ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မိသားစုဓာတ်ပုံကို ပြင်ဆင်တည်းဖြတ်ခဲ့တယ်လို့ ဝေလမင်းသမီး ထုတ်ပြော - မတ်လ ၁၁ ရက် နိုင်ငံတကာသတင်းများ
ရာမာဒန်အစ ပထမနေ့မှာ ဂါဇာမှာ အစ္စရေးထိုးစစ်မပျက်
ဗြိတိန်နိုင်ငံရဲ့ ဝေလမင်းသမီးက တနင်္ဂနွေနေ့က ကန်ဆင်တန် နန်းတော်က ထုတ်ပြန်ခဲ့တဲ့ မိသားစု ဓာတ်ပုံတစ်ခုကို သူပြင်ဆင်တည်းဖြတ်ခဲ့ကြောင်း ထုတ်ဖော်ပြောလိုက်ပါတယ်။
အဲဒီဓာတ်ပုံဟာ ဝေလမင်းသမီး ဝမ်းဗိုက်ခွဲစိတ်မှု လုပ်ခဲ့တဲ့ ဇန်နဝါရီလကတည်းကစလို့ ပထမဆုံး ထုတ်ပြန်ခဲ့တဲ့ ဓာတ်ပုံဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဓာတ်ပုံဟာ ဒစ်ဂျစ်တယ်လ်နည်းနဲ့ ပြင်ဆင်တည်းဖြတ်မှုတွေ လုပ်ထားဖွယ်ရှိတယ်ဆိုပြီး ထိပ်တန်း သတင်းအေဂျင်စီတွေက နောက်ပိုင်းမှာ ဒီဓာတ်ပုံကို ပြန်ရုပ်သိမ်းခဲ့ပါတယ်။
ဝေလမင်းသမီးက ဓာတ်ပုံသမားအတော်များများလိုပဲ သူလည်း ဓာတ်ပုံ တည်းဖြတ်ပြင်ဆင်တာမျိုး မကြာခဏ စမ်းလုပ်လေ့ရှိတယ်လို့ သူ့ရဲ့ ဆိုရှယ်မီဒီယာ ပို့စ်တစ်ခုမှာ ထုတ်ပြောခဲ့ပါတယ်။ အဲဒီ မိသားစုဓာတ်ပုံကြောင့် လူတွေ စိတ်ရှုပ်ထွေးခဲ့ရတာအတွက် တောင်းပန်ပါတယ်လို့လည်း ဖော်ပြထားပါတယ်။
ဝေလမင်းသမီးနဲ့ သူ့သားသမီး ၃ ယောက်ပါတဲ့ အဲဒီဓာတ်ပုံကို ကြင်ရာတော် မင်းသား ဝီလျံက ရိုက်ခဲ့တာဖြစ်ပါတယ်။
ဒီကနေ့ဟာ မွတ်ဆလင်တွေရဲ့ ရာမာဒန် ဥပုသ်လအစ ပထမဆုံးနေ့ဖြစ်ပေမဲ့ ဂါဇာဒေသမှာတော့ အစ္စရေးတပ်ဖွဲ့တွေက ထိုးစစ်ဆင်မှုတွေကို ခါတိုင်းလို ဆက်လုပ်နေဆဲ ဖြစ်ပါတယ်။ ဂါဇာစီတီးမြို့က အိမ်တစ်အိမ်ကို လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်း လူ ၁၆ ဦး သေဆုံးခဲ့ပြီး လူအများအပြား ဒဏ်ရာရခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။
ဂါဇာဒေသအလယ်ပိုင်းမှာတော့ အနီးကပ် ပြောက်ကျားတိုက်ခိုက်မှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း လက်နက်ကိုင် ၁၅ ဦးကို ချေမှုန်းနိုင်ခဲ့တယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။
ဂျေရုဆလင်မြို့မှာလည်း တင်းမာမှုတွေ တိုးပွားလာနေပြီး မွတ်ဆလင်တွေရဲ့ တတိယမြောက် အထွတ်အမြတ်ထားရာ အယ်လ် အက်က်ဆာ ဗလီထဲ ဝင်ဝတ်ပြုဖို့ ကြိုးစားနေတဲ့ ပါလက်စတိုင်း လူငယ် ရာပေါင်းများစွာကို အစ္စရေးရဲတွေက တားဆီးထားပါတယ်။
ရာမာဒန် ဥပုသ်လအတွင်း မွတ်ဆလင် ဝတ်ပြုသူတွေအပေါ် ကန့်သတ်မှုတွေ လုပ်နေတာဟာ အခြေအနေကို ပေါက်ကွဲမှုကြီး ဖြစ်လာအောင် တွန်းပို့နေတာ ဖြစ်တယ်လို့ ဂျော်ဒန် နိုင်ငံခြားရေးဝန်ကြီး အေမန် ဆာဖာဒီ က ပြောပါတယ်။
ဟေတီမြို့တော်မှာ လုံခြုံရေးအခြေအနေတွေကြောင့် လူတွေ အငတ်ဘေးနဲ့ ကြုံလာနေရ
ဟေတီနိုင်ငံ မြို့တော် ပေါ်တို ပရန့်စ်မှာ လုံခြုံရေးအခြေအနေတွေ ယိုယွင်းလာနေတာနဲ့အမျှ အဲဒီမှာနေထိုင်နေတဲ့ မြို့ခံတွေအနေနဲ့ စားနပ်ရိက္ခာ ငတ်မွတ်ခေါင်းပါးလာတဲ့ အခြေအနေနဲ့ ရင်ဆိုင်လာနေရပြီလို့ WFP ကမ္ဘာ့ကျန်းမာရေး စီမံကိန်းအဖွဲ့က သတိပေးပြောကြားလိုက်ပါတယ်။
မြို့ရဲ့ နေရာအများစုကို လက်နက်ကိုင်ဂိုဏ်းအုပ်စုတွေက သိမ်းပိုက်ထားလိုက်ပြီး လေဆိပ်ကိုလည်း ပိတ်ထားရပါတယ်။ ဆိပ်ကမ်းနဲ့ အစားအသောက် စတိုးဆိုင်တွေ လုယက်ဖျက်ဆီးခံခဲ့ရတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
အကြမ်းဖက်မှုတွေကြောင့် ဟေတီနိုင်ငံသား တစ်သိန်း ခြောက်သောင်းလောက် အိုးပစ်အိမ်ပစ် ထွက်ပြေးခဲ့ကြရပြီး ပိုင်ဆိုင်မှုတွေ အားလုံး ဆုံးရှုံးခဲ့ကြရတယ်လို့ ဟေတီနိုင်ငံဆိုင်ရာ WFP ကိုယ်စားလှယ် ယန်း မာတင် ဘောင်ဝါ က ပြောပါတယ်။
ဒီကနေ့နှောင်းပိုင်းကျရင် ကယ်ရီဘီယန်းဒေသ ခေါင်းဆောင်တွေ ဟေတီနိုင်ငံရဲ့ လုံခြုံရေးအခြေအနေအကြောင်း အရေးပေါ်ဆွေးနွေးပွဲ ကျင်းပကြဖို့ ရှိပါတယ်။
ဆန္ဒပြနေတဲ့ တောင်ကိုရီးယား ဆရာဝန်တွေနေရာမှာ စစ်ဆရာဝန်တွေ အစားထိုးဖို့စီစဉ်
တောင်ကိုရီးယားနိုင်ငံမှာ ဆန္ဒပြနေကြတဲ့ အလုပ်သင်ဆရာဝန် ထောင်ပေါင်းများစွာရဲ့ နေရာမှာ အစားထိုးဖို့ တောင်ကိုရီးယားအစိုးရက စစ်ဘက်ဆိုင်ရာ ဆရာဝန်တွေကို အရပ်ဘက်ဆေးရုံတွေမှာ အလုပ်ဝင်ခိုင်းနေပါတယ်။
ဆေးကျောင်းဝင်ခွင့်ရသူ အရေအတွက်ကို အကြီးအကျယ် တိုးမြှင့်ဖို့ အစိုးရရဲ့ အစီအစဉ်ကို ကန့်ကွက်တဲ့အနေနဲ့ ပြီးခဲ့တဲ့လကတည်းက အလုပ်မဆင်းဘဲ ဆန္ဒပြနေကြတဲ့ အလုပ်သင် ဆရာဝန်တွေရဲ့ နေရာအတွက် ဆေးရုံပေါင်း ၂၀ လောက်မှာ စစ်ဘက်ဆိုင်ရာ ဆရာဝန် ၁၆၀ နီးပါး အစားထိုး အလုပ်ဝင်ကြဖို့ ရှိတယ်လို့ ကိုရီးယား ဒုတိယ ကျန်းမာရေးဝန်ကြီး ဂျွန် ဗြုန် ဝမ်းက ပြောပါတယ်။
အလုပ်ပြန်ဆင်းကြဖို့ အကြိမ်ကြိမ် သတိပေးချက်ကို မလိုက်နာခဲ့မှုအတွက် အလုပ်သင်ဆရာဝန် ၅ ထောင်လောက်ကို ဆေးကုခွင့်လက်မှတ် ဆိုင်းငံ့လိုက်တဲ့ ညွှန်ကြားစာတွေ ပို့ထားပြီး ဖြစ်တယ်လို့ သူက ပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ သက်ကြီးရွယ်အိုတွေ အလျင်အမြန် တိုးပွားလာနေတာကို ဖြေရှင်းဖို့အတွက် နောက်ထပ် ဆရာဝန်တွေ ပိုသင်တန်းပေးဖို့ လိုနေတယ်လို့ အစိုးရက ပြောနေပါတယ်။