ချင်းတွင်းမြစ်ကြောင်းက ၁၂ ရက်ကြာ တိုက်ပွဲမှာ PDF ၅ ဦး သေဆုံးတယ်လို့ဆို

ရေးသားခဲ့သည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်ထဲက ချင်းတွင်းမြစ်ကြောင်းမှာ စစ်ကောင်စီတပ်နဲ့ဖြစ်ပွားတဲ့ ၁၂ ရက်ကြာ တိုက်ပွဲတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးတယ်ဆိုပြီး အဲဒီတိုက်ပွဲမှာပါဝင်တဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ ဇန်နဝါရီလ ၂ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်တာတဲ့ စစ်တပ်ရိက္ခာတင် ဝမ်းပြားသင်္ဘောတွေကို စောင့်ကြပ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ ထိတွေ့ တိုက်ပွဲဖြစ်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က လေကြောင်းပစ်ကူတာတွေပါ ပြုလုပ်ခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ပါတယ်။

အဲဒီတိုက်ပွဲအတွင်း အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဘက်က ဆယ်နဲ့ချီသေဆုံးခဲ့သလို PDF ပူးပေါင်းအဖွဲ့တွေဘက်က ၅ ဦးသေဆုံးပြီး နောက်ထပ် ၁၀ ဦး ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ကို KLG(ကျောက်လုံးကြီးတပ်မဟာ)၊Alpha Special Force၊ Truth Of Force၊ Triple Two၊ ချင်းတွင်းဂဠုန်ရာဇာ၊ Yinmarbin Local PDF၊ Yoma Fighter PDF ၊ ဗိုလ်မုတ်ဆိတ်(တပ်ခွဲ)၊ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့၊ ဗျတ္တညီနောင်၊ ချိုမိုင်မိုင်၊ B 21 PDF၊ ချင်းတွင်းတိုက်ဂါး(LPDF)၊ ထန်းထပင်(LPDF)၊ Chindwin Tiger(PDF)၊ တို့အတူ ပူးတွဲ ပူးတွဲတိုက်ခိုက်ခဲ့တာလို့ နဂါးညီနောင်အထူးတပ်ဖွဲ့က သတင်းထုတ်ပြန်လာတာဖြစ်ပါတယ်။

ဘုရားသုံးဆူလမ်းပေါ်က တောင်စွန်း BGF စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေ သိမ်း

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊  ဘုရားသုံးဆူမြို့သွားလမ်းပေါ်က တောင်စွန်းရွာမှာရှိတဲ့ စစ်ကောင်စီလက်အောက် နယ်ခြားစောင့်တပ်(BGF)စခန်းတစ်ခုကို ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူရဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA) ပူးပေါင်းအဖွဲ့တွေက သိမ်းလိုက်တယ်လို့ သိရပါတယ်။

 ဘုရားသုံးဆူလမ်းပေါ်က တောင်စွန်း BGF စခန်း ၃ ခုထဲက ၂ ခုကို  ဒီနေ့ ဇန်နဝါရီလ ၂ ရက် မနက်အစောပိုင်းမှာ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းထားနိုင်တဲ့အကြောင်း အဲဒီတိုက်ပွဲမှာ ပါဝင်နေတဲ့ Lion Battalion Commando ဗျူဟာစစ်ကြောင်း က သတင်းထုတ်ပြန်ပါတယ်။

 စစ်ကောင်စီတပ်ဘက်က အထိအခိုက်များသလို ပူးပေါင်းအဖွဲ့တွေက ၆ ဦးခန့်လည်း ကျဆုံးတယ်ဆိုပြီး အဲဒီစစ်ကြောင်းကပြောပါတယ်။

 တိုက်ပွဲမှာ စစ်ကောင်စီဘက်က လေကြောင်းကနေ ကူပစ်ချိန် လေယာဥ်ကနေ ပစ်ခတ်တဲ့ ဗုံးစမှန်ပြီး ဒေသခံ ၄ ဦးလည်း ဒဏ်ရာရထားတယ်လို့ ဆိုပါတယ်။

 ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီးနားကနေ ဘုရားသုံးဆူမြို့ ကျေးရွာတွေဘက်အထိ သွားတဲ့ လမ်းတစ်လျှောက် စစ်ကောင်စီတပ်၊ သူ့လက်အောက် နယ်ခြားစောင့်တပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲ ဖြစ်နေတာ သီတင်း ၂ ပတ်ထဲ ဝင်လာပြီဖြစ်ပြီး ဒေသခံ ၁၅၀၀ နီးပါး စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။

ဖောက်ခွဲဖျက်ဖို့ဆီးဖို့ကြိုးစားတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ လူငယ် ၁၆ ယောက် နဲ့ ဆရာတော်တပါးဖမ်းဆီးခံရ

မန္တလေးမြို့မှာ နှစ်သစ်ကူးကာလအတွင်း ဖောက်ခွဲဖျက်ဆီးဖို့ ကြိုးစားတယ်ဆိုတဲ့စွပ်စွဲချက်နဲ့လူငယ်အချို့ဖမ်းဆီးခံထားရတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက် ညနေပိုင်းက ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်မှာ Mandalay Young Force (MYF) အဖွဲ့ဝင်တွေဖြစ်တဲ့ လူငယ် ၂ ဦးကို PVC ပိုက်နဲ့ ပြုလုပ်ထားတဲ့ လက်လုပ် ရီမုမိုင်း ၅ လုံးနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးထားသူထဲ ကတစ်ဦးရဲ့ထွက်ဆိုချက်အရ ဝက်လက် PDF အဖွဲ့က တခြားလူငယ် ၂ဦးကိုထပ်မံဖမ်းဆီးခဲ့သလို နောက်ထပ် ဆရာတော်တစ်ပါးကိုလည်း သင်္ကန်းခြင်း နဲ့ အချိုရည်ဘူးထဲလက်လုပ်မိုင်းထည့်ထားတာကို ဖမ်းဆီးရမိတယ်လို့ ဖော်ပြပါတယ်။

စစ်ကောင်စီထုတ်ပြန်ချက်ထဲ ပြည်ကြီးတံခွန်မြို့နယ်၊ ဇီးအုပ်ရပ်ကွက်မှာ ဖမ်းဆီးရမိသူတွေထဲက ၂ဦးဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ သေနတ်ကိုလုယူထွက်ပြေးဖို့ကြိုးစားတယ်လို့လည်းဖော်ပြပြီး ဒါကိုပစ်ခတ်ပစ်ခတ်ဖမ်းဆီးခဲ့ရလို့ မစိုးရိမ်ရ ဒဏ်ရာရရှိတယ်လို့ဆိုပါတယ်။

ဒါပေမဲ့ တဖက်မှာတော့ ဘီယာဆိုင်မှာ သောက်စားရင်း လူငယ်တွေ စကားများ ရန်ဖြစ်ရာက စစ်ကောင်စီတပ်တွေရောက်လာပြီး ပစ်ခတ်သွားတာဆိုတဲ့ပြောဆိုချက်တွေရှိနေလို့ ပစ်ခတ်ခံရလို့ဒဏ်ရာရတဲ့ အခြေအနေနဲ့ပတ်သက်လို့ ဘီဘီစီက သီးခြားအတည်ပြုနိုင်တာမရှိပါဘူး။

ဒါ့အပြင် ဆက်စပ်ဖမ်းဆီးရမိသူတွေ ဇန်နဝါရီ ၁ရက်အထိရှိပြီး စုစုပေါင်း ၁၆ဦးဖမ်းဆီးထားသလို အဲဒီအထဲ ဆရာတော်တပါးနဲ့ အမျိုးသမီး ၂ဦးပါဝင်နေတာပါ။

၂၀၂၂ နှစ်ကုန်ပိုင်းအထိ သတင်းသမားတွေ ဖမ်းဆီး ထောင်ချခံရမှုရှိနေ

 မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးကတည်းက သတင်းသမားနဲ့ သတင်းအလုပ်လုပ်ကိုင်သူတွေ ဖမ်းဆီးထောင်ချခံရမှုတွေရှိနေတာဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ နှစ်ကုန်ပိုင်းအထိဖြစ်ပါတယ်။

 ပြီးခဲ့တဲ့သီတင်းတစ်ပတ်တုန်းက စစ်ကောင်စီက အလိုရှိမှုနဲ့ ထွက်ပြေးတိမ်းရှောင်နေရင်း ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်ထဲက မိဘတွေနေအိမ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ အခြေစိုက် ကမ္ဘောဇတိုင်း(မ်)သတင်းဌာန အယ်ဒီတာကို ဦးကျော်ဇေယျကို ဟိုပုံးမြို့နယ်တရားရုံးမှာ ဒီနေ့ ဇန်နဝါရီလ ၂ ရက်မှာ ရုံးထုတ်မယ်လို့ နီးစပ်သူတွေထံကနေ သိရပါတယ်။

 ဦးကျော်ဇေယျဟာ စစ်တပ်က အာဏာသိမ်းပြီး တစ်လ အကြာ ၂၀၂၁ ခုနှစ်၊ မတ်လမှာ ကမ္ဘောဇတိုင်း(မ်) သတင်းဌာနက တာဝန်ခံအပါအဝင် ၄ ဦးကို စစ်ကောင်စီဘက်က ဖမ်းဆီးခဲ့တာကြောင့် ထွက်ပြေးတိမ်းရှောင်နေချိန် ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

 သူဖမ်း ဆီးခံခဲ့ရတဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ နောက်ဆုံးပတ်မှာပဲ ပဲခူးတိုင်း၊ တောင်ငူထောင်ထဲမှာ ဖမ်းဆီးခံထားရတဲ့ ဒီမိုကရက်တစ် မြန်မာ့အသံ(DVB)အလွတ်တန်းသတင်းထောက် ကိုအောင်ကျော်(ခ)ကိုမင်းမင်း၊ ကရင်ပြည်နယ်၊ မြဝတီအကျဥ်းထောင်မှာ အချုပ်ကျခံနေရတဲ့ အလွတ်တန်းသတင်းထောက် ကိုမျိုးနောင်နောင်ဇော်(ခ)နေနော်နဲ့ ရန်ကုန်မြို့က Media Top 4 သတင်းဌာန တည်ထောင်သူ ကိုသူရိန်ကျော်တို့ကို စစ်ကောင်စီလက်အောက် တရားရုံးတွေက ထောင်ဒဏ်တွေ အသီးအသီးချမှတ်ခဲ့ရပါတယ်။

 DVB အလွတ်တန်းသတင်းထောက် ကိုအောင်ကျော်ဟာ ရန်ကုန်-မန္တလေး အမြန်လမ်း ဇဟားရဲကင်းတစ်ခုကို တိုက်ခိုက်တယ်ဆိုတဲ့ စွဲချက်နဲ့ သူအပါအဝင် ၁၃ ဦးကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက်မှာ တောင်ငူခရိုင်ထောင်တွင်းတရားရုံးကနေ အကြမ်းဖက်မှု တိုက်ဖျက်ရေး ပုဒ်မ- ၅၄ နဲ့ ထောင်တစ်သက် ချမှတ်လိုက်တာဖြစ်ပါတယ်။

 မြဝတီမြို့က အလွတ်တန်းသတင်းထောက် ကိုမျိုးနောင်နောင်ဇော်ကတော့ မတည်မငြိမ်ဖြစ်အောင် လှုံ့ဆော်မှု၊ အကြမ်းမှုတိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ မြို့နယ်တရားရုံးက ထောင်ဒဏ် ၆ နှစ်ချ မှတ်ခဲ့တာလို့ သိရပါတယ်။

 Media Top 4 သတင်းဌာန တည်ထောင်သူ ကိုသူရိန်ကျော်ကိုတော့ စစ်ကောင်စီက ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်ထဲက နေအိမ်မှာ ဖမ်းဆီးခဲ့ပြီး ၁၀ လအကြာမှာ စစ်ကောင်စီတရားရုံးက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉(က)နဲ့ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ရတာဖြစ်ပါတယ်။

 စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံက အကျဥ်းထောင်တွေထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သတင်းထောက်သမား ၅၄ ဦးအထိရှိနေတယ်လို့ ထိမ်းသိမ်းခံသတင်းသမားတွေအရေးအကူအညီ ပေးနေသူတွေက ပြောပါတယ်။

တပ်မဟာ ၅ နယ်မြေထဲက စစ်ကောင်စီဝန်ထမ်းတွေ နုတ်ထွက်၊ ထွက်ခွာဖို့ KNU နောက်ဆုံးသတိပေး

ကရင်အမျိုးသားအစည်းအရုံး- ကေအဲန်ယူ တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်(မူတြော်)ခရိုင်ထဲက စစ်ကောင်စီရဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေအနေနဲ့ နုတ်ထွက်ဖို့၊ ထွက်ခွာဖို့ နောက်ဆုံးသတိပေးချက်ကို ကေအဲန်ယူဘက်က ဇန်နဝါရီလ ၁ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

 ဖာပွန်နဲ့ ကမမောင်းမြို့နယ်တို့ဟာ ကေအဲန်ယူ တပ်မဟာ ၅ ထိန်းချုပ်မှု အောက်မှာရှိတာကြောင့် အဲဒီဒေသထဲမှာ စစ်ကောင်စီလက်အောက် တာဝန်ထမ်းဆောင်နေတဲ့ မြို့နယ်၊ ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေအားလုံး ဇန်နဝါရီလ ၁၀ ရက်မှာ နောက်ဆုံးထားပြီး ရာထူးကနေ နုတ်ထွက်ဖို့နဲ့ အဲဒီဒေသတွင်းကနေ ထွက်ခွာကြဖို့ KNU ဘက်က ပြောလာပါတယ်။

 တစ်ဖက်မှာလည်း KNU ‌ရဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဟာ KNU ထိန်းချုပ်နယ်မြေထဲက စစ်တပ်စခန်းတွေ ရုပ်သိမ်းသွားစေဖို့  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တွေအပါအဝင် စစ်အာဏာ သိမ်းဆန့်ကျင်ရေးအတွက် ပြည်သူလူထုနဲ့ လက်တွဲပြီး ဖိအားပေးလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

 စစ်အာဏာသိမ်းမှုဖြစ်ပြီးကတည်းက KNU ဟာ တပ်မဟာ ၅ နယ်မြေမှာ စစ်ကောင်စီဝန်ထမ်းတွေ နုတ်ထွက်ဖို့နဲ့ ထွက်ခွာဖို့ တပ်မဟာ ၅ ဘက်က တစ်ကြိမ်ထက်မနည်း ထုတ်ပြန်ခဲ့တာရှိဖူးပါတယ်။

 KNU တပ်မဟာ ၅ ဘက်ကတော့ အခုထုတ်ပြန်ချက်ဟာ နောက်ဆုံးထုတ်ပြန်ချက်ဖြစ်လို့ လေးစား လိုက်နာဖို့၊ မလိုက်နာဘူးဆိုရင် နောက်ဆက်တွဲအခြေအနေတွေဖြစ်ပေါ်လာနိုင်တာကိုလည်း သတိပေးထားတာ တွေ့ရပါတယ်။

မြဝတီမြို့မှာ လျှပ်စစ်ဓာတ်အားပြတ်တောက်နေတာ ရက် ၂၀နီးပါးကြာလာ

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ လျှပ်စစ်ဓာတ်အားပြတ်တောက်နေတာ ရက် ၂၀နီးပါးကြာလာလို့ ‌မြို့ခံလူထုအခက်အခဲတွေဖြစ်လာတယ်လို့ ဘီဘီစီကိုပြောလာပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလလယ်ပိုင်းက မြဝတီမြို့ သင်္ဃန်းညီနောင်ရှိ လျှပ်စစ်ဓာတ်အားပေးစနစ်နဲ့ ပင်မထရန်စဖော်မာ တိုက်ခိုက်ခံခဲ့ရပြီးနောက်ဇန်နဝါရီ ၂ရက် ဒီကနေ့အထိ ရက် ၂၀ နီးပါး လျှပ်စစ်ဓာတ်အားပြတ်တောက်နေတာလို့ ဆိုပါတယ်။

လျှပ်စစ်မီးရက်ချီကြာမီးပြတ်တောက်နေလို့ လျှပ်စစ်အသုံးပြု တပိုင်တနိုင်စီးပွားရေးလုပ်ငန်းတွေ၊ သောက်သုံးရေ ရဖို့စတာတွေအတွက် အခက်တွေ့နေရသလို အခြေခံပြည်သူတွေမှာလည်း ဂက်စ်၊ ထင်း၊ မီးသွေးတို့အတွက် ငွေအပိုဆောင်းသုံးရတာနဲ့ နေ့စဥ်လူနေမှုမှာ အခက်အခဲတွေဖြစ်လာရတယ်လို့ ပြောကြပါတယ်။

'' မီးစက်သုံးပြီးနေရတယ်။ ဆိုလာသုံးရတယ်။မီးစက်ဆိုတာကလည်း ပိုက်ဆံတတ်နိုင်တဲ့သူတွေပဲ သုံးနိုင်ကြတာ။ ဖုန်းအားသွင်းတာလည်း စုရပ်မှာသွားသွင်းရတယ်။ အချိန်ကုန်တာပေါ့။ ဟင်းချက်တာတွေအတွက်လည်းပိုက်ဆံမရှိတဲ့သူတွေက မီးသွေးနဲ့ ဂက်စ်ဝယ်ရတော့ ငွေက အပိုတွေကုန်၊ မီးမလာတာလုံးဝအဆင်မပြေဘူး'' လို့ မြဝတီမြို့ခံတစ်ယောက်ကပြောပါတယ်။

မြဝတီမြို့အပြင် ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ကျုံဒိုးမြို့နယ်တွေမှာလည်းလျှပ်စစ်မီးပြတ်တောက်မှု ရင်ဆိုင်နေရတာလို့ ဒေသတွင်းသတင်းတွေကဖော်ပြထားပါတယ်။

မြဝတီမြို့ဟာ ထိုင်း - မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကကျတဲ့မြို့ဖြစ်သလို လူဦးရေ ၁သိန်းကျော်နေထိုင်နေတာလည်းဖြစ်ပါတယ်။

တော်လှန်ရေးအဖွဲ့တွေနဲ့လက်တွဲပြီး စစ်အာဏာရှင်တိုက်ထုတ်ရေးလုပ်မယ်လို့ ညီနောင် ၃ ဖွဲ့ပြော

နွေဦးတော်လှန်ရေးမှာ ပေါက်ဖွားလာ‌တဲ့ တော်လှန်ရေးအဖွဲ့ အစည်းတွေထဲက ပြည်သူထောက်ခံမှုရထားသလို တော်လှန်ရေးလည်းဆန်တဲ့ အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး စစ်အာဏာရှင်တိုက်ထုတ်ရေး လုပ်မယ်လို့ ရက္ခိုင့်တပ်တော်(AA)၊ ကိုးကန့်တပ်(MNDAA)နဲ့ တအာင်းတပ်(TNLA)တို့ ပါဝင်တဲ့ မြောက်ပိုင်း ညီနောင်သုံးဖွဲ့က ပြောလာပါတယ်။

 ဇန်နဝါရီလ ၁ရက်နေ့၊ နှစ်သစ်ကူး ထုတ်ပြန်ချက်မှာ ညီနောင် ၃ ဖွဲ့က အခုလိုပြောထားတာပါ။

ပြည်သူတစ်ရပ်မျှော်မှန်းထားသော ဘုံရည်မှန်းချက်များ ပြည့်ဝစေဖို့၊ လက်ရှိအခြေအနေကို အကောင်းဆုံးကျော်လွှားနိုင်ရန်နဲ့ စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်နိုင်ဖို့ လုပ်သင့်လုပ်ထိုက်တာတွေကို ဆက်လက်လုပ် ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။

 စစ်အာဏာသိမ်းမှုကြောင့် ဖြစ်လာတဲ့ လက်ရှိပြည်တွင်းရေးနိုင်ငံရေးစစ်ရေးမတည်ငြိမ်မှုတွေကြောင့် စစ်ဘေးဒဏ်သင့်နေတဲ့ မြန်မာပြည်သူတွေရဲ့ ခံစားနေရတဲ့ ခံစားချက်တွေကို မိမိတို့ အဖွဲ့တွေအနေနဲ့ ထပ်တူစာနားလည် ခံစားမိတယ်လို့လည်း ထည့်သွင်းပြောဆိုပါတယ်။

 ဒါကြောင့် လက်ရှိရင်ဆိုင်နေရတဲ့ ပြည်တွင်းစစ်မီးကို ဖြေရှင်းနိုင်ဖို့ နိုင်ငံအတွင်းက မြန်မာပြည်သူတွေနဲ့ စစ်အာဏာရှင်စနစ်ကိုတွန်းလှန်တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတွေက စုစည်းညီညွတ်စွာ အလုပ်လုပ်ကြဖို့လည်း လိုအပ်တယ်လို့ ညီနောင်သုံးဖွဲ့က တိုက်တွန်းပြောဆိုပါတယ်။

 နိုင်ငံကူးလက်မှတ်ပြုလုပ်ပေးမှု ရက်အကန့်အသတ်မရှိ ပိတ်

ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ စက်မှု ၁ လမ်းမကြီးမှာရှိတဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာ နိုင်ငံကူး လက်မှတ်ပြုလုပ်ပေးတာကို ရက်အကန့်အသတ်မရှိ ပိတ်ထားတယ်လို့ ရုံးနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

 နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးကတော့ နည်းပညာအဆင့်မြှင့်တင်ဖို့ အခုလိုနားထားတာဆိုပြီး ရုံးအပြင်မှာ စာကပ်ကြေညာထားတယ်လို့ ဒီနေ့ မနက်ပိုင်း ရုံးကိုရောက်ရှိသူတွေက ဘီဘီစီကို ‌ပြောပါတယ်။

 စစ်ကောင်စီဟာ  နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးအနီး လူစုလူဝေးဖြစ်တာကို ထိန်းချုပ်ဖို့ဆိုပြီး အွန်လိုင်းကနေ ကြိုတင်ရက်ချိန်းယူတဲ့ ကျူအာ စနစ်ကို ပြီးခဲ့တဲ့နှစ် မတ်လမှာ ပြောင်းလဲခဲ့ပါတယ်။

 တစ်ရက်ကို လူ ၂၅၀၀ အထိ ခွင့်ပြုပြီး ၃ လအထိ ရက်ချိန်းယူခွင့်ပြုခဲ့တာကြောင့် ပြင်ပမှာ ကျူအာကုတ်ကို တဆင့်ပြန်လည်ရောင်းချမှုတွေရှိခဲ့အပြီးမှာ ဝေဖန်မှုတွေခံနေရတဲ့ အဲဒီစနစ်ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၅ ရက်နေ့မှာ စတင်ပြီး ခေတ္တရပ် ဆိုင်းလိုက်တယ်လို့ အဲဒီရုံးဘက်က ကြေညာခဲ့ပါတယ်။

 ကာယကံရှင်ကိုယ်တိုင် ၂၄ နာရီ ပိတ်ရက်မရှိ လျှောက်ထားနိုင်ဖို့  အွန်လိုင်းဘွတ်ကင် စနစ်ကို ပြင်ဆင်ရေးဆွဲနေပြီး မကြာခင်မှာ ထုတ်ပြန်အသိပေးမယ်လို့ အစောပိုင်းက ပြောထားခဲ့တာပါ။

 ဒီအတောအတွင်း ကျူအာစနစ် မပိတ်သိမ်းခင်တုန်းက ဘွတ်ကင်ရယူထားသူတွေကို နိုင်ငံကူးလက်မှတ် ထုတ်ပေးခဲ့ပေမဲ့ အခုတော့ အခုတော့ နိုင်ငံကူးလက်မှတ်အသစ်လျှောက်ထားတာနဲ့ ထုတ်ပေးတဲ့လုပ်ငန်းစဥ်တွေကို ရပ်နားလိုက်တာဖြစ်ပါတယ်။

 အာဏာသိမ်းမှုမဖြစ်ခင်က ဝန်ဆောင်ခငွေကျပ် လေးသောင်းနီးပါးသာကျသင့်ခဲ့တဲ့ နိုင်ငံကူးလက်မှတ် ပြုလုပ်နိုင်တဲ့အခြေအနေဟာ အာဏာသိမ်းပြီးနောက်မှာ အွန်လိုင်းဘွတ်ကင်စနစ်ကနေ ကျူအာရယူရတဲ့အကန့်အသတ်တွေကြောင့် နိုင်ငံကူးလက်မှတ်ရဖို့ ငွေကျပ် လေးသိန်းကနေ ၅ သိန်း နီးပါးအထိ ကုန်ကျနေတယ်လို့ နိုင်ငံကူးလက်မှတ်ပြုလုပ်သူတွေက ဘီဘီစီကို ပြောထားပါတယ်။

လွတ်မြောက်နယ်မြေတစ်နေရာမှာ TNLAသင်တန်းဆင်းပွဲ ပြုလုပ်

ရှမ်းမြောက်၊ နမ့်ဆန်မြို့နယ်၊ တအာင်းတပ်မဟာ(၂)စစ်ဒေသ၊ လွတ်မြောက်နယ်မြေတစ်နေရာမှာ ပြုလုပ်ခဲ့တဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က အလုပ်သင်အရာရှိနဲ့ ဗိုလ်သင်တန်းဆင်းပွဲ အခမ်းအနားမြင်ကွင်းတွေဖြစ်ပါတယ်။ မနေ့ ဇန်နဝါရီ ၁ရက်က ပြုလုပ်တဲ့ ဒီသင်တန်းဆင်းပွဲကို ဒီကနေ့ သတင်းထုတ်ပြန်လာတာပါ။

သင်တန်းဆင်းပွဲကို PSLF/TNLA ဒုဥက္ကဋ္ဌ ၁ ဗိုလ်ချုပ်တားဂျုတ်ဇား၊ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော် နဲ့ TNLAစစ်ဦးစီးချုပ် တို့တက်ရောက်ခဲ့တယ်လို့သိရပါတယ်။

အလုပ်သင်အရာရှိ ကနေ အရာရှိအဆင့် ရာချီခန့်အပ်ခဲ့တဲ့ ၁ နှစ် သင်တန်းမှာ ဦးဆောင်မှုအခန်း ကဏ္ဍ ၊ စစ်သည်ကျင့်ဝတ်နဲ့ တအာင်းနိုင်ငံရေး၊စစ်ရေးအခြေအနေတွေကို ပို့ချခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန ကထုတ်ပြန်ပါတယ်။ ၃နှစ် သင်ကြားခဲ့တဲ့ဗိုလ်လောင်းသင်တန်းကနေတော့ အရာရှိအဖြစ် ၅၀ ကျော်ကို တင်မြှောက်ခဲ့တယ်လို့ ဆိုပါတယ်။

တော်လှန်ရေးအင်အားစုအသီးသီးနဲ့လက်တွဲသွားမယ်လို့ NLD ထုတ်ပြန်

ပြည်သူ့လူထုဆန္ဒနဲ့အညီ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက်တော်လှန်ရေးအင်အားစုအသီးသီးနဲ့လက်တွဲပူးပေါင်းသွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - NLD က နှစ်ကုန်သတင်းထုတ်ပြန်ချက်မှာ‌ဖော်ပြပါတယ်။

ဒါ့အပြင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူတွေအားလုံး အမြန်ဆုံးလွတ်မြောက်နိုင်ရေး၊ တရားမျှတမှုတွေဖေါ်ထုတ်နိုင်ရေးနဲ့ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေးတို့ကိုလည်းလုပ်သွားမယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာ ၃၁ရက်က အဲဒီထုတ်ပြန်ချက်ထဲ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ကို စစ်ကောင်စီတရားသူကြီးက တရားစွဲဆိုထောင်ဒဏ်တွေချမှတ်တာကို ကန့်ကွက်တဲ့သဘောလည်း‌ဖော်ပြထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - NLD ရဲ့ ပြီးခဲ့တဲ့နှစ် ဇူလိုင် ၁ရက်အထိ ဖော်ပြတဲ့စာ ရင်းတွေအရ စစ်အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံတဝန်းNLD ရုံးတွေဖျက်ဆီးခံရမှုဟာ ၁၀၆ကြိမ်ရှိပြီး လွှတ်တော်ကိုယ်စား ၁၁၉ဦး၊ ပါတီဝင် ၂၂၀ကျော်ရဲ့နေအိမ်နဲ့ပိုင်ဆိုင်မှုတွေ ချိပ်ပိတ်သိမ်းဆည်းခံရတယ်လို့ ‌ထုတ်ပြန်ထားပါတယ်။