တတိယမြောက် ချားလ်စ်ဘုရင် နိုင်ငံကို မိန့်ခွန်းပြော

ရေးသားခဲ့သည်။

ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီး ကွယ်လွန်ပြီးနောက် ဆက်ခံတဲ့ သားတော် တတိယ ချားလ်စ် ဘုရင်ဟာ လန်ဒန် ဘာကင်ဟမ် နန်းတော်ကနေ နိုင်ငံကို မိန့်ခွန်းပြောခဲ့ပါတယ်။

ဘုရင်အသစ်က သူ့မိခင်ရဲ့ ဘဝသက်တမ်းတစ်လျှောက် နိုင်ငံအကျိုးဆောင်ရွက်ခဲ့တာကို ထပ်လောင်းပြောဆိုခဲ့ပြီး ဘုရင်မကြီးရဲ့ ကြိုးပမ်းအားထုတ်မှုက ဘယ်တုန်းကမှ ယုတ်လျော့ မသွားခဲ့ဘူးလို့ ဆိုပါတယ်။

သူ့မိန်းခွန့်ထဲမှာ သားတော် ဝီလျံမင်းသားက သူ့အရင် ရယူခဲ့တဲ့ ဝေလမင်းသားဘွဲ့ကို ဆက်ခံရယူမယ်လို့ ပြောပြီး သားတော်ရဲ့ ကြင်ယာ ကက်သရင်းကလည်း ဝေလမင်းသမီး ဖြစ်လာမှာပါ။

ဘုရင်က မိန့်ခွန်းထဲမှာ သူ့ရဲ့ နောက်ထပ်သားတစ်ယောက်ဖြစ်တဲ့ ဟယ်ရီမင်းသားကိုလည်း ထည့်သွင်းပြောဆိုခဲ့ပြီး ဟယ်ရီနဲ့ ဇနီးမက်ဂန်အပေါ် သူ့ရဲ့ ချင်ခင်မှုကို ဖော်ထုတ်ပြခဲ့ပါတယ်။

ဘုရင်ရဲ့ မိန့်ခွန်းထဲမှာ သူ့မိခင် ဘုရင်မကြီးက သူနဲ့ သူတို့ မိသားစုအတွက် လေးစားအားကျဖွယ် ဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပြီး "ချစ်ရတဲ့ မေမေ"လို့ သူ့မိခင်ကို မိန့်ခွန်းအဆုံးသတ်မှာ ခေါ်ဝေါ်ခဲ့ပါတယ်။

မိန့်ခွန်း ပြောဆိုမှု မတိုင်ခင်က ဘုရင်နဲ့ ကြင်ယာတော် မိဖုရားတို့ဟာ နန်းတော် အပြင်ဘက်မှာ ရောက်ရှိနေကြတဲ့ လူထုကြီးကို နှုတ်ဆက်ခဲ့ကြပါတယ်။

ဘုရင်မကြီးဟာ စကော့တလန်က ဘယ်လ်မော်ရယ်လ် စံအိမ်မှာ အသက် ၉၆ အရွယ်မှာ ငြိမ်းငြိမ်းချမ်းချမ်း ကွယ်လွန်သွားခဲ့တာပါ။

လန်ဒန် စိန့်ပေါ ဘုရားကျောင်းမှာတော့ ဘုရင်မကြီးရဲ့ အောက်မေ့ဖွယ်နဲ့ ဆုတောင်းဝတ်ပြုပွဲကို ပြုလုပ်ခဲ့ပြီး ဝန်ကြီးချုပ် လစ်ဇ် ထရပ်စ် တက်ရောက်ပြီး ကျမ်းစာရွတ်ဖတ်ခဲ့ပါတယ်။

စိန့်ပေါဘုရားကျောင်းမှာ ပြုလုပ်တဲ့ ဆုတောင်းပွဲ အခမ်းအနားကို ဘုရင်ကို ဘုရားသခင်က စောင့်ရှောက်ပါစေလို့ ရွတ်ဆို အဆုံးသတ်ခဲ့ပါတယ်။

အရင်က ဘုရင်မကြီးလို့ သုံးစွဲခဲ့ရာက အခုလို ဘုရင်ကို စောင့်ရှောက်ပါစေလို့ အဲဒီစကားလုံး သုံးနှုန်းမှုဟာ ဘုရင်မကြီးရဲ့ နန်းသက် ၇၀ ကျော် ကြာပြီးနောက် ပထမဆုံး သုံးစွဲမှု ဖြစ်လာပါတယ်။

အစောပိုင်းမှာတော့ ဝန်ကြီးချုပ်ဟာ နန်းတော်ကို သွားရောက်ပြီး ဘုရင်အသစ်ကို လူကိုယ်တိုင် တွေ့ဆုံခဲ့ပါတယ်။

ဘုရင်မကြီးလက်ထက်တစ်လျှောက်မှာ သူဟာ သူ့ရဲ့  ဝန်ကြီးချုပ်တွေနဲ့ အပတ်စဥ် တွေ့ဆုံမှု လုပ်ခဲ့တဲ့ အစဥ်အလာ ကျင့်သုံးခဲ့ပါတယ်။