ယူကရိန်းစစ်တနှစ်ပြည့်ခါနီး တရုတ်အဆင့်မြင့်အရာရှိဝမ်ရီ ရုရှားကိုရောက်လာ- ဖေဖော်ဝါရီ ၂၂ ညနေခင်း နိုင်ငံတကာသတင်းများ

ရေးသားခဲ့သည်။

ရုရှားသမ္မတ ပူတင်ဟာ တရုတ်နိုင်ငံခြားရေးရာအဆင့်အမြင့်ဆုံး ထိပ်တန်းအရာရှိ ဝမ်ရီကို မော်စကိုမှာ လက်ခံ တွေ့ဆုံခဲ့ပါတယ်။

ဒါဟာ တရုတ်-ရုရှား နှစ်နိုင်ငံ ဆက်ဆံရေးနီးစပ်မှုအခြေအနေကို ထပ်လောင်းအတည်ပြုလိုက်တာလည်း ဖြစ်ပါတယ်။

ယူကရိန်းကို ရုရှားက ကျူးကျော်ဝင်ရောက်ခဲ့တာ တနှစ်ပြည့်ခါနီး ရက်ပိုင်းအလိုမှာ မစ္စတာဝမ်ရီရဲ့ ရုရှား ခရီးစဉ် ထွက်ပေါ်လာတာပါ။

နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွေမှာ သူတို့ နှစ်နိုင်ငံကြား ဆက်ဆံရေးဟာ အရေးပါလှတယ်လို့ မစ္စတာ ပူတင်က တရုတ်အဆင့်မြင့် အရာရှိကို ပြောကြားခဲ့ပါတယ်။

မစ္စတာဝမ်ကတော့ သူတို့နှစ်နိုင်ငံ ဆက်ဆံရေးအပေါ် တခြားနိုင်ငံတွေက လွှမ်းမိုးလို့ မရနိုင်ပါဘူးလို့ ဆိုပါတယ်။

တရုတ်ဟာ ယူကရိန်းနဲ့ စစ်ပွဲမှာ ရုရှားကို အကြွင်းမဲ့ထောက်ခံတာမျိုးအထိ မလုပ်ဘဲ နေခဲ့ရာကနေ အခုတော့ အဲဒီ ရပ်တည်ချက် ပြောင်းသွားမလားလို့ စိုးရိမ်မှုတွေ ရှိလာပါတယ်။

တရုတ်-ဂျပန် လုံခြုံရေးအစည်းအဝေး လေးနှစ်အတွင်း ပထမဆုံးကျင်းပ

တရုတ်-ဂျပန် အဆင့်မြင့် ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲ တရပ်ကို ၄ နှစ်အတွင်း ပထမဆုံးအကြိမ် ကျင်းပခဲ့ပါတယ်။

လတ်တလော ဖြစ်ပျက်နေတဲ့ တင်းမာမှုအခြေအနေကို လျှော့ချဖို့ ကမ္ဘာ့ ဒုတိယနဲ့ တတိယ စီးပွားရေး အင်အားကြီး နှစ်နိုင်ငံ ဆွေးနွေးကြတာပါ။

လာမယ့် ၅နှစ်အတွင်း ကာကွယ်ရေးအသုံးစရိတ် နှစ်ဆတိုးမြှင့်မယ့် ဂျပန် ရဲ့ ဆုံးဖြတ်ချက်ကို တရုတ်အစိုးရက စိုးရိမ်လျက် ရှိပါတယ်။

ဂျပန်ဘက်ကလည်း ထိုင်ဝမ်ကျွန်းအရေးနဲ့ ပတ်သက်လို့ တရုတ်ရဲ့ ရန်လိုတဲ့အပြုအမူတွေတိုးလာတာအပြင် တောင်တရုတ်ပင်လယ်က ကျွန်းတွေ ပိုင်ဆိုင်မှုအရေးနဲ့ပတ်သက်လို့လည်း ပူပန်နေပါတယ်။

ဒါနဲ့ပတ်သက်လို့ ဂျပန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ရှီဂီယို ရာမာဒါ က တရုတ်-ဂျပန် ဆက်ဆံရေးမှာ စိန်ခေါ်မှုတွေ၊ ပြဿနာတွေ ရင်ဆိုင်နေရပေမဲ့ ဒါတွေကို ဖြေရှင်းလို့ရနိုင်မယ့် နည်းလမ်းအများအပြား ရှိပါတယ်၊ အရှေ့တရုတ်ပင်လယ်ပြင်က ဆင်ကာကူကျွန်းတွေတဝိုက် အခြေအနေ၊ ဂျပန်တဝိုက် တရုတ်က စစ်ရေးလှုပ်ရှားမှုတိုးလာတာနဲ့ ၊ ရုရှားနဲ့ပူးပေါင်းမှု စတာတွေအပြင် မိုးပျံပူဖောင်းကိစ္စတွေ ဆွေးနွေးစရာရှိပါတယ်၊ အရေးကြီးတာကတော့ အခုလို ဆိုင်းငံ့နေတဲ့ကိစ္စတွေကို ရင်းရင်းနှီးနှီးပွင့်ပွင့်လင်းလင်း ဆွေးနွေးကြဖို့ပါပဲလို့ မစ္စတာ ရာမာဒါက ပြောပါတယ်။

တရုတ် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ဆွန်ဝေတုန်းလည်း ကမ္ဘာကြီးဟာ စစ်အေးခေတ်က အခြေအနေမျိုး ပြန်ရောက်လာနေတယ်လို့ ဆိုပါတယ်။

တောင်ကိုရီးယားမှာ ကလေးမွေးဖွားမှု ဆက်တိုက်ကျဆင်း

ကမ္ဘာ့နိုင်ငံတွေထဲ တောင်ကိုရီးယားဟာ ကလေးမွေးဖွားမှုအနည်းဆုံး နိုင်ငံ ဖြစ်ပြီး သုံးနှစ်ဆက်တိုက် မွေးဖွားနှုန်း ကျဆင်းလျက် ရှိပါတယ်။

အခုနောက်ဆုံး အစိုးရ တရားဝင်ထုတ်ပြန်ချက်အရ မနှစ်က ကလေးမွေးမှု နှစ်သိန်းခွဲနီးပါး ရှိခဲ့ပြီး အဲဒီမတိုင်ခင်နှစ်ကတော့ နှစ်သိန်းခြောက်သောင်း ရှိတာ ဖြစ်ပါတယ်။

အလုပ်အကိုင် ရရှိမှု ၊ အိမ်စျေးကြီးမြင့်မှုနဲ့ ကလေးတယောက်ကို အရွယ်ရောက်အောင် ကြည့်ရှုစောင့်ရှောက်ရတဲ့ စရိတ်ကြီးမားမှုတွေဟာ ကလေးမွေးမှု လျော့ကျရတဲ့ အကြောင်းတွေထဲက အချက်တချို့ဖြစ်ပါတယ်။

ဖွံ့ဖြိုးတဲ့နိုင်ငံတွေကြား တောင်ကိုရီးယားဟာ လူဦးရေလျော့ကျမှု အများဆုံး တိုင်းပြည် ဖြစ်ပါတယ်။

မြောက်ကိုရီးယားမှာအစာရေစာပြတ်လို့သေဆုံးသူတွေ ရှိတယ်လို့ တောင်ကိုရီးယားပြော

မြောက်ကိုရီးယားမှာ ရိက္ခာအကူအညီတွေ လက်ခံတာဟာ အဆိပ်သင့်ချိုချဉ်လုံးစားသလိုဘဲလို့ အစိုးရမီဒီယာက ပြောပါတယ်။

ပြည်ပအကူအညီတွေဟာ မြောက်ကိုရီးယား ပြည်သူတွေကို သူတို့လက်အောက်ခံအဖြစ် သွတ်သွင်းဖို့ လုပ်တာလို့ Rodong Sinmun သတင်းစာရဲ့ အယ်ဒီတာ့အာဘော် ကဏ္ဍမှာ ဖော်ပြထားပါတယ်။

မြောက်ကိုရီးယားမှာ အစာရေစာ ပြတ်တောက်မှု ဖြစ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ ကြားက အခုလို အစိုးရအာဘော်သတင်းစာက ရေးသားတာပါ။

တောင်ကိုရီးယားကလာတဲ့ သတင်းတခုမှာတော့ မြောက်ကိုရီးယားမှာ စားနပ်ရိက္ခာပြတ်လပ်မှုတွေ လူသေဆုံးမှုတွေ စရှိလာပြီလို့ ပြောပါတယ်။

မြောက်ကိုရီးယားမှာ ရိက္ခာလျော့ကျမှု အခြေအနေ အတော်ကြာကတည်းက ဖြစ်နေပြီး ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် ခန့်မှန်းချက်အရ လူဦးရေရဲ့ ၄၀ ရာနှုန်းဟာ အာဟာရချို့တဲ့နေတယ်လို့ ဆိုပါတယ်။

ကိုဗစ် ကာလအတွင်း မြောက်ကိုရီးယားဟာ တခြားနိုင်ငံတွေနဲ့ အဆက်အသွယ်ဖြတ်တောက်ပြီး အထီးကျန်နေခဲ့တာကြောင့် ရိက္ခာပြတ်တောက်မှုအခြေအနေက ပိုဆိုးလာတာလို့ ယူဆရပါတယ်။

ဟောင်ကောင်မှာ အမေရိကန် ဒေါ်လာ ၆၀၀တန် ကူပွန်ဗောက်ချာတွေ ထောက်ပံ့ထုတ်ပေး

ဟောင်ကောင်မှာ အမြဲနေထိုင်သူ အားလုံးအပြင် အသစ်ရောက်လာသူတွေကိုပါ အစိုးရက အမေရိကန် ဒေါ်လာ ၆၀၀တန် ကူပွန်ဗောက်ချာတွေ ထုတ်ပေးခဲ့ပါတယ်။

ဒါဟာ ကိုဗစ်နိုင်တင်းကန့်သတ်ချက်တွေကြောင့် စီးပွားရေးကျဆင်းမှုအပေါ် ကုစားတဲ့အနေနဲ့ အခုလို အထောက်အပံ့တွေ ပေးအပ်တာ ဖြစ်ပါတယ်။

ဟောင်ကောင်ကျွန်းဟာ စီးပွားရေး နာလန်ထမှုအစမှာ ရောက်နေပြီလို့ ဘဏ္ဍာရေးဝန်ကြီး ပေါလ်ချန်းက ပြောပါတယ်။

အခုလို ဗောက်ချာကူပွန်တွေကို ဟောင်ကောင်မှာ အမြဲမနေထိုင်သူတွေကို မနှစ်ကစ ပထမဆုံး ထုတ်ပေးခဲ့ပေမဲ့ အဲဒီအထဲမှာ ရွှေ့ပြောင်းအလုပ်သမားတွေ ပါဝင်ခြင်းမရှိတာကြောင့် လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဝေဖန်လျက် ရှိပါတယ်။

အစိုးရကတော့ ငွေသားထောက်ပံ့ကူညီပေးဖို့ တောင်းဆိုမှုတွေကို ပယ်ချထားပြီး ကူပွန်ဗောက်ချာပေးတဲ့ စစ်က အရောင်းအဝယ်ကဏ္ဍ ၊ ဖျော်ဖြေရေး ၊ အစားအသောက်နဲ့ အဖျော်ယမကာ လုပ်ငန်းတွေ အတွက် အကျိုးဖြစ်ထွန်းစေတယ်လို့ ဆိုပါတယ်။