ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မတ်လ ၂၁ ရက် ထိပ်တန်းသတင်းများ - ထိုင်းစွမ်းအင်ကုမ္ပဏီကို စစ်ကောင်စီနဲ့ အဆက်ဖြတ်ဖို့ NUG တောင်းဆို
ပါတီမှတ်ပုံပြန်မတင်ဖို့ နဲ့ ရွေးကောက်ပွဲကိုအသိအမှတ်မပြုဖို့ NLD ကြားကာလပုံမှန်အစည်းအဝေးက ဆုံးဖြတ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယအကြိမ် ဗဟိုကော်မတီ ကြားကာလပုံမှန်အစည်းအဝေးကိုဒီကနေ့မှာ ပြုလုပ်ခဲ့ပြီး ဆုံးဖြတ်ချက် (၁၁) ချက်ကို ကန့်ကွက်သူမရှိအတည်ပြုခဲ့ပါတယ်။
ဆုံးဖြတ်ချက် ၁၁ ချက်မှာ ပါတီမှတ်ပုံပြန်မတင်မယ့်ကိစ္စ၊ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကိုအသိအမှတ်မပြုဖို့ကိစ္စ နဲ့ မကြာသေးခင်က ပါတီကနေ ပါတီဝင်တချို့ကိုထုတ်ပယ်လိုက်တဲ့ကိစ္စ တွေ ပါဝင်တယ်လို့ အစည်းအဝေးတက်ရောက်ခဲ့တဲ့ ဦးဘိုဘိုဦးကပြောပါတယ်။
‘’အာဏာသိမ်းတာကိုအသိအမှတ်မပြုဘူး။ အာဏာသိမ်းနောက်ဆက်တွဲကိစ္စတွေဖြစ်တဲ့ ပါတီမှတ်ပုံတင်ဥပဒေနဲ့ ရွေးကောက်ပွဲကော်မရှင်ဆိုင်ရာကိစ္စရပ်တွေကို အသိအမှတ်မပြုဘူးဆိုတဲ့ အထိုင်ကနေ စဥ်းစားတာ’’ လို့ ဦးဘိုဘိုဦးက ပြောပါတယ်။
ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုတိယဥက္ကဋ္ဌ ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်ရေး စဉ်ဆက်မပြတ်ကြိုးပမ်းအားထုတ်ဖို့ ဒုတိယအကြိမ် ဗဟိုကော်မတီ ကြားကာလပုံမှန်အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြတယ်လို့ NLD ပါတီက ထုတ်ပြန်ထားပါတယ်။
စစ်အာဏာရှင်အမြစ်ဖြတ်ရေးဆောင်ရွက်ရာမှာ ပါတီအကျိုးထက် ပြည်သူ့အာဏာ ပြည်သူ့ထံသို့ ပြန်လည်အပ်နှင်းနိုင်ရေးအတွက် အဓိကထားပြီး အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာမှာ တိုင်းရင်းသားလူမျိုးတွေရဲ့ ဆန္ဒတွေကို အလေးထားဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်ပါတယ်။
ဒါ့အပြင် ဆုံးဖြတ်ချက် (၁၁) ချက်ထဲမှာ ၂၀၂၁ ခုနှစ်အောက်တိုဘာ ၃၀ ရက်ကစပြီး လက်ရှိအထိ ဗဟိုအလုပ်ကော်မတီရဲ့ အစည်းအဝေးဆုံးဖြတ်ချက်တွေ၊ လုပ်ဆောင်ချက်နဲ့ ထုတ်ပြန်ကြေညာချက်တွေကို ထောက်ခံအတည်ပြုပြီး ကန့်ကွက်သူမရှိအတည်ပြုခဲ့တယ်လို့ ပါရှိပါတယ်။
ဒီကနေ့ပြုလုပ်တဲ့အစည်းအဝေးကို ပြည်နယ်နဲ့ တိုင်းအသီးသီးက အဖွဲ့ချုပ်ဗဟိုကော်မတီဝင်တွေ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေ၊ ဗဟိုအလုပ်ကော်မတီဝင်တွေ နဲ့ ဖိတ်ကြားထားတဲ့ အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
မန္တလေး ပို့ဆောင်ရေးစီမံကိန်းရုံး ဗုံးပစ်ခံရ၊ ဝန်ထမ်း ၄ ဦးဒဏ်ရာရ
မန္တလေးမြို့လယ်မှာရှိတဲ့ ပိုဆောင်ရေး နဲ့ စီမံကိန်း ဦးစီးရုံး ဗုံးနဲ့အပစ်ခံရပြီး ဒုတိယဦးစီးမှူးအပါအဝင် ၄ ဦးဒဏ်ရာရတဲ့ဖြစ်စဥ် မတ်လ ၂၀ ရက်က ဖြစ်ပွားခဲ့ပါတယ်။
အောင်စည်တော် စစ်ဆင်ရေး (မန္တလေး) က ဒါဟာ သူတို့လက်ချက်လို့ ထုတ်ပြန်ပါတယ်။
ရုံးထဲကို ဝင်သွားပြီး လက်လုပ်ဗုံးနဲ့ပစ်ခဲ့တာဖြစ်ပြီး ဝန်ထမ်းတွေနဲ့ ရုန်းရင်းဆန်ခတ်အခြေအနေဖြစ်ပွားခဲ့တဲ့အကြောင်း အောင်နန်းရိပ်သာအရှေ့ရပ်ကွက်နေ ပြည်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
‘’ဒီရုံးက ကုန်တင်ကားတွေကို လိုင်စင်ချပေးတဲ့ရုံး၊ လုံခြုံရေးမရှိဘူး။ လမ်းဘေးတင် ကပ်နေတာရုံးက’’ လို့ သူကပြောပါတယ်။
အောင်စည်တော် စစ်ဆင်ရေး အမည်နဲ့ မန္တလေးမြို့က အုပ်ချုပ်ရေးမှူးရုံးတွေနဲ့ ဌာနဆိုင်ရာရုံးတွေကို မကြာခဏဆိုသလို တိုက်ခိုက်မှုတွေလုပ်နေတယ်လို့ အဲဒီအဖွဲ့ရဲ့ ထုတ်ပြန်ကြေညာချက်တွေအရ သိရပါတယ်။
ရွှေ အလုအယက်မဝယ်ကြဖို့ ရွှေလုပ်ငန်းရှင်များအသင်း သတိပေး
ရွှေအလုအယက်မဝယ်ကြဖို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက မတ်လ ၂၀ရက်နေ့မှာ ထုတ်ပြန်အသိပေးလာပါတယ်။
ရွှေစျေးနှုန်းတည်ငြိမ်စေရေးအတွက် အရေးပေါ်အစည်းအဝေးတစ်ခုကို ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက မနေ့က ပြုလုပ်လိုက်ပြီး အခုလို သတိပေးချက်တွေ ဆက်တိုက်ထုတ်ပြန်နေပါတယ်။
အမေရိကန်က ဘဏ်တခု ဒေဝါလီခံလိုက်လို့ ကမ္ဘာရွှေစျေး တဟုန်ထိုး တက်နေတာကို အကြောင်းပြုပြီး ပြင်ပရွှေဝယ်ရောင်းတွေက ပြည်တွင်းစျေးကွက်မှာ လုယက်ဝယ်ယူတာမျိုး မပြုလုပ်ကြဖို့ ရွှေအသင်းက မနေ့က ထုတ်ပြန်ပါတယ်။
ရွှေစျေး တအားမြင့်တက်လာခဲ့ရင် အတက်အကျ မကြမ်းအောင် ထိန်းကြောင်းပေးကြဖို့ အသင်းအနေနဲ့ မနေ့ကမေတ္တာရပ်ခံခဲ့ပါတယ်။
ကမ္ဘာရွှေစျေး တက်နေတာကို အကြောင်းပြုလို့ ပြည်တွင်းမှာ ရွှေစျေးတက်လာအောင် ကောလာဟလ လွှင့်တာနဲ့ လေပတ်ကား ရောင်းတာတွေကို ရွှေစျေးကစားလိုသူတွေက လုပ်နေတယ်လို့ ဒီကနေ့မှာ ရွှေအသင်းက ဆက်လက်ထုတ်ပြန်ပါတယ်။
ရွှေစျေးမြှင့်လိုသူတွေရဲ့ ဝါဒဖြန့်မှုနောက်ကိုလိုက်ပြီး ရောင်းဝယ်ဖောက်ကားတာမလုပ်ဖို့ ရွှေအသင်းက သတိပေးပြီး ကမ္ဘာ့ရွှေစျေးနဲ့ မြန်မာ့ရွှေစျေး မချိတ်ဆက်ထားဘူးလို့ ဆိုပါတယ်။
မတ်လ ၂၁ ရက် မနက်ပိုင်း ၁၀ နာရီက ရန်ကုန်ရွှေအသင်းက အကယ်ဒမီ မီးလင်းရွှေအဖွင့်ဈေးကို တစ်ကျပ်သားကို ကျပ် နှစ်ဆယ့် သုံးသိန်း သုံးသောင်း ငါးထောင် လို့စျေးဖွင့်ပြီး ကမ္ဘာ့ရွှေဈေး ကတော့ တစ်အောင်စ ကို အမေရိကန်ဒေါ်လာ ၁၉၈၂ လို့ ထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့ ပြင်ပပေါက်စျေးကတော့ အကယ်ဒမီ မီးလင်းရွှေတစ်ကျပ်သားကို ၂၉ သိန်းကျော် နဲ့ မနေ့က စျေးပိတ်ခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းနည်းတူ မန္တလေးတိုင်းရွှေလုပ်ငန်းရှင်များအသင်းကလည်း အလားတူထုတ်ပြန်ပြောဆိုတာကို မတ်လ ၂၁ရက် ဒီကနေ့မှာ ထုတ်ပြန်ထားပါသေးတယ်။
ထိုင်းစွမ်းအင်ကုမ္ပဏီကို စစ်ကောင်စီနဲ့ အဆက်ဖြတ်ဖို့ NUG တောင်းဆို
မလိုက်နာရင် စင်္ကာပူမှာ တရားစွဲမယ်လို့ပြော
ရတနာစွမ်းအင်စီမံကိန်းနဲ့ပတ်သက်ပြီး စစ်ကောင်စီနဲ့ အဆက်ဖြတ်ဖို့ ထိုင်းစွမ်းအင်ကုမ္ပဏီ PTTEP ကို အမျိုးသားညီညွတ်ရေးအစိုးရက မတ်လ ၂၀ ရက်မှာ စာပေးပို့ပြီး တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။
စာချုပ်ပါ အချက်အလက်များကို မမှန်မကန် လိုက်နာပြီး စစ်ကောင်စီကို ပေးပို့ခဲ့တဲ့အခွန်အကောက်တွေ၊ လစဉ် အစီရင်ခံစာတွေ၊ စစ်အာဏာသိမ်းပြီးနောက် ဆက်လက်လုပ် ဆောင်ခဲ့တဲ့လုပ်ငန်းတွေအတွက် ဖြေရှင်းချက်တောင်းခံ လိုက်တာလို့ NUG ကထုတ်ပြန်ပါတယ်။
ရတနာစီမံကိန်းရန်ပုံငွေ ခွဲဝေမှုဟာ မြန်မာပြည်သူတွေ အကြမ်းဖက်သတ်ဖြတ်ခံရဖို့ အထောက်အပံ့ ဖြစ်ထွန်းလျက်ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ က ထုတ်ပြန်ပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ အရ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေကို ချက်ခြင်းရပ်ဆိုင်းဖို့ဆိုတဲ့ တောင်းဆိုချက်ကို ကိုးကားပြီး စစ်အုပ်စုဆီကို နိုင်ငံခြားငွေစီးဆင်းနေတာကို ရပ်တန့်ဖို့ အရေးတကြီး လိုအပ်တယ်လို့ NUG က ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ရတနာစီမံကိန်းအတွက် ရှေးကာလတွေမှာရှိလာမယ့် ငွေရေးကြေးရေး ပေးဆောင်မှုတွေကို အမျိုးသားညီညွတ်ရေးအစိုးရက သဘောတူ လက်ခံတဲ့ တခြားငွေစာရင်းတခုကို ဆောင်ရွက်ဖို့ NUG က ညွှန်ကြားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအနေက အရင်အစိုးရအဆက်အဆက်နဲ့ ဆက်ဆံခဲ့တဲ့ PTTEP အပေါ် ထိခိုက်စေလိုခြင်းမရှိဘဲ လက်ရှိဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို ရပ်တန့်စေလိုခြင်း မရှိဘူးလို့ NUG က ထုတ်ပြန်ပါတယ်။
PTTEP အနေနဲ့ ဒီတောင်းဆိုချက်တွေအပေါ် ပူးပေါင်းဆောင်ရွက်ခြင်း မပြုရင် စီးပွားရေးဆိုင်ရာ အငြင်းပွားမှုအဖြစ် နိုင်ငံတကာ စည်းမျဉ်း ဥပဒေတွေနဲ့အညီ စာချုပ်ပါ အတိုင်း စင်္ကာပူနိုင်ငံ အနုညာတ တရားရုံးမှာ တရားစွဲဆိုသွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ရတနာလုပ်ကွက်နဲ့ ဆက်စပ်ဓာတ်ငွေ့ သယ်ယူ ပို့ဆောင်ရေး စီမံကိန်းတွေကနေ ပြင်သစ်ကုမ္ပဏီ Total နုတ်ထွက်ခဲ့ပြီးနောက် ရှယ်ယာတွေကို PTTEP ကဆက်ခံခဲ့ပြီး အစုရှယ်ယာ ၃၇ ရာခိုင်နှုန်းကျော်အထိ ပိုင်ဆိုင်လာတယ်လို့ စစ်ကောင်စီဘက်က မနှစ်က ထုတ်ပြန်ထားပါတယ်။
ထိုင်းထီ ဘတ် ၆ သန်းကံထူးတဲ့ မြန်မာလုပ်သားက ထီလက်မှတ်ဖိုးစိုက်ပေးခဲ့သူကို ဆုကြေးခွဲဝေပေး
ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့မတ်လ ၁၆ ရက်တုန်းက ဖွင့်လှစ်ခဲ့တဲ့ အစိုးရထီဖွင့်ပွဲမှာ ပထမဆု ဘတ် ၆ သန်း (ကျပ်သိန်း ၄၈၀၀ ကျော်) ကံထူးခဲ့တဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးဟာ ထီထိုးချိန်တုန်းက လက်မှတ်ဖိုး ဖြည့်စွက်ပေးခဲ့သူကို ဆုငွေခွဲဝေပေးခဲ့တယ်လို့ သိရပါတယ်။
ကံထူးရှင်အမျိုးသားဟာ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်က ဖြစ်ပြီး ထိုင်းနိုင်ငံအလယ်ပိုင်း၊ လယောင်းမြို့က ဟိုတယ်တစ်ခုမှာ ဝန်ထမ်းအဖြစ်လုပ်ကိုင်နေသူလို့ သိရပါတယ်။
ထိုင်းငွေ ဘတ်တစ်ထောင်တန် ၁၀ စောင်တွဲ ထီထိုးချိန် ငွေမပြည့်တာကြောင့် ဘတ်ငွေအချို့ စိုက်ပေးခဲ့သူကို ထီပေါက်ရင် ဆုငွေ ခွဲပေးမယ်ဆိုတဲ့အတိုင်း ကံထူးရှင်က ခွဲပေးခဲ့တာလို့ ဆုငွေထုတ်ရာမှာ လိုက်ပါကူညီပေးသူတွေက ပြောပါတယ်။
မြန်မာပြည်သူတွေကို မမေ့သွားကြဖို့နဲ့ အကာအကွယ်ပေးဖို့ ကုလအထူးကိုယ်စားလှယ် သတိပေး
မြန်မာပြည်သူတွေဟာ သူတို့ရဲ့အခွင့်အရေးရနိုင်ဖို့အတွက် တိုက်ပွဲဝင်နေတာကို မမေ့သွားကြဖို့နဲ့ သူတို့တည်း မဟုတ်ဘဲ နိုင်ငံတကာအစိုးရတွေအနေနဲ့ မြန်မာပြည်သူတွေကို အကာအကွယ်ပေးကြဖို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအစီရင်ခံစာတင်သွင်းသူလည်းဖြစ် မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးစ်က ပြောခဲ့ပါတယ်။
မတ်လ ၂၀ ရက် တနင်္လာနေ့က ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမှာ ပြုလုပ်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၅၂ ကြိမ်မြောက်အစည်းအဝေးအတွင်းမှာ မစ္စတာ တွမ်အင်ဒရူးစ်က ပြောခဲ့တာပါ။
အရပ်ဘက်ခေါင်းဆောင်တွေဟာ ထောင်ချခံ၊ ညှဉ်းပန်းနှိပ်စက်ခံနေရသလို၊ သတင်းထောက်တွေလည်း သူတို့တာဝန်သူတို့ထမ်းဆောင်နေကြပေမယ့် ထောင်တွင်းအကျဥ်းချခံရတာတွေ ရှိနေတဲ့အချိန်မှာ စစ်ကောင်စီက ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲကို အဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ ကူညီတာမျိုးမလုပ်ကြဖို့လည်း သူကတိုက်တွန်းပါတယ်။
လူ ၃၀၀၀ ကျော် အာဏာသိမ်းပြီးကတည်းက သတ်ဖြတ်ခံထားရပြီး၊ လူဦးရေ ၁ သန်း ၃သိန်းလောက် မူလနေရာတွေကနေ တိမ်းရှောင်ထွက်ပြေးနေရသလို၊ နိုင်ငံရေး အကျဥ်းသား ၁၆၀၀၀ က စစ်တပ်ရဲ့ အကျဥ်းထောင်တွေထဲမှာဖမ်းချုပ်ခံထားရတယ်လို့လည်း သူကပြောဆိုခဲ့ပါတယ်။
တစ်နိုင်ငံလုံး လူဦးရေရဲ့ ထက်ဝက်လောက်က ဆင်းရဲတွင်းထဲကိုကျရောက်နေပြီး လူထုရဲ့ အိမ်ပေါင်း ၅၈၀၀၀ လောက်လည်း မီးရှို့ခံရတာ၊ အကြောင်းအမျိုးမျိုးနဲ့ ဖျက်ဆီးခံထားရတာကိုလည်း ထည့်သွင်း ပြောပြခဲ့ပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ နိုင်ငံကလည်းတည်ငြိမ်မှုမရှိသေးသလို၊ တရားဥပဒေစိုးမိုးမှုကလည်း ပြိုကျ ပျက်ဆီး နေသလို စစ်တပ်ရဲ့ နယ်မြေစိုးမိုးမှုတွေကလည်း လျော့ကျလာကာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လှုပ်ရှား ဆောင်ရွက်မှုတွေက ပိုတိုးလာနေလို့လည်း ပြောခဲ့ပါတယ်။
အဲဒီလိုတချိန်တည်းမှာဘဲ စစ်တပ်က လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်တာတွေ ကိုတိုးလုပ်လာတယ်လို့ သူကထောက်ပြပြောဆိုပါတယ်။
ဒီလိုဖြစ်စဥ်တွေအပေါ်ကို ကမ္ဘာနိုင်ငံခေါင်းဆောင်တွေအနေနဲ့ ကျယ်ကျယ်လောင်လောင် ဝေဖန်ပြောဆို မှုတွေနဲ့ ပိတ်ဆို့အရေးယူမှုတွေရှိခဲ့ပေမယ့် လုံလောက်ထိရောက်တဲ့ အတိုင်းအတာမျိုးတော့ မရှိသေးဘူးလို့ လည်း မစ္စတာ တွမ်အင်ဒရူးစ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
အဲဒါအပြင် အခြားအဖွဲ့ဝင်နိုင်ငံအချို့၊ အဖွဲ့စည်းလည်း လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ သတ်ဖြတ်မှုတွေကို အားပေးရာရောက်တဲ့ စစ်လက်နက်ပစ္စည်းထောက်ပံ့မှုတွေအပြင် လက်နက်တွေထုတ်လုပ်ဖို့ စစ်တပ်ကို ကူညီနေတာမျိုးတွေရှိနေပါတယ်။ ဒါကြောင့် အဲဒီလုပ်ရပ်တွေကို လုံးဝ ရပ်တံ့ပေးဖို့လည်း သူကတောင်းဆို ပါတယ်။
လူ့အခွင့်အရေးချိုးဖောက်ခံရမှု၊ ရိုဟင်ဂျာအကျပ်အတည်းနဲ့ နိုင်ငံအတွင်းအကူအညီလိုနေတဲ့ ပြည်သူတွေရဲ့ အခြေအနေနဲ့ သူတို့ကိုကူညီနိုင်ဖို့ နယ်စပ်တွေမှာအခြေစိုက်ပြီး လုပ်ဆောင်နေတဲ့ အရပ်ဖက်အဖွဲ့တွေ ထောက်ပံ့မှုမရှိလို့ ကူညီနိုင်တာမျိုးမရှိတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ဆောင်ပေးသင့်တာ တွေကို မစ္စတာ တွမ်အင်ဒရူးစ်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
ရခိုင်အမျိုးသားပါတီ မှတ်ပုံပြန်တင်
ရခိုင်ပြည်နယ်အခြေစိုက် ပါတီကြီးတစ်ခုဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ(ANP)ဟာ ပါတီပြန်လည်တည်ထောင်ဖို့ မတ်လ ၂၀ ရက်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံပြန်တင်ပါတယ်။
ပြည်ထောင်စုတဝန်းလုံးမှာစည်းရုံးတဲ့ ပါတီအဖြစ်ကနေ ရခိုင်ပြည်နယ်တစ်ခုပဲ စည်းရုံးမယ့်ပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ထားတယ်လို့ ပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှက ဘီဘီစီကိုပြောပါတယ်။
ပြည်ထောင်စုတဝန်းလုံးမှာ စည်ရုံးမယ့်ပါတီတွေအတွက် တင်းကျပ်တဲ့ကန့်သတ်ချက်တွေကြောင့် ပြည်နယ်အခြေစိုက်ပါတီအဖြစ်ပြောင်းလဲ မှတ်ပုံတင်ခဲ့တာလို့ သူကပြောပါတယ်။
ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာတွေရှိတဲ့ ရန်ကုန်တိုင်း နဲ့ ဧရာဝတီတိုင်း၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်နေရာတွေရှိတဲ့ ချင်းပြည်နယ် ပလက်ဝ လိုနေရာတွေအတွက် နည်းလမ်းသစ်တွေရှာရမယ်လို့ သူကပြောပါတယ်။
အမျိုးသားနိုင်ငံရေးအတွက် ပါတီပြန်ထောင်ဖို့ ရွေးချယ်ခဲ့ပေမယ့် ရွေးကောက်ပွဲဝင်ပြိုင်မပြိုင်ဆိုတာနဲ့ပတ်သက်လို့ စဥ်းစားချက်မရှိသေးဘူးလို့ ဦးသာထွန်းလှ ကပြောပါတယ်။
ရခိုင်အမျိုးသားပါတီဟာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲနဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွေမှာ ရခိုင်ပြည်နယ်မှာ နေရာအများဆုံးနိုင်ခဲ့တဲ့ ပါတီဖြစ်ပြီး ရခိုင်ပြည်နယ်လွှတ်တော်ကို လွှမ်းမိုးထားနိုင်ခဲ့ပါတယ်။
ရှမ်းပြည်နယ်အခြေစိုက် ပါတီကြီးဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ပါတီမှတ်ပုံပြန်မတင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။