့ ထိုင်းဘက်က လက်မခံသေးတာကြောင့် အဲဒီရာနဲ့ချီတဲ့လူတွေဟာ သောင်ရင်းမြစ်ကမ်းဘေးမှာ သောင်တင်နေတယ်လို့ သိရပါတယ်။

မြန်မာက သံရုံးကို ပိတ်တော့မယ်လို့ ဖင်လန်နိုင်ငံအစိုးရ ကြေညာ

မြန်မာအပါအဝင် အာရှသုံးနိုင်ငံမှာ ဖွင့်ထားတဲ့ ဖင်လန်နိုင်ငံဆိုင်ရာသံရုံးတွေကို ပိတ်ဖို့ရှိတယ်လို့ ဖင်လန်နိုင်ငံအစိုးရက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ရန်ကုန်မြို့မှာရှိတဲ့ သံရုံး၊ အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့မှာရှိတဲ့သံရုံးနဲ့ ပါကစ္စတန်နိုင်ငံ အစ္စလာမာဘတ်မြို့မှာ ဖင်လန်သံရုံးတွေကို ပိတ်မယ်လို့ ဖင်လန်အစိုးရက နိုဝင်ဘာ ၂၈ ရက်မှာ သတင်းထုတ်ပါတယ်။

လက်ရှိမှာ အဲဒီနိုင်ငံတွေက သံရုံးတွေကို ပိတ်ဖို့ပြင်ဆင်နေပြီး ၂၀၂၆ ခုနှစ်မှာ ပိတ်သိမ်းသွားမယ်လို့ လည်း ဆိုပါတယ်။

သက်ဆိုင်ရာနိုင်ငံတွေမှာဖြစ်နေတဲ့ နိုင်ငံရေး ရှုပ်ထွေးမှုအခြေအနေအပြင် အဲဒီနိုင်ငံတွေနဲ့ ဖင်လန်နိုင်ငံတို့ကြား ကုန်သွယ်ရေး၊ စီးပွားရေးအပါအဝင် သံတမန်ရေး စတဲ့ကဏ္ဍတွေမှာ ကန့်သတ်ချက်တွေနဲ့ ရပ်တန့်တာတွေ ဖြစ်ပေါ်နေတာကြောင့်လို့ ဖင်လန်က ပြောပါတယ်။

ဖင်လန်နိုင်ငံရဲ့ နိုင်ငံခြားရေးနဲ့ လုံခြုံရေးမူဝါဒအပြင် အကျိုးစီးပွားတွေနဲ့ ပို့ကုန်မြှင့်တင်ရေးဆိုင်ရာလှုပ်ရှားမှုတွေရဲ့ လိုအပ်ချက်တွေကို မဟာဗျူဟာကျကျ ထည့်သွင်းစဉ်းစားသုံးသပ်ချက်တွေပေါ်မှာလည်း မူတည်ခဲ့တယ်လို့ ဆိုပါတယ်။

တဖက်မှာလည်း ဒါဟာ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မြောက်အတ္တလန္တိတ် စာချုပ်(နေတိုး)အဖွဲ့ဝင်တွေဖြစ်ကြတဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ဖင်လန်နိုင်ငံတို့ကြား မြန်မာ့အရေးနဲ့ပတ်သက်ပြီး မတူညီတဲ့ချဉ်းကပ်မှုဖြစ်လာပါတယ်။

မြန်မာက အခြေအနေတွေနဲ့အကန်အသတ်တွေကြောင့် သံရုံးပိတ်မယ်လို့ ဖင်လန်က ပြောပေမဲ့ အမေရိကန် အမိမြေ လုံခြုံရေးဝန်ကြီးဌာန(DHS) ကတော့ မြန်မာနိုင်ငံရဲ့ အ‌ခြေအနေက နေရပ်ပြန်ဖို့ ဘေးကင်းလုံခြုံပြီလို့ဆိုတဲ့အကြောင်းပြချက်တဲ့ မြန်မာတွေကို ပေးထားတဲ့ ယာယီအကာအကွယ်ပေးမှုအစီအစဉ်ကို ရုပ်သိမ်းပြီလို့ ပြီးခဲ့တဲ့သီတင်းပတ်မှာပဲ ကြေညာပါတယ်။

တဖက်မှာလည်း သံရုံးပိတ်မယ့် ဖင်လန်နိုင်ငံရဲ့အစီအစဉ်ဟာ နှစ်ပေါင်း ၇၀ ကျော်ကြာ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးမှာ ဆုတ်ယုတ်မှုတစ်ခုလည်းဖြစ်လာပါတယ်။

ဖင်လန်နိုင်ငံဟာ မြန်မာက ကလေးငယ်တွေကျောင်းတက်ခွင့်ရရှိရေးနဲ့ သက်မွေးဝမ်းကျောင်း ဘဝရပ်တည်မှုဆိုင်ရာ လှုပ်ရှားမှုတွေကို မြှင့်တင်‌ပေးခဲ့တဲ့ မိတ်ဖက်နိုင်ငံတစ်ခုဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်အတွင်း ဖင်လန်နိုင်ငံက ကုလသမဂ္ဂ(UN)ရဲ့ အစီအစဉ်တစ်ုခကနေ မြန်မာက ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၁ ခုက ရွာပေါင်း ၁၆၀ ကျော်အတွက် ပံ့ပိုးမှုတွေ ပေးခဲ့ပါတယ်။

ရပ်ရွာအခြေပြု သင်ကြားရေးစင်တာတွေနေတဲ့ စာကြည့်တိုက်တွေကနေတဆင့် ကလေးငယ်ပေါင်း ၁၄၇,၀၀၀ ဆီကို ပညာရေးအခွင့်အလမ်းတွေ ရောက်ရှိစေခဲ့တယ်လို့ ဖင်လန်နိုင်ငံခြား‌ရေး ဝန်ကြီးဌာနက ဖော်ပြခဲ့ပါတယ်။

စစ်တပ်အာဏာမသိမ်းခင် မြန်မာအတွက် Country Program ကတဆင့် ဖင်လန်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုဟာ တစ်နှစ်ကို ယူရို ၁၆ သန်းခန်း ရှိခဲ့ပြီး အာဏာသိမ်း ၃ နှစ်ကျော် ၂၀၂၄ ခုနှစ်မှာတော့ ဒီပူးပေါင်းဆောင်ရွက်မှုတွေ နိဂုံးချုပ်ခဲ့ပါတယ်။