NUG ရဲ့ အိမ်နီးချင်း မူဝါဒ ဘယ်လောက် အလုပ်ဖြစ်မလဲ

ရေးသားခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးက မြန်မာ့အိမ်နီးချင်းနိုင်ငံတွေက သူတို့အစိုးရအပေါ် တရားဝင်အသိအမှတ်မပြုသေးတာကို ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်ပါတယ်။

အိမ်နီးချင်းနဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ အရေးပါမှုကို သိနားလည်ပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းအောင် ထိန်းသိမ်း တည်ဆောက်မယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ‌ဒေါ်ဇင်မာအောင်က သြဂုတ် ၂၉ ရက်က အွန်လိုင်းကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

တရုတ်၊ အိန္ဒိယ နဲ့ ထိုင်း နိုင်ငံတို့က မြန်မာ့အရေး နဲ့ ပတ်သက်လို့ ကိုယ်စီ စိုးရိမ်ချက်တွေ ရှိနေတဲ့အတွက် NUG ဘက်က မဟာဗျူဟာကျကျ ပါးနပ်စွာ ဆက်ဆံဖို့လိုတယ်လို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။

‘’ဒီတော်လှန်ရေးက အနောက်ကနေတင်သွင်းတာလို့ ပုံဖျက်နေတာတွေရှိတယ်။ ဟိုနိုင်ငံက တင်သွင်းတာ ဒီနိုင်ငံက တင်သွင်းတာ ဆိုတာတွေက အိမ်နီးနားချင်းနိုင်ငံတွေကို စိုးရိမ်ချက်ကြီးစေပါတယ်။’’ လို့ ဝန်ကြီး ဒေါ်ဇင်မာအောင် ကပြောပါတယ်။

NUG နိုင်ငံခြားရေးမူ အနောက်မျှော်ဝါဒ လား

ပြီးခဲ့တဲ့ နှစ်နှစ်ကျော်အတွင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒ ကြိုးပမ်းချက်တွေကိုကြည့်ရင် အိမ်နီးချင်း နိုင်ငံတွေထက် အနောက်နိုင်ငံတွေ နဲ့ နီးကပ်ဖို့ ပိုပြီး အားထုတ်ခဲ့တယ် လို့ နိုင်ငံရေးအကဲခတ် တချို့က သုံးသပ်ပါတယ်။

‘’ NUG ရဲ့ နိုင်ငံခြားရေးမူဝါဒက အနောက်မျှော်ဝါဒ လို့တောင် ပြောလို့ရတယ်’’ လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက ပြောပါတယ်။

NUG နိုင်ငံခြားရေးဝန်ကြီးကတော့ ဒီပြောဆိုချက်တွေကို ငြင်းဆိုထားပြီး သူတို့က အိမ်နီးချင်းနိုင်ငံတွေကို အပြည့်အဝ အားထုတ်ဆက်ဆံခဲ့တယ် လို့ ပြောပါတယ်။

အထူးသဖြင့် တရုတ်၊ အိန္ဒိယတို့နဲ့ ဆက်ဆံရေးကောင်းအောင် အပြည့်အဝ ဆက်ဆံမှုလုပ်ခဲ့တယ် လို့ သူက ပြောပါတယ်။

NUG ရဲ့ ထုတ်ပြောမှုအရ အိန္ဒိယ မှာ ကိုယ်စားလှယ် နှစ်ဦးထားပြီး အိန္ဒိယအစိုးရနဲ့ ဆက်ဆံဖို့ ရော နယ်စပ်က ဒုက္ခသည်အရေးနဲ့ပတ်သက်လို့ပါ အတတ်နိုင်ဆုံးကူညီနိုင်ဖို့ တာဝန်ပေးထားတယ် လို့ သိရပါတယ်။

တရုတ် နိုင်ငံဆိုရင်လည်း အာဏာသိမ်းတာကို ကနဦးတုန်းက လက်မခံခဲ့ဘူး လို့ NUG က ဆိုပါတယ်။

နိုင်ငံရေးအကဲခတ် တစ်ဦးကတော့ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတာကို ပေါ်ပေါ်တင်တင် မထောက်ခံခဲ့တဲ့ တရုတ်ဟာ NUG က အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာ ကိုယ်စားလှယ်ရုံးခွဲ ဖွင့်အပြီးမှာတော့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး သဘောထားပြောင်းလာတယ်လို့ ပြောပါတယ်။

‘’ဒါက တရုတ် နဲ့ပတ်သက် လို့ NUG ရဲ့ မဟာဗျူဟာမြောက် အမှားတစ်ခုပဲ။ သူတို့ပိုပြီး ပါးနပ်ခဲ့သင့်တယ်’’ လို့ သူက သုံးသပ်ပါတယ်။

တရုတ် နယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်ထိန်းချုပ် နယ်မြေတစ်ခုထဲကို ပြီးခဲ့တဲ့နှစ်က လျှို့ဝှက်သွားရောက်ခဲ့တဲ့ NUG ကိုယ်စားလှယ်တစ်ယောက်ကို အနောက်နဲ့နီးကပ်တဲ့ အစိုးရလို့ အဲဒီလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တစ်ဦးက ပြောခဲ့ကြောင်း ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရက တရုတ်-မြန်မာ အကြား “ဆွေမျိုးပေါက်ဖော်”ဆက်ဆံရေး ချစ်ကြည်ရင်းနှီးမှုကို အလေးတမြတ် တန်ဖိုးထားလက်ခံတယ်လို့ မနှစ်က ထုတ်ပြောခဲ့ပါတယ်။

ဒါပေမဲ့ အမေရိကန် အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့် အက်ဥပဒေ (NDAA) ဥပဒေ ထဲ မြန်မာ့အရေးဖြေရှင်းဖို့ တစိတ်တပိုင်းအနေနဲ့ပါတဲ့ ဘားမားအက် - Burma Act ကို ပြဋ္ဌာန်းပြီးနောက်မှာ တရုတ်နိုင်ငံဟာ စစ်ကောင်စီ နဲ့ ဆက်ဆံရေးကို သိသိသာသာ တိုးမြှင့်လိုက်တာကို တွေ့ရပါတယ်။

NUG ဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေး သိသာစွာ မတိုးတက်လာပေမဲ့ အနောက်နိုင်ငံတွေဆီကလည်း လုံလောက်တဲ့အကူအညီ မရခဲ့ပြန်ပါဘူး။

‘’နိုင်ငံတကာရဲ့အကူအညီ ဘယ်လောက်ရပြီလဲ မေးရင် အပြောင်းအလဲဖြစ်ဖို့အထိတော့ မရသေးဘူး’’ လို့ ဒေါ်ဇင်မာအောင် က ပြောပါတယ်။

အစောပိုင်းက NUG အနေနဲ့ နိုင်ငံတကာကနေ လက်နက် အကူအညီတောင်းခဲ့ပေမဲ့ ယူကရိန်းနဲ့အခင်းအကျင်းမတူညီ တဲ့အခြေအနေရှိခဲ့တယ် လို့ သူကပြောပါတယ်။

အထူးသဖြင့် အိမ်နီးနားချင်းနိုင်ငံတွေက နွေဦးတော်လှန်ရေးဟာ သူတို့ကို ခြိမ်းခြောက်မှု မဖြစ်ဘူးဆိုတာကို သေချာစေဖို့လိုတယ် လို့ ဒေါ်ဇင်မာအောင် က ပြောပါတယ်။

အသိအမှတ်မပြုသေးတဲ့ အိမ်နီးချင်းတွေ

အိမ်နီးချင်းနိုင်ငံတွေက တရားဝင်အသိအမှတ်မပြုသေးပေမဲ့ NUG ကလည်း ဒီအခြေအနေကို တိုးတက်အောင်လုပ်ဖို့ စိတ်ပိုင်းဖြတ်ထားတယ် လို့ ဆိုပါတယ်။

‘’အခွင့်အလမ်းမှန်သမျှ ရှာဖွေပြီးတော့ အပြည့်အဝ ဆက်ဆံမှုလုပ်နေတယ်။ ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲနဲ့ ကျွန်မတို့ဘက်က engage (အဆက်အဆံ) လုပ်နေတယ်’’ လို့ အိမ်နီးချင်းနိုင်ငံတွေ နဲ့ ဆက်ဆံရေးကောင်းဖို့ ကြိုးစားအားထုတ်နေတဲ့အကြောင်းကို ဒေါ်ဇင်မာအောင် က ပြောပါတယ်။

NUG အနေနဲ့ တရုတ်နှစ်သစ်ကူးအခါသမယ၊ တရုတ်အမျိုးသားနေ့ တို့သာမက တရုတ်သမ္မတဟောင်း ကျန်ဇီမင်း ကွယ်လွန်တာကိုတောင် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့တာ တွေ့ရပါတယ်။

နှစ်နိုင်ငံဆက်ဆံရေး ပိုကောင်းလာဖို့ ၊ နွေဦးတော်လှန်ရေးရဲ့ ရည်မှန်းချက်တွေအပေါ်မှာ အိမ်နီးချင်းနိုင်ငံတွေပိုမိုထောက်ခံလာဖို့ NUG က ရည်ရွယ်ထားပါတယ်။

NUG ရဲ့ အိမ်နီးချင်းနိုင်ငံတွေ နဲ့ ဆက်ဆံရေးကောင်းအောင် တည်ဆောက်တဲ့ မူဝါဒထဲမှာ နိုင်ငံကနေစွန့်ခွာထွက်ပြေးလာကြတဲ့ မြန်မာပြည်သူတွေကို အကူအညီပေးနိုင်ရေး ဆိုတဲ့ ရည်ရွယ်ချက်လည်း ပါဝင်ပါတယ်။

‘’ကျွန်မတို့ နိုင်ငံသားတွေကို လက်ခံပေးလို့ကျေးဇူးတင်တယ်။ ကျွန်မတို့ နိုင်ငံသားတွေရဲ့ လုံခြုံရေးကို ပိုအာမခံချက်ပေးဖို့ တောင်းဆိုချင်တယ်။’’ လို့ ဝန်ကြီး ‌ဒေါ်ဇင်မာအောင်က ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ရိုဟင်ဂျာအရေးကို ဘင်္ဂလားဒေရှ့်က ဒုက္ခသည်စခန်းတွေအထိ ကွင်းဆင်းဆောင်ရွက်ဖို့ ရှိမလားဆိုတဲ့ မေးခွန်းကို သတင်းထောက် တချို့က သတင်းစာရှင်းလင်းပွဲမှာ မေးမြန်းခဲ့ပါတယ်။

မကြာသေးခင်ကမှ အဲဒီဒုက္ခသည်စခန်းတွေဆီ အမေရိကန်လွှတ်တော်ကိုယ်စားလှယ် အဖွဲ့ ရောက်သွားခဲ့တာ ကို ဥပမာပေး မေးခဲ့တာဖြစ်ပါတယ်။

NUG အနေနဲ့ က အဲဒီလို သွားရောက်ဖို့ အိမ်ရှင်နိုင်ငံရဲ့ ရပ်တည်ချက်သဘောထားက အရေးကြီးတယ် လို့ ဝန်ကြီး ‌ဒေါ်ဇင်မာအောင်က ဆိုပါတယ်။

‘’သူတို့လို လွတ်လွတ်လပ်လပ်သွားလို့မရဘူး။ အဲဒါကျွန်မတို့ရဲ့ ပကတိအခြေအနေပါ။ ဒါပေမဲ့ political will (နိုင်ငံရေးစိတ်ဆန္ဒ) ကတော့ သူတို့ထက်မလျော့ဘူး’’ လို့ ဒေါ်ဇင်မာအောင်က ပြောပါတယ်။

ယူကရိန်းအရေးကြောင့် ရိုဟင်ဂျာဒုက္ခသည်တွေအပေါ် နိုင်ငံတကာက ရန်ပုံငွေလျှော့ချဖြတ်တောက်ဖို့ စဉ်းစားနေကြတဲ့ကိစ္စအပေါ် NUG က မဖြတ်တောက်ဖို့ တိုက်တွန်းပြောကြားမှုတွေ ပြုလုပ်ခဲ့တယ်လို့ သူက ဆိုပါတယ်။

မြန်မာပြည်မှာစစ်တပ်က အာဏာသိမ်းမှုကြောင့် နိုင်ငံရေးအရ ရော စစ်ရေးအရပါ အိမ်နီးချင်း ထိုင်းနိုင်ငံကို အများဆုံး တိမ်းရှောင်ကြခဲ့ကြပါတယ်။

ထိုင်းနိုင်ငံမှာ အစိုးရအပြောင်းအလဲရှိနေပြီး ထိုင်းအစိုရသစ်နဲ့လည်း အပြည့်အဝ ဆက်ဆံသွားမယ် လို့ NUG က မူဝါဒ ချမှတ်ထားပါတယ်။

ဒါပေမဲ့ ထိုင်းနိုင်ငံကတော့ စစ်ကောင်စီ နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိနေပြီး စစ်ကောင်စီကလည်း အကျဉ်းချထားတဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန် ကို ပေးတွေ့ခဲ့ပါတယ်။

အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ နဲ့ ထိုင်း နိုင်ငံတို့က မြန်မာ့အရေး နဲ့ ပတ်သက်လို့ စိုးရိမ်ချက်ကိုယ်စီ ရှိနေတဲ့အတွက် NUG ဘက်က မဟာဗျူဟာ ကျကျ စဉ်းစား ဆက်ဆံဖို့လိုတယ် လို့ နိုင်ငံရေး အကဲခတ် ဒေါက်တာစိုင်းကြည်ဇင်စိုးက ပြောပါတယ်။

မြန်မာ စစ်အစိုးရနဲ့ စီးပွားရေးဆက်ဆံမှုတွေ ဆက်ရှိနေတဲ့ ထိုင်းနိုင်ငံပိုင် ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း PTTEP ကို ဥပဒေနဲ့အညီ ဆောင်ရွက်မယ်ဆိုတဲ့ ပြောဆိုမှုမျိုး NUG က လုပ်ခဲ့တဲ့အပေါ် သူက ဥပမာပေးပါတယ်။

နိုင်ငံတကာဆက်ဆံရေး လေ့လာစောင့်ကြည့်သူတွေကတော့ အိမ်နီးချင်းနိုင်ငံတွေက NUG ကို တရားဝင်အသိအမှတ်မပြုသလို စစ်ကောင်စီကိုလည်း အပြည့်အဝ ထောက်ခံနေတာတော့ မဟုတ်ဘူးလို့ ပြောပါတယ်။

အိမ်နီးချင်း နိုင်ငံတွေက အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို တရားဝင် ခရီးစဉ်တွေ ဖိတ်ကြားခြင်းမပြုခဲ့တာ ကို သူတို့က ထောက်ပြပါတယ်။

နိုင်ငံချင်း ဆက်ဆံရေးကို သွားနေတဲ့အတွက် အိမ်နီးချင်းနိုင်ငံတွေဟာ လက်ရှိ state institution တွေကို ချုပ်ကိုင်ထားတဲ့ စစ်ကောင်စီနဲ့ မလွှဲမရှောင်သာ ဆက်ဆံနေကြရတယ် လို့ Central European University က နိုင်ငံရေးသိပ္ပံကျောင်းဆင်း မသီရိ က‌ ပြောပါတယ်။

''အိမ်နီးချင်းတွေ NUG ဘက်ကမပါဘူးဆိုတာ NUG နိုင်လောက်မယ်လို့ မထင်သေးတာလည်း ပါမှာပါ။''လို့ မသီရိ က‌ ပြောပါတယ်။

နယ်စပ်လုံခြုံရေးပြဿနာကို တရုတ်၊ အိန္ဒိယ ရော ထိုင်းပါ စိုးရိမ်ချက်ကိုယ်စီ ရှိနေကြပြီး စစ်ကောင်စီ နဲ့ ပူးပေါင်းဖြေရှင်းနေကြပါတယ်။

အိန္ဒိယ သံအမတ်ကြီး နဲ့ တရုတ် သံအမတ်ကြီး နေပြည်တော်ကို မကြာခဏ ရောက်ကြသလို စစ်ကောင်စီဝန်ကြီးတွေလည်း တရုတ်နိုင်ငံကို အပတ်တိုင်းလိုလိုကို ခရီးစဉ်ရှိနေတာပါ။

‘’နိုင်ငံတကာဆက်ဆံရေးကတော့ အကျိုးစီးပွား အခြေပြုကြတာပါပဲ’’ လို့ မသီရိက ပြောပါတယ်။

အင်ဒိုနီးရှား နဲ့ တီမော

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အဖြစ် ဘရူနိုင်း၊ ကမ္ဘောဒီးယား နဲ့ အင်ဒိုနီးရှား သုံးနိုင်ငံက ထမ်းဆောင်ခဲ့ကြပါတယ်။

အဲဒီအထဲ အင်ဒိုနီးရှားနိုင်ငံနဲ့ ဆက်ဆံရေးအကောင်းဆုံးလို့ NUG က ဆိုပြီး အာဆီယံ ဥက္ကဋ္ဌ တာဝန်မထမ်းဆောင်တဲ့ ကာလကတည်းက ဆက်ဆံရေးကောင်းခဲ့ တာလို့ ပြောပါတယ်။

‘’အာဏာသိမ်းစက ဘန်ကောက်မှာ နိုင်ငံခြားရေးဝန်ကြီးတွေ ဆုံကြကတည်းက အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ ဖုန်းပြောခဲ့ရတယ်’’ လို့ ဒေါ်ဇင်မာအောင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုရပ်တန့်ရေး၊ ဒီမိုကရေစီပြန်လည်ဖော်ဆောင်နိုင်ရေးကို အင်ဒိုနီးရှားက တက်တက်ကြွကြွဆောင်ရွက်ခဲ့တဲ့ နိုင်ငံဖြစ်တယ် လို့ NUG က အသိအမှတ်ပြုပါတယ်။

အင်ဒိုနီးရှားဟာ NUG နဲ့ သာမက အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ နဲ့ ပါ ဘက်ပေါင်းစုံကိုတွေ့ပြီး မြန်မာ့အရေးကို တော်တော်လေး ကျေကျေညက်ညက် သိနေတယ် လို့ NUG က နားလည်ထားပါတယ်။

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှားဟာ မြန်မာ့အရေးဖြေရှင်းဖို့ဆိုပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေအပါအဝင် မြန်မာ့အရေးမှာ ပါဝင်ပတ်သက်သူတွေအားလုံးနဲ့ အကြိမ်ပေါင်း ၁၀၀ ကျော် တွေ့ဆုံဆွေးနွေးထားပြီးဖြစ်တယ်လို့ ထုတ်ပြောထားပါတယ်။

ဒါ့အပြင် မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် ချမှတ်နိုင်ခဲ့တာကလည်း အင်ဒိုနီးရှား ရဲ့ ကမကထ ပြုမှုကနေ စတင်ခဲ့တာဖြစ်ပါတယ်။

မကြာခင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အဖြစ် ပြောင်းလဲတာဝန်ယူတော့မယ့် လာအိုနိုင်ငံအနေနဲ့ အင်ဒိုနီးရှားက တည်ဆောက်ထားတဲ့ အခင်းအကျင်းကို ဆက်လက်သယ်ဆောင် ဖို့ NUG က တိုက်တွန်းတောင်းဆိုထားပါတယ်။

‘’စစ်ကောင်စီက အာဆီယံပြောစကားလည်းနားမထောင်၊ ဘယ်သူ့ပြောစကားမှ နားမထောင်နေတဲ့ အချိန်မှာ ရှိပြီးသားဟာကို နောက်ဆုတ်သွားလို့မဖြစ်ဘူး။ ဖြစ်ပြီးသားအခင်းအကျင်းတိုးတက်မှုတွေကို အစက ပြန်စဖို့ဆိုတာ မဖြစ်သင့်ပါဘူး’’ လို့ ဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။

အာဆီယံအဖွဲ့ထဲကို ဝင်ရောက်ဖို့ ကြိုးစားနေတဲ့ တီမောလက်စ်တေ နိုင်ငံကလည်း ဇူလိုင်လထဲမှာ ပြုလုပ်တဲ့ သူတို့ရဲ့ အစိုးရသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ ကို ဖိတ်ကြားခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက်ခဲ့ပါတယ်။

အကျိုးဆက်အဖြစ် စစ်ကောင်စီက ရန်ကုန်မြို့မှာရှိတဲ့ တီမောသံရုံး ယာယီတာဝန်ခံကို မြန်မာနိုင်ငံက ထွက်ခွာသွားဖို့ အကြောင်းကြားခဲ့ပါတယ်။

NUG ကတော့ နိုင်ငံတကာအသိုင်းအဝိုင်းက အစိုးရအသီးသီးအနေနဲ့ တီမောလက်စ်တေနိုင်ငံလို မြန်မာပြည်သူလူထုနဲ့အတူ ရပ်တည်ပေးပြီး မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်း ပေါ်ပြန်ရောက်အောင် ကူညီပံ့ပိုးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ပထဝီနိုင်ငံရေးကို သတိမူမိတဲ့အတွက် အိမ်နီးနားချင်းနိုင်ငံတွေ၊ ဒေသတွင်း အာဆီယံ နိုင်ငံတွေနဲ့ မြန်မာ့ဒီမိုကရေစီရေးကို အားပေးထောက်ခံတဲ့ ကမ္ဘာ့နိုင်ငံတွေနဲ့လည်း အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမယ် လို့ NUG က မူဝါဒ ချမှတ်ထားပါတယ်။

NUG နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ရည်မှန်းချက်ကတော့ စစ်ကောင်စီပြုတ်ကျရေးအတွက် နိုင်ငံတကာအနေနဲ့ ထိ‌ရောက်တဲ့ သံတမန်ရေးဖိအား၊ နိုင်ငံရေးဖိအားတွေနဲ့အတူ စစ်ကောင်စီရဲ့ စီးပွားရေးထောက်တိုင်တွေ၊ ဘဏ္ဍာငွေကြေးတွေကို ထိရောက်တဲ့ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေ ဖိအားပေးမှုတွေ ပိုမိုတိုးမြှင့်နိုင်ဖို့ ဖြစ်တယ် လို့ ဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။

အာဆီယံရဲ့ အကျိုးစီးပွားအတွက် ဒေသတွင်းတည်ငြိမ်အေးချမ်းမှုရဖို့လိုအပ်နေကြတယ် လို့ နိုင်ငံတကာအရေးလေ့လာစောင့်ကြည့်သူတွေက ရှုမြင်ပြီး NUG က ဒီအချက်အပေါ် အခြေခံပြီး ချဉ်းကပ်သင့်တယ်လို့ သုံးသပ်ကြပါတယ်။

စစ်ကောင်စီ က မြန်မာနိုင်ငံရဲ့ state institution တွေရဲ့ ပဲ့ကိုင်ဖြစ်နေသမျှ တည်ငြိမ်အေးချမ်းမှုက ဘယ်တော့မှရမှာမဟုတ်ဘူး ဆိုတဲ့ အမြင်မျိုး ကို အိမ်နီးချင်းနဲ့ ဒေသတွင်းနိုင်ငံတွေမြင်လာအောင် NUG က အားထုတ်သင့်တယ် လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ မသီရိက အကြံပြုပါတယ်။

‘’မင်းတို့ ပိုက်ဆံရှာချင်တာလား။ ရင်းနှီးမြှုပ်နှံမှု လုပ်ချင်တာလား။ ကုန်သွယ်ရေး လုပ်ချင်တာလား။ တည်ငြိမ်အေးချမ်းမှု လိုချင်တာလား။ SAC can't bring. Only we can (စစ်ကောင်စီက မလုပ်ပေးနိုင်ဘူး။ တို့ပဲ လုပ်ပေးနိုင်တယ်) ဆိုတာမျိုးပေါ့’’ လို့ သူက အကြံပြုပါတယ်။

NUG ဘက်က ဒီလိုလုပ်ပေးနိုင်တယ် ဆိုတာကို သက်သေပြနိုင်ဖို့ကလည်း ကြိုးစားအားထုတ်မှု၊ အခြေအနေပေးမှု နဲ့ အတူ အချိန်တစ်ခု စောင့်ရဦးမယ် လို့ အကဲခတ်တွေက သုံးသပ်နေကြပါတယ်။

‘’ခက်တာက စစ်ကောင်စီ က မလုပ်နိုင်ရင် မင်းကရောလုပ်နိုင်လားဆို NUG လက်ရှိအခြေအနေနဲ့က မသေချာပြန်ဘူး’’ လို့ မသီရိက သုံးသပ်ပါတယ်။