အောက်တိုဘာ ၁၁ ရက် ထိပ်တန်းသတင်းများ - ထိုင်းသံအမတ်ဟောင်းကိုသတ်ပြီး ထွက်ပြေးသွားတဲ့လူငယ်ကို ဖမ်းပေးဖို့ ထိုင်းက မြန်မာရဲကို စာပို့

ရေးသားခဲ့သည်။

ဒိန်းမတ်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ဟောင်း အမျိုးသားကို သတ်မှုနဲ့ သံသယရှိခံရတဲ့မြန်မာလူငယ်ဟာ ထိုင်းဘက်ခြမ်းကနေ မြန်မာဘက်ခြမ်းကို တိမ်းရှောင်သွားတဲ့အတွက် ကူညီဖမ်းဆီးပြီး လွှဲပြောင်းပေးဖို့ မြို့တော်ဘန်ကောက်ရဲတပ်ဖွဲ့က မြန်မာစစ်ကောင်စီရဲတပ်ဖွဲ့ကို မနေ့က စာပို့လိုက်ပါတယ်။

စိုင်းမြတ်မိုးဆိုတဲ့ အသက် ၁၉ နှစ်အရွယ်လူငယ်ဟာ အသက် ၆၀ ကျော်အရွယ် သံအမတ်ဟောင်းကို ဘန်ကောက်မြို့၊ ချာတူချပ်အရပ်က နေအိမ်မှာ ဓားထိုးသတ်ခဲ့ပြီးနောက်မှာ ချင်းရိုင်နယ်စပ်ကနေ မြန်မာပြည်ထဲကို ဝင်သွားခဲ့တာလို့ ရဲတပ်ဖွဲ့က အောက်တိုဘာလ ၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

လုံခြုံရေးကင်မရာ ရုပ်သံမှတ်တမ်းတွေကို လေ့လာစစ်ဆေးချက်အရ စိုင်းမြတ်မိုးဟာ ငွေထုတ်စက်မှာ သံအမတ်ဟောင်းရဲ့ငွေစာရင်းအကောင့်ထဲကနေ ထိုင်းဘတ်ငွေ သောင်းချီ ထုတ်ယူသွားပြီး အဲဒီကမှတဆင့် မိုချစ် ဘတ်စ်ကားဂိတ်မှာ အဝေးပြေးကားစီးကာ ချင်းရိုင်ခရိုင်ကနေတဆင့် တာချီလိတ်မြို့ဘက်ကို တိမ်းရှောင်သွားခဲ့တယ်ဆိုပြီး ထိုင်းရဲတပ်ဖွဲ့က ပြောထားပါတယ်။

အခုတော့ သတင်းထုတ်ပြန်ပြီး နောက်တစ်ရက်မှာပဲ ဒီလူငယ်ကို တရားစွဲဆိုနိုင်ရေး ကူညီဖမ်းဆီးပေးဖို့ ဘန်ကောက်မြို့တော် ရဲတပ်ဖွဲ့က စစ်ကောင်စီရဲတပ်ဖွဲ့ဆီ စာပေးပို့လိုက်တာဖြစ်ပါတယ်။

ရှမ်းပြည်နယ်မှတ်ပုံတင်ကိုင်ထားတဲ့အဲဒီလူငယ်ဟာ တာချီလိတ်ကနေ ရန်ကုန်ကို သွားတယ်လို့ သိရတာကြောင့် ကူညီဖမ်းဆီးပေးဖို့ စာပို့တာလို့လည်း ရဲတပ်ဖွဲ့စာမှာ ဖော်ပြတာတွေ့ရပါတယ်။

ထိုင်းရဲတပ်ဖွဲ့ကတော့ သံအမတ်ဟောင်းဟာ အဲဒီနေအိမ်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်မှာ ရွှေ့ပြောင်းလာခဲ့တာဖြစ်ပြီး စိုင်းမြတ်မိုးကတော့ သံအမတ်ဟောင်းဆီမှာ စက်တင်ဘာလ ၁၉ ရက်နေ့ကစလို့ အလုပ်ဝင်လုပ်နေခဲ့တာလို့ ပြောထားပါတယ်။

ကန့်ဘလူတောင်ပိုင်း က ပေကြီးရွာ မီးရှို့ခံရပြီး ဒေသခံသောင်းချီစစ်ရှောင်နေရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တောင်ပိုင်း မှာ စစ်ကောင်စီ နဲ့ ‌ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ကြား ဒီရက်ပိုင်းဖြစ်ခဲ့တဲ့ နာရီနဲ့ ချီကြာမြင့်တဲ့ ငှက်ပျောတိုင်းရွာ‌ တိုက်ပွဲ နောက်မှာတော့ အဲဒီတဝိုက်က ရွာတွေကို စစ်ကြောင်းထိုးတာတွေ ဆက်တိုက်ရှိလာလို့ ဒေသခံသောင်းနဲ့ချီထွက်ပြေးနေရတယ်လို့ ကန့်ဘလူ အခြေအနေသိရှိသူတချို့ကပြောပါတယ်။ စစ်ကောင်စီတပ်ဟာ အောက်တိုဘာ ၁၀ ရက် မှာ ပေကြီးရွာ ကို စစ်ကြောင်းထိုးပြီး မီးရှို့သွားတယ်လို့ ဒေသခံတချို့ကပြောပါတယ်။

'' ငှက်ပျောတိုင်းမှာ သူတို့ ( စစ်ကောင်စီ) ဘက်က အထိနာတော့ ပေကြီးကို မဲပြီး မီးရှို့တာထင်တယ်။ ပေကြီးရွာ မီးရှို့ခံရတာ ပထမဆုံးပဲ။ သူတို့က စစ်ကြောင်းလှည့်ထိုးနေတာ ဒီတဝိုက်ကို ၊ အခု ရွာထဲ မဝင်ရသေးတော့ ဘယ်လောက်မီးလောင်လဲ မသိရသေးဘူး '' လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ကန့်ဘလူမြို့နယ်​တောင်ခြမ်း မြစ်ကြီးနား–​ရွှေဘိုမဟာဗျူဟာလမ်းပိုင်းရှိ ငှက်​ပျောတိုင်းရွာသစ်အနီး အထိုင်ချတပ်စွဲထား​တဲ့ စစ်​ကောင်စီပူး​ပေါင်းအဖွဲ့ နဲ့ ပြည်သူ့ကာကွယ်​ရေးပူး​ပေါင်းတပ်တို့ ကြား အောက်တိုဘာ ၉ ရက်က တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

နှစ်ဖက်ထိ​တွေ့တိုက်ပွဲအတွင်း စစ်​ကောင်စီ နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့ဘက်က အထိအခိုက်များခဲ့သလို ကာကွယ်ရေးတပ်တွေဘက်ကလည်း PDF ရဲ​ဘော်တဦး သေဆုံးခဲ့တယ်လို့ ကန့်ဘလူသတင်းတွေကိုဖော်ပြတဲ့ Infinity Group က ‌ပြောပါတယ်။ နာရီနဲ့ချီကြာတိုက်ပွဲဖြစ်ပွားတဲ့ အချိန်အတွင်း လေကြောင်းပစ်ကူ နှစ်ကြိမ် လာခဲ့တယ်လို့ဆိုပါတယ်။

စစ်​ကောင်စီတပ်ဟာ ကန့်ဘလူမြို့နယ်​တောင်ဘက်ခြမ်း ငှက်​ပျောတိုင်းရွာသစ်အနီးမှာပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်​က စတင်ကာ အထိုင်ချတပ်စွဲပြီး​နောက်အောက်တိုဘာ ၉ ရက်မှာ ပြည်သူ့ကာကွယ်​ရေးပူး​ပေါင်းတပ်တွေ နဲ့ အဲဒီမှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အဲဒီ စစ်ကြောင်းဟာ အောက်တိုဘာလ ၆ ရက်ကလည်း အင်းလယ်ကြီးရွာက စစ်ဘေးရှောင်တဲတိုက်မှာ အသက်မပြည့်သေးတဲ့ ၁၅ နှစ်အရွယ် ကလေး တစ်ဦး နဲ့ အသက် ၃၀ အရွယ် လူရွယ် နှစ်ဦး ကိုဖမ်းဆီးခဲ့ပါတယ်။ ကလေးကိုပြန်လွှတ်ခဲ့ပေမဲ့ လူရွယ် နှစ်ဦး ကတော့ သတ်ဖြတ်ခံရတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။

ကန့်ဘလူခရိုင်အတွင်းရှိ တိုက်နယ်(၈)ခုထဲက ကိုးတောင်ဘို့တိုက်နယ်၊ချပ်သင်းတိုက်နယ်၊ထန်းကုန်းတိုက်နယ်၊ ဇီးကုန်းတိုက်နယ်၊ မလည်တိုက်နယ် နဲ့ ကာဘိုးတိုက်နယ် စတဲ့ တိုက်နယ် ၆ ခုရဲ့ ကျေးရွာအများစုက ဒေသခံ နှစ်သောင်း‌ စစ်ဘေးရှောင်နေရတာ တစ်နှစ်ခွဲကျော်လာပြီလို့ ‌စစ်‌ရှောင်ကူညီသူတွေကပြောပါတယ်။

ပဲခူးမြို့ ရေပြန်ကျပေမဲ့ ကျေးရွာတွေမှာ ရေဆက်ကြီးနေပြီး အခက်အခဲတွေရှိနေ

သုံးရက်ဆက် စံချိန်တင်ရေကြီးခဲ့တဲ့ ပဲခူးမြို့မှာ ဒီကနေ့ အောက်တိုဘာ ၁၁ ရက် မနက်ပိုင်းမှာတော့ ရေအနည်းငယ်ကျဆင်းလာပြီ ဖြစ်ပေမဲ့ ပဲခူးမြို့ အပြင်ဘက် ကျေးရွာတွေဘက်မှာတော့ ‌ချောင်းရေကြီးပြီး တာကျိုးတာ ရှိလို့ ရေ‌ကြီးမှု ဆက်ရှိနေသေးတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ကိုင်သူအချို့ကပြောပါတယ်။

'' အနိမ့်ပိုင်းတွေတော့ ရေရှိနေတုန်းဘဲဗျ ။ တစ်ချို့နေရာတော့ နည်းနည်းစကျ‌နေပါပြီ။ ကူညီကယ်ဆယ်ရေးတွေဆက်လုပ်ပေးနေတုန်းပါပဲ ။ ရွာတွေ ဘက်ကိုလည်း အကူအညီပေးဖို့ပြင်နေပါတယ်'' လို့ ပဲခူးမြို့မှာ ကူညီကယ်ဆယ်ရေးလုပ်ကိုင်နေသူတစ်ဦးကပြောပါတယ်။

ပဲခူးမြို့ တောင်ခြမ်း မှာ အထက်စည်တီး ၊ အောက်စည်တီး ရွာတွေ အပါအဝင် ပဲခူးချောင်းရိုးတစ်လျှောက်ရွာတွေမှာ ရေကြီးမှုတွေ ဆက်ရှိနေတာလို့ ရွာတွေဘက်ကို ကယ်ဆယ်ရေးသွားနေတဲ့ အဖွဲ့တချို့ကပြောပါတယ်။

'' ရွာတွေဘက်က လူတွေကို မြို့ပေါ် စခန်းတွေကို လိုက်ချင်တဲ့ သူတွေဆို ပဲ့ထောင် နဲ့ ခေါ်လာပေးတယ်။ တချို့ကလည်း မလိုက်တာရှိတယ်။ အနောက်စည်တီး ၊ ပုဂံစု ၊ မြို့လေး တို့မှာချောင်းတာကျိုးတော့ လယ်တွေထဲ ရေရောက်ကုန်တော့ လယ်တွေလည်းပျက်ကြတယ် '' လို့ ပုဂံစုရွာဒေသခံတစ်ဦးကပြောပါတယ်။

လက်ရှိမှာ မိုးစပါးထွက်ဖို့ရှိတဲ့ကာလဖြစ်လို့ အခုလို လယ်တွေထဲ ရေဝင်တဲ့အတွက် ပဲခူးမြို့ နဲ့ တဝိုက် ကကျေးရွာက ‌စပါးစိုက်တောင်သူတွေ အနေနဲ့ ‌အခက်အခဲတချို့ရှိနေတယ်လို့ တောင်သူ တွေကို စိုက်ပျိုးရေးဆိုင်ရာကူညီပေးနေသူတချို့ကပြောပါတယ်။